SNLD ပါတီ၏ ရွေးကောက်ပွဲ သုံးသပ်ခြင်း အစည်းအဝေးတွင် အဂတိလိုက်စားမှု ကျူးလွန်ခြင်းမပြုရန် ပဋိညာဉ်ခံခြင်း အစီအစဉ်ပြုလုပ်

SNLD ပါတီ၏ ရွေးကောက်ပွဲ သုံးသပ်ခြင်း အစည်းအဝေးတွင် အဂတိလိုက်စားမှု ကျူးလွန်ခြင်းမပြုရန် ပဋိညာဉ်ခံခြင်း အစီအစဉ်ပြုလုပ်
Published 29 November 2015
ကျော်ဇင်ဝင်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအပေါ် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ သုံးရက်ကြာ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။အဆိုပါအစည်းအဝေးကို ကျောက်မဲမြို့ရှိ ကျားငါးကောင်ဆေးတိုက် အဆောက်အအုံတွင် ပြုလုပ်နေခြင်းဖြစ်ပြီး အစည်းအaဝးသို့ SNLD ဗဟိုအလုပ်အမှုဆောင်  အဖွဲ့ဝင်များ၊ အရန် ဗဟိုကော်မတီဝင်များ၊ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်းအင်အား ၂၀၀ နီး ပါးတက်ရောက်လျက်ရှိကြောင်း သိရသည်။“တစ်အချက်က ရွေးကောက်ပွဲစရိတ် ပြန်လည်သုံးသပ်ခြင်း၊ စာရင်းမှန်အောင်ပြု စုခြင်း၊ နောက်တစ်ချက်ကရွေးကောက်ပွဲ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်ကျိုးမဖက်ဘူး။ အဂတိလိုက်စားမှု မပြု ပါဘူးဆိုတာကို ပဋိညာဉ်ခံခိုင်းတာ။ အဲဒါကို ကျူးလွန်တဲ့သူရှိရင် ပါတီကလုံးဝခွင့်မလွှတ် တဲ့အပြင် Right to Recall နဲ့ပြန်ဖြုတ်ချမယ်လို့ သူတို့ကိုအတိအလင်း ကြေညာတယ်။ ဒီနေ့အတွက်ကတော့ အဲဒီခေါင်းစဉ်ပါပဲ”ဟု SNLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။SNLD ပါတီအနေဖြင့် ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁၂ နေရာ၊   အမျိုးသားလွှတ်တော်  သုံးနေရာ၊ ပြည်နယ်လွှတ်တော် ၂၅ နေရာ စုစုပေါင်း နေရာ ၄၀  အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၅၅ နေရာရှိသည့်အနက် ခုနစ်နေရာမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိဘဲ ကျင်းပနိုင်ခဲ့သည့် ၄၈ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၅ နေရာ၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ၁၂ နေ ရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)က ၁၂  နေရာ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)က သုံးနေရာ၊ တအောင်း (ပလောင်)အမျိုးသားပါတီက သုံးနေရာ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက တစ်နေရာ၊ “ဝ”ဒီမိုကရက်တစ်ပါတီက တစ်နေရာနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်နေရာ စသည်ဖြင့် အသီးသီးအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ထို့အပြင် ရှမ်းပြည်နယ်ရှိ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သုံးနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က သုံးနေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က သုံးနေရာ၊ တအောင်း(ပလောင်)အမျိုးသားပါတီက နှစ်နေရာ၊ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (PNO)ပါတီက တစ်နေရာ အနိုင်ရရှိထားသည်။ထို့အတူ ရှမ်းပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၉၆ နေရာတွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ၂၅ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က နေရာ  ၂၀၊ တအောင်း (ပလောင်)အမျိုးသားပါတီက ခုနစ်နေရာ၊ ပအိုဝ်းအ မျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ခြောက် နေရာ၊'ဝ' ဒီမိုကရက်တစ်ပါတီက နှစ်နေရာ၊ 'ဝ'အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီက တစ်နေရာ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက တစ်နေရာ၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ တစ်နေရာ အသီးသီးအနိုင် ရရှိထားသည်။အလားတူ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နေရာအား ပြည်ခိုင်ဖြိုးပါတီမှလည်းကောင်း၊ အင်းသားတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နှင့် ကယန်း(ခ) ပဒေါင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် နေရာနှစ်ခုအား NLD ပါတီမှလည်းကောင်း၊ ကချင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နေရာအား တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်မှလည်းကောင်း၊ လီဆူးတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နေရာအား လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ လည်းကောင်း၊ လားဟူတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နေရာအား လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှလည်းကောင်း၊ အာခါတိုင်းရင်းသားလူမျိုးကိုယ်စားလှယ် နေရာအား အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီမှလည်းကောင်း အသီးသီးအနိုင်ရရှိထားသည်။                   

Most Read

Most Recent