မန္တလေးမြို့ရှိ အဆီချလုပ်ငန်းတစ်ခုတွင် အသက် ၂၁ အရွယ် ဝန်ထမ်း မိန်းကလေးတစ်ဦးအား ခွေးလှောင်အိမ်အတွင်း အိပ်စက် နေထိုင်စေခြင်း အပါအဝင် ညှဉ်းပန်း နှိပ်စက်ခံရမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက မန္တလေးမြို့ ၇၅ လမ်း၊ ၃၅_၃၆ လမ်းကြားရှိ 88 Cafe တွင် ပြုလုပ်ခဲ့သည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၂၇_၂၈ လမ်းကြားတွင် ဖွင့်လှစ်ထားသည့် ပန်ဒိုရာ အမျိုးသမီးအဆီချလုပ်ငန်းတွင် အမျိုးသမီးငယ်တစ်ဦးကို ရွှေဆွဲကြိုး ခိုးယူသည်ဟုဆိုကာ ရိုက်နှက်ခြင်း၊ သုံးညဆက်တိုက် မအိပ်စက်စေဘဲ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခွေးလှောင်အိမ်အတွင်း ခွေးများနှင့်အတူ အိပ်စက်စေခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် အမှတ် ၃ ရဲစခန်းတွင် ပြင်းထန်စွာ နာကျင်စေမှုဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဖြစ်စဉ်ကို လိုက်ပါ ကူညီ ဆောင်ရွက်နေသူ ဒေါ်အမာနီက ပြောကြားသည်။
“အခုလို ညှဉ်းပန်း နှိပ်စက် ခံနေရတာကို ကူညီပေးဖို့ ပြင်ဦးလွင်က မိတ်ဆွေတစ်ယောက်က ပြောလို့ ပန်ဒိုရာ အဆီချလုပ်ငန်းကို သံဃာတော်တွေ၊ ရပ်ကွက်လူကြီးတွေနဲ့ သွားပေမယ့် မိန်းကလေးကို အတွေ့မခံဘဲ ထုတ်လည်းမပေးဘူး။ နောက်ဆုံးအမှတ် ၃ ရဲစခန်း ရောက်ပြီးမှ ကလေးမလေးကို နိုဝင်ဘာ ၂၈ ရက်မှာ ကယ်ထုတ်နိုင်ခဲ့တာပါ”ဟု ဒေါ်အမာနီက ပြောကြားသည်။
ညှဉ်းပန်း နှိပ်စက်ခံရသည့် မိန်းကလေးမှာ သပိတ်ကျင်းမြို့နယ်မှဖြစ်ပြီး ၎င်းအဆီချ လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်နေသည်မှာ နှစ်နှစ်ခွဲခန့် ရှိပြီဖြစ်ကြောင်း၊ စတင်အလုပ်ဝင်စဉ်က တစ်လလျှင် ၄၀၀၀၀ ကျပ်ဖြင့် တစ်နှစ်နှင့် လေးလရရှိခဲ့ပြီး လက်ရှိတွင် ၇၀၀၀၀ ခန့် ရရှိသည်ဟု သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ညှဉ်းပန်း နှိပ်စက်ခံရသူ မဇာလီဝင်း၏ အဖေဖြစ်သူ ဦးပိုလှက “ကျွန်တော့်သမီး နေထိုင်ခဲ့တဲ့ နှစ်တွေအတွင်းမှာ သူတို့ဆီက ရရှိငွေက ၁၁ သိန်း နှစ်သောင်းကျပ်ပါ။ အဲဒီငွေကလည်း အလီလီ ထုတ်ယူခဲ့တာ။ နောက်ဆုံးသူတို့ဆီကိုသွားပြီး သမီးကို ပြန်ခေါ်ချင်တယ် ပြောတော့ သမီးနဲ့လည်း မတွေ့ရပါဘူး။ တွေ့ခွင့်လည်း မပေးပါဘူး။ အကြိမ်ကြိမ် တောင်းဆိုတော့မှ ခင်ဗျားသမီးက ရွှေဆွဲကြိုး ခိုးထား တယ်ဆိုပြီး လျော်ကြေး ၁၃ သိန်း ပေးရမယ် ပြောတော့တာ”ဟု ပြောကြားသည်။
“ခုလို ရိုက်နှက်တာက ပြီးခဲ့တဲ့ နှစ်လလောက်ကမှပါ။ သမီးဒီမှာ နေလာတာက နှစ်နှစ်ခွဲလောက်ရှိပါပြီ။ အရင်က လုပ်ငန်းချိန်မှာ အိပ်ငိုက်တာမျိုး ဖြစ်ရင်တော့ ပါးရိုက်တာမျိုး လုပ်ပါတယ်။ လစာလည်း ဖြတ်ပါတယ်။ ခုလို ဆက်တိုက် ရိုက်တာကတော့ အိပ်ငိုက်လို့ ရိုက်ခံရတာပါ။ ပါးကို လက်နဲ့ ရိုက်တာ လက်နာတယ်ဆိုပြီး ဖိနပ်နဲ့ ရိုက်တယ်။ လဲကျသွားတော့ ခါးတွေမျက်နှာတွေကို ခြေထောက်နဲ့ ကန်တယ်။ အဲဒီလိုရိုက်နှက်ရင် ပိုင်ရှင်အစ်မ က အခြားဝန်ထမ်း ကောင်မလေးတွေကိုပါ ရိုက်ခိုင်းတာ။ အုပ်စုလိုက်လုပ်တော့ သမီးလည်း ကြောက်တော့ အမြဲငြိမ်ခံရပါတယ်။ပြန်ပြောခွင့် မရှိပါဘူး။ ပြောရင်ပိုရိုက်တယ်။ ရိုက်ပြီးလို့ရှိရင် ထိုင်ထ လုပ်ခိုင်းတယ်။ ထိုင်ထကို အကြိမ် ၂၀၀ ကနေ ၅၀၀ လောက်ထိ လုပ်ရတာပါ။ ထိုင်ထလုပ်တာ ခဏရပ်သွားရင် ထပ်ရိုက်ကြပါတယ်။ အဲဒီလို သုံးရက်တစ်ခါလောက် ရိုက်နေပြီး နောက်ကျတော့ သမီးကို ဆံပင်ညှပ်၊ ကတုံးတုံးပစ်တယ်။ နောက်ပြီး ရွှေဆွဲကြိုး ခိုးပါတယ်လို့ စွပ်စွဲတယ်။ သမီးက မခိုးပါဘူး။ မယူပါဘူးလို့ ငြင်းတော့ ရိုက်နှက်ခံရတယ်။ ဝန်မခံမချင်း ကွန်ကျူးပိုက်နဲ့ ရိုက်ပြီး ဝန်ခံရင် သက်သာမယ်ဆိုလို့ ယူပါတယ်လို့ ပြောရတာပါ။ ဒါပေမဲ့လည်း ဆက်ရိုက်တာပါပဲ”ဟု ညှဉ်းပန်းနှိပ်စက်ခံရသူ မဇာလီဝင်းက ပြောကြားသည်။
“အဲဒီမှာ သမီးက အဆီချလည်း လုပ်ရတယ်။ သူတို့သမီးကိုလည်း ထိန်းရပြီး ခွေးစာကျွေးတာနဲ့ အဝတ်လျှော်၊ မီးပူတိုက် အကုန်လုပ်ရပါတယ်။အဲဒီလိုတွေဖြစ်ပြီး သူတို့က သမီးကို ခွေးလှောင်အိမ်ထဲမှာ ပိတ်ပြီး နေခိုင်းတယ်။ အထဲမှာ ခွေးက လေးကောင်ရှိပါတယ်။ အဲဒီထဲမှာ ၁၅ ရက်လောက် နေခဲ့ရပြီး ရေလည်း မတိုက်ပါဘူး။ ရေသောက်ချင်ရင် ခွေးတွေကို တိုက်ထားတဲ့ရေကို သောက်ခိုင်းပါတယ်။ နှစ်ရက်လောက် ရေမသောက်ရတော့ နောက်ဆုံး အဲဒီထဲက ခွေးတွေကို တိုက်တဲ့ရေကို သောက်ခဲ့ရတာပါ။ ထမင်းကတော့ ကျွေးပါတယ်။ အဆီချ လာလုပ်တဲ့သူမရှိမှ ခွေးလှောင်အိမ်ဖွင့်ပြီး ခေါင်းမြီးခြုံခေါ်ပြီး ကျွေးတာမို့ မနက်စာကို နေ့လည် ၂ နာရီ၊ ၃ နာရီမှ စားရသလို ညစာကို ၉ နာရီလောက်မှ စားရတာပါ။ နှိပ်စက်တဲ့အထဲမှာ သုံးရက်ဆက်တိုက် လုံး၀ မအိပ်ရဘဲ အိပ်ငိုက်တာနဲ့ လက်ထိပ်တွေကို အပ်နဲ့ လိုက်ဖောက်ပါတယ်။ အဲဒီလိုလုပ်တဲ့အချိန်မှာ အခြားဝန်ထမ်းတွေက သမီးကို ချုပ်နှောင် ပေးထားရတာပါ။ အဓိကရိုက်တာကတော့ ပိုင်ရှင်အစ်မ ဒေါ်တင်နွယ်မောင်နဲ့ မန်နေဂျာ ခင်မျိုးသူတို့ပါ။ ပိုင်ရှင်အစ်ကိုကတော့ လည်ပင်းညှစ်ပါတယ်။ သူက ဗိုလ်မှူးဆိုပြီး သမီးအဖေကို ထောင်ထဲထည့်မယ်ဆိုပြီး အမြဲခြိမ်းခြောက်ပြောလို့ ကြောက်ပါတယ်”ဟု ဆက်လက်ပြောကြားသည်။
အဆိုပါ ပန်ဒိုရာ အမျိုးသမီး အဆီချလုပ်ငန်းတွင် ယခုဖြစ်စဉ်ကဲ့သို့ ပြဿနာများ မကြာခဏ ဖြစ်ပွားခဲ့ဖူးကြောင်း လုပ်ငန်းတည်ရှိရာ ပြည်ကြီးမျက်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး ယင်းသို့ နှိပ်စက်ခံရမှုကြောင့် ထွက်ပြေးခဲ့သူ ဝန်ထမ်းအမျိုးသမီး မချစ်စုဝေ(၁၉) နှစ်မှာလည်း အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
“ကျွန်မတုန်းကလည်း နှိပ်စက်တာ မခံနိုင်တော့တာရယ်၊ တန်ခူးလမှာ အိမ်ပြန်ခွင့် မပေးတာရယ်ကြောင့် မနေနိုင်တော့တဲ့အဆုံး ထွက်ပြေးခဲ့တာပါ။ အလုပ်ဝင်တာက ၂၀၁၄ နိုဝင်ဘာလပါ။ အလုပ်ဝင်ပြီး ကြိုတင်ငွေ ငါးသိန်း ထုတ်တာကို လစာထဲက သုံးသိန်း ပြန်ခု နှိမ်ပြီးသားပါ။ ဒါကို တရားစွဲပြီး ငွေ ၁၀ သိန်း တောင်းပါ တယ်။ အခုထိ အမှုရင်ဆိုင်နေရတာပါ”ဟု မချစ်စုဝေက ပြောကြားသည်။
မန္တလေးမြို့ရှိ အဆီချ လုပ်ငန်းတစ်ခုတွင် ဝန်ထမ်း မိန်းကလေး တစ်ဦးအား ခွေးလှောင်အိမ်အတွင်း ခွေးများနှင့်အတူ ပိတ်လှောင်၍ အိပ်စက် နေထိုင်စေခြင်း အပါအဝင် ညှဉ်းပမ်း နှိပ်စက်ခံရမှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်















