ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုရလဒ် သဘောတူညီမှုများအား လက်တွေ့ အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များက သုံးသပ်ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ချဉ်းကပ်ပုံသည် ပျော့ပျောင်းပြီး နည်းလမ်းမှန်ကန်ကြောင်း၊ သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့်လည်း တစ်ဖက်မှ ကမ်းလှမ်းမှုအား ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းမှာပင် ကောင်းမွန်သည့် အခြေအနေဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာ (ဒေါက်တာတူးဂျာ)က ပြောကြားသည်။“သမ္မတကြီးနဲ့ တွေ့တဲ့အခါ သူတို့ပြောဆိုတဲ့ စကားတွေကော၊ တပ်ချုပ်နဲ့တွေ့တဲ့ အချိန်မှာ ပြောတဲ့ စကားတွေကော ဒါတွေ အားလုံးချုံပြီး ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် အပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။ အဲဒီတော့ အဲဒီမှာ အရေးကြီးတာ လက်တွေ့လုပ်ဆောင်သွားတဲ့ နေရာမှာ ဒါ လက်တွေ့ကျကျ စဉ်းစားပြီးတော့ လုပ်ဆောင်သွားရင် အကောင်းဆုံးပဲ” ဟု ဦးမနာမ်တူးဂျာက ပြောကြားသည်။ထို့ပြင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရရှိအောင် တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားအရေး အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် NCA လက်မှတ် ရေးထိုးရေးတွင်လည်း အဖွဲ့အစည်းအားလုံး ပါဝင်လာရေး ရှေ့ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့နောက် စားပွဲဝိုင်းဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ အဆိုပါ ကိစ္စများ ဖြစ်မြောက်ရေးအတွက် ယခု တွေ့ဆုံမှုများကဲ့သို့ လက်တွဲဆောင်ရွက်မည် ဆိုပါက များစွာအကျိုးရှိမည်ဟု သုံးသပ်ကြောင်း ၎င်းက ဆိုသည်။“ဆွေးနွေးမှုက ရလာတဲ့ သဘောတူညီချက်တွေအတိုင်း တစ်သမတ်တည်း တောက်လျှောက်ဖြစ်သွားဖို့ပဲ မျှော်လင့်တယ်။ အဲဒီလို ဖြစ်သွားမယ် ဆိုရင်တော့ အာဏာလွှဲပြောင်းရေးဟာ ရှောရှောရှူရှူနဲ့ ပြီးမြောက်သွားမယ့်သဘော ရှိတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ အထစ်အငေါ့တွေ မရှိဖို့တော့ အရေးကြီးတယ်။ ဘာလို့လဲဆိုရင် အာဏာလွှဲဖို့က နှစ်လကျော် သုံးလလောက် ကျန်သေးတယ်လေ။ ဒီကြားထဲမှာ ဘာတွေပေါ်လာဦးမလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ရှောရှောရှူရှူ ဖြစ်ဖို့ပဲ မျှော်လင့်တယ်။ ဖြစ်လည်းဖြစ်စေချင်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် မကြာမကြာ ထုတ်ဖော်ပြောတဲ့ တိုင်းရင်းသားတွေကိုလည်း မပစ်ထားဘူးပေါ့လေ။ အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မပစ်ထားဘူး ဆိုတာလည်း ကျွန်တော်တို့က ကြိုဆိုတယ်ပေါ့ဗျာ။ အဲဒီအတိုင်း ဖြစ်ဖို့ကိုပဲ မျှော်လင့်တယ်။ အစိုးရဘက်က နောက်ကြောင်း မပြန်ဖို့ပေါ့။ ကျွန်တော်တို့က အဓိက အဲဒါပဲ စိုးရိမ်တယ်” ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ထို့အတူ ယခုဆွေးနွေးမှုမှတစ်ဆင့် အချိန်အတိုင်းအတာ တစ်ခုတွင် တိုင်းရင်းသား ကိုယ်စားလှယ်များလည်း ဆွေးနွေးမှု၌ ပါဝင်လာနိုင်ပါက တိုင်းရင်းသားများတွင် ရှိနေသည့် သံသယစိတ်များ ရှင်းလင်းကာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက်ရာတွင် ပြေလည်မှု အတိုင်းအတာ တစ်ခုထိ ရရှိနိုင်လိမ့်မည်ဟု မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးနိုင်ငွေသိန်းက သုံးသပ်ပြောကြားသည်။“လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်းပဲ ပြီးပြတ်မှုက မရှိသေးဘူး။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကလည်းပဲ ပြေလည်မှု ရပါ့မလား ဆိုတာကိုလည်း ကျွန်တော် တွက်တယ်လေ။ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိခဲ့တဲ့အပြင် စီးပွားရေးပြဿနာကော၊ လူမှုရေး ပြဿနာ ကော ရှိတဲ့ဟာတွေနဲ့ ဖြေရှင်းဖို့ အတွက်ဆိုတော့ အဆင်ပြေပါ့မလား ဆိုတာဟာတော့ သံသယ ရှိတာပေါ့။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က အားလုံးခြုံငုံပြီးတော့ လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတော့ ရှိတော့ပေါ့ဗျာ။ တိုင်းရင်းသား အမြင်နဲ့ ပုဂ္ဂိုလ်အရ ပြောမယ်ဆိုရင် ဒါကျွန်တော်တို့ အမြင်ကျဉ်းမြောင်းတာတော့ မဟုတ်ဘူး။ ဗမာ၊ ဗမာချင်း တွေ့တဲ့ အခါကျတော့ တစ်မျိုးပေါ့ဗျာ။ ကျွန်တော် ပုဂ္ဂိုလ်ရေးအရ ရင်ထဲကပါ။ တိုင်းရင်းသားကတော့ ဗမာတွေအပေါ် သံသယ အမြဲရှိတယ်ဗျ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်လည်း ဗမာပဲ၊ ဦးရွှေမန်းလည်း ဗမာပဲ၊ ဦးသိန်းစိန်လည်း ဗမာပဲ၊ ဦးမင်းအောင်လှိုင်လည်း ဗမာပဲဆိုတော့ ဗမာ၊ ဗမာချင်း တွေ့တဲ့ အခါကျတော့ အရင်က ကျွန်တော်တို့ တွေ့ကြုံခဲ့ဖူးတယ်။ ဗမာ၊ ဗမာချင်းတွေ့မယ်ဆိုရင် တိုင်းရင်းသား မျှော်လင့်တာထက်ကို တစ်မျိုးတစ်မည် ဖြစ်သွားတဲ့ အနေအထားမျိုး ဖြစ်မလားလို့ စိတ်ထဲကပေါ့။ အခု အသေးစိတ်ကတော့ ကျွန်တော်တို့က ဘာဆွေးနွေးကြတယ်။ ဘာပြောကြတယ်။ ဘာအစီအစဉ် ချကြလဲဆိုတာ ကျွန်တော်တို့ မသိဘူးလေ။ ယေဘုယျအားဖြင့်ပဲ သိတယ်။ အဲဒီ သံသယတော့ တိုင်းရင်းသားတွေမှာ ဒီသံသယ ရှိတယ်” ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက်၌ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောင်ပေါ်ပေါက်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ် ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိစေရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် ယခင်က အစဉ်အလာ မရှိခဲ့သေးသည့် နိုင်ငံတော် အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်း တစ်ခုကို ထူထောင်ရန်အတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ထို့အတူ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒကို အလေးထား၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံ သဘောတူညီမှုများအား လက်တွေ့ အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များ ပြောကြား















