ကချင်ပြည်နယ် ဖားကန့်ဒေသ မြေစာ တောင်ပြိုသည့်အတွက် လူရာချီ သေဆုံးမှုမျိုး ထပ်မံ မဖြစ်ပွားရန် ကြိုတင် ကာကွယ်စီမံ ဆောင်ရွက်ရန် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း

ကချင်ပြည်နယ် ဖားကန့်ဒေသ မြေစာ တောင်ပြိုသည့်အတွက် လူရာချီ သေဆုံးမှုမျိုး ထပ်မံ မဖြစ်ပွားရန် ကြိုတင် ကာကွယ်စီမံ ဆောင်ရွက်ရန် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း
Published 30 November 2015
စိုးမင်းထိုက်

ကချင်ပြည်နယ် ဖားကန့်ဒေသ မြေစာတောင်ပြိုသည့်အတွက် လူရာချီသေဆုံးမှု မျိုးထပ်မံ မဖြစ်ပွားရန် ကြိုတင်ကာကွယ် စီမံမှုများ ဆောင်ရွက်ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် နိုဝင်ဘာ ၃၀ ရက်က တင်သွင်းခဲ့သည်။
ဦးခက်ထိန်နန်က ၂၀၁၅ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ဖားကန့်ဒေသ ကန်ခမ်ရွာအနီးတွင် မြေစာ တောင်ပြိုကျသည့်အတွက် တဲအိမ်ပေါင်း ၆၀ ခန့် မြေစာ ပုံအောက် ရောက်ခဲ့ကြောင်း၊ လူ ၂၀၀  ဝန်းကျင် ပျောက်ဆုံးကာ သေဆုံးသည့် ၁၁၄ ဦးသာ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဖားကန့်ဒေသသည် နိုင်ငံခြား ဝင်ငွေ ရှာဖွေပေးနေသည့် ဒေသဖြစ်ကြောင်း ပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့် ဒေသမှ ထွက်ရှိသည့် ကျောက်စိမ်းသည် နိုင်ငံခြားငွေများစွာ ရှာဖွေပေးနေကြောင်း၊ သို့ရာတွင် ကျောက်စိမ်းများကို တူးဖော်ခြင်း၊ မြေစာပစ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း လုပ်ငန်းများ အဆင့်ဆင့်တွင် ဥပဒေ သက်ဝင်မှု အားနည်းနေသည်ကို တွေ့ရကြောင်း၊ ရေမြေနှင့် သဘာ၀ ပတ်ဝန်းကျင် ပျက်ယွင်းနေမှုသည် နှစ်ပေါင်း ၄၀ ခန့် ရှိလာပြီဖြစ်ကြောင်း၊ ကျောက်စိမ်း တူးဖော်ခြင်း၊ မြေစာသယ်ခြင်းများကို အင်မတန် ကြီးမားသည့် စက်ယန္တရားများကို အသုံးပြုလာသည့်အတွက် ရေ၊ မြေ၊ သဘာ၀ ပတ်ဝန်းကျင်များကို ထိန်းသိမ်း ဆောင်ရွက်မှု အားနည်းလာခဲ့ကြောင်း ဦးခက်ထိန်နန်က ဆွေးနွေးခဲ့သည်။
“ဒီနှစ်ထဲမှာကို မြေပြိုတာက ၃၇ ကြိမ် လောက်ရှိပြီလို့ သိရပါတယ်။ မနေ့ကလည်း ထပ်ပြိုတယ်လို့ သိရပါတယ်။ အခြား မြေစာတောင်တွေ၊ မြေစာပုံတွေ မြောက်မြားစွာ ရှိနေပါတယ်”ဟု ဦးခက်ထိန်နန်က ဆွေးနွေးခဲ့သည်။
ထို့အပြင် ကျောက်စိမ်း တူးဖော်ခြင်း၊ မြေစာပစ်ခြင်း လုပ်ငန်းများကို အရင်းအနှီးများစွာဖြင့် ရာသီချိန်နှင့် လုပ်ကွက်သက်တမ်း ကာလတွင် အချိန်လုပြီး လုပ်နေရခြင်း ဖြစ်ကြောင်း၊ ဆက်တူးနေကြမည် ဖြစ်သည့် အတွက် မြေစာများ ဆက်ပုံကြမည် ဖြစ်ကြောင်း၊ ထို့အတွက် ယခုကဲ့သို့ အဖြစ်အပျက်များ ဆက်ဖြစ်မည့် အနေအထား ဖြစ်ကြောင်း ဆက်လက် ဆွေးနွေးခဲ့သည်။
ထို့အတွက် မြန်မာနိုင်ငံ၏ ကျောက်မျက် ရတနာ ဥပဒေတွင် ပြည်သူများအား ဗဟိုပြုသည့် ကဏ္ဍများကို ထည့်သွင်း ပြဋ္ဌာန်းရန် လိုအပ်ကြောင်း၊ အခြေခံ လူတန်းစားများ၊ တိုင်းရင်းသားများ၊ ဒေသခံများအား ကာကွယ်ပေးနိုင်ပြီး ပါဝင်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများကို ထည့်သွင်းသင့်ကြောင်း ဦးခက်ထိန်နန်က ဆွေးနွေးခဲ့သည်။
နှစ်ပေါင်းများစွာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် ကျောက်စိမ်း တူးနေသည့် ဖားကန့်ဒေသတွင် ယခုကဲ့သို့ အဖြစ်မျိုးများ ထပ်မံ မပေါ်ပေါက်အောင် အရေးတကြီး အနေဖြင့်  ကြိုတင် ကာကွယ်မှုများ စီမံဆောင်ရွက်ရန် အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ်က ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်း ကျောက်မျက်များကို ရေရှည် စနစ်တကျ ထိန်းသိမ်း တူးဖော်ထုတ်ရေးအဆိုကို တင်သွင်းခဲ့ကြောင်း၊ ယင်းအဆိုအား လွှတ်တော်တွင် အတည်ပြု နိုင်ခဲ့ကြောင်း၊ သို့ရာတွင် လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းတွင် အားနည်းခဲ့ကြောင်း ဦးခက်ထိန်နန်က ပြောကြားသည်။
ဦးခက်ထိန်နန်တင်သွင်းသည့် အရေးကြီး အဆိုအား အမျိုးသား လွှတ်တော်အနေဖြင့် လက်ခံဆွေးနွေးရန် သဘောတူခဲ့ကြောင်း၊ ထို့အတွက် ဆွေးနွေးမည့် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေး ပြီးဆုံးချိန်တွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။              

Most Read

Most Recent