ငွေဈေး မတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဈေးမြင့်တက်ကာ မြဝတီမြို့တွင်းမှ ကုန်စည်ဒိုင် (ဆိုင်) များ အရောင်းအဝယ် လျော့ကျ

ငွေဈေး မတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဈေးမြင့်တက်ကာ မြဝတီမြို့တွင်းမှ ကုန်စည်ဒိုင် (ဆိုင်) များ အရောင်းအဝယ် လျော့ကျ
Published 1 December 2015
ကိုရွှေသိန်း

ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေး ဆက်တိုက် မြင့်တက်နေခြင်းနှင့်အတူ ထိုင်းဘတ်ငွေဈေး အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ကာ မြန်မာကျပ်ငွေဈေး လျော့ကျလာခြင်းတို့ကြောင့် ယခုတစ်ပတ်အတွင်း နယ်စပ်ရှိ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ရုတ်တရက် ဈေးမြင့်တက်သွား၍ အရောင်းအဝယ် တန့်သွားသည်ဟု မြဝတီမြို့ရှိ လက်လီလက်ကား ဈေးဆိုင်များမှ သိရသည်။
ထို့အတူ ဒေါ်လာဖြင့် ဝယ်ယူရောင်းချရသော ဗီယက်နမ်လုပ် ဆိုင်ကယ်များမှာလည်း မြန်မာကျပ်ငွေနှင့် ပြန်လည် ရောင်းချကြရာတွင် ယခင်လဈေးထက် ၁၀၀၀၀၀ အထက် မြင့်တက်သွား၍ ဝယ်လက်မရှိဘဲ အရောင်းအဝယ် တန့်သွားသည်ဟု ဆိုင်ကယ် အရောင်းစင်တာ ဖွင့်လှစ်သူတစ်ဦးက ပြောကြားသည်။
ထိုင်းကုန်ပစ္စည်းများအား ထိုင်းဘတ်ငွေနှင့် ဝယ်ယူလျှင် ဈေးနှုန်း ပြောင်းလဲမှု မရှိသော်လည်း မြန်မာကျပ်ငွေနှင့် ဝယ်ယူလျှင် ပစ္စည်းတစ်မျိုးကို ကျပ်တစ်ထောင်နှင့် အထက်ထိ မြင့်တက်နေပြီး ယခင်လက ဘတ်ငွေဈေးမှာ အရောင်း ၂ ဒသမ ၈၁ ဘတ်၊ အဝယ် ၂ ဒသမ ၈၂ ဘတ် ဝန်းကျင် ဖြစ်ခဲ့ရာမှ ယခု ဒီဇင်ဘာ ၁ ရက်တွင် အရောင်း ၂ ဒသမ ၇၃၅ ဘတ်၊ အဝယ် ၂ ဒသမ ၇၄၅ ဘတ် (ဘတ် ၁၀၀= ၃၆ ဒသမ ၄၂ ကျပ်) ထိ ထိုင်းငွေဈေး မြင့်တက်လျက်ရှိသည်။
သို့ဖြစ်၍ ဘတ် ၅၀၀၀၀၀ တန် ထိုင်းနိုင်ငံထုတ် ကားတစ်စီးအား ဝယ်ယူလျှင်လည်း တစ်ပတ်အတွင်း  (ဘတ်ငွေလဲရာ၌) မြန်မာကျပ်ငွေ ၃၂၀၀၀၀ ကျော် မြင့်တက်သွားသည်။ သို့ဖြစ်၍ ယခင် ဝယ်ယူထားသော မော်တော်ယာဉ်များသာ တင်သွင်းလျက်ရှိပြီး မော်ဒယ်သစ် ဘယ်ကိုင်းတပ်ကားများ တင်သွင်းမှု နည်းပါးနေသေးကြောင်း သိရသည်။
“ငွေဈေးတက်တဲ့အတွက် စာချုပ်ချုပ်ဆို အရောင်းအဝယ် လုပ်တဲ့ ကုမ္ပဏီတွေ ထိခိုက်မှု မရှိပေမယ့် တစ်နိုင်တစ်ပိုင် ခုဝယ်၊ ခုရောင်းလုပ်တဲ့ သူတွေကတော့  နယ်စပ်ကို တက်မလာတော့ပါဘူး။ ကုန်သွယ်မှုနားတဲ့ ထိဖြစ်သွားပါတယ်”ဟု ကုန်မျိုးစုံ လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောကြားသည်။
ကမ္ဘာ့ငွေဈေးကွက်တွင် ဒေါ်လာဈေး ဆက်လက် မြင့်တက်နေပြီး မြဝတီ ငွေကြေးဈေးကွက်တွင် ့ှ  တစ်ဒေါ်လာ ၁၃၂၉ ကျပ်၊ ဘတ် ၁၀၀ လျှင် ၃၆၄၀ နှုန်းဖြင့် လဲလှယ်လျက်ရှိပြီး ကုန်ပစ္စည်းများမှာ ဘတ်တစ်သောင်းတန် ဝယ်ယူတိုင်း ယခင်လကထက် ကျပ် ၇၀၀၀ နှင့်အထက် အပိုဆောင်း ပေးနေရသည်။
“ယခုရက်ပိုင်းအတွင်း အတက်ကြမ်းတဲ့ ထိုင်းဘတ်ငွေ ဈေးကြောင့် မြန်မာငွေကိုင်ပြီး မြဝတီမှာ နေရင်းနဲ့ကို ရှုံးနေတာ။ ထိုင်နေရင်း အရှုံးပြနေတာ”ဟု ချစ်ကြည်ရေးတံတားအနီးမှ ငွေလဲလုပ်သူတစ်ဦးက ဆိုသည်။
မဲဆောက်-မြဝတီလမ်းမှ ပြည်တွင်းဈေးကွက်သို့ ဆိုင်ကယ် တရားဝင် တင်သွင်းလျက် ရှိသော်လည်း ဒေါ်လာဈေးနှင့်အပြိုင် မြင့်တက်လာသော ထိုင်းဘတ်ငွေဈေးကြောင့် နယ်စပ် မြဝတီမြို့ ဆိုင်ကယ်အသစ် ဈေးကွက်တွင် ယခင်လထက် ဈေးမြင့်တက်သွားခြင်းကြောင့် အရောင်းအဝယ် အေးလျက်ရှိသည်။
မြဝတီမြို့ရှိ ဆိုင်ကယ်အရောင်းစင်တာများတွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ၊ ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်များ ၊ လာအို နိုင်ငံထုတ် ဆိုင်ကယ်များ ရောင်းချလျက်ရှိပြီး ပြီးခဲ့သော ယခင်လထက် ဈေး ကျပ် ၁၀၀၀၀၀ ဝန်းကျင် မြင့်တက်သွားသလို  ယခင်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ဘတ်ငွေဈေးနှင့် တွက်ချက်ပါက ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၂၀၀၀၀၀ ကျော်  မြင့်တက်သွားသည်ဟု ဆိုင်ကယ် အရောင်း စင်တာ ဖွင့်လှစ်သူတစ်ဦးက ပြောကြားသည်။
“ဒီမှာရောင်းတာတော့ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်၊ ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်၊ လာအိုနိုင်ငံထုတ် ဆိုင်ကယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုရောင်းချပါတယ်။ သုံးစွဲသူတွေကိုလည်း ခွဲခြားပြီး သိစေချင်ပါတယ်။ ဈေးကတော့ အမျိုးအစားလိုက် ကွဲပြားမှုရှိနေပေမယ့် ဈေးကွက်ရနေတဲ့ ဗီယက်နမ်၊ လာအိုနိုင်ငံထုတ် ဘီးတွေကို တချို့နယ်တွေမှာ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်လို့ အသိများပါတယ်”ဟု ဆိုသည်။
မြဝတီမြို့တွင် ဆိုင်ကယ်အရောင်းစင်တာ ဖွင့်လှစ် ရောင်းချနေသူတစ်ဦးက “ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်နဲ့ လာအိုနိုင်ငံထုတ် ဆိုင်ကယ်ကို ဝယ်ရတဲ့အခါ ဒေါ်လာပေါက်ဈေးနဲ့ တွက်ပြီး ဘတ်ငွေနဲ့ ဝယ်ယူရတဲ့အတွက် နှစ်ခါနာပါတယ်။ ခုအနေအထားအရ  ဘတ်ဈေးမြင့်တက်တာ မေလနဲ့ နှိုင်းယှဉ်ရင်  ဆိုင်ကယ်တစ်စီး ကျပ် ၂၀၀၀၀၀ ဝန်းကျင် မြင့်တက်နေတဲ့အတွက် နယ်ဝယ်လက် မရှိသလောက်ပါပဲ။ ဈေးဦးမပေါက်တဲ့ နေ့တွေ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

Most Read

Most Recent