ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း နိုင်ငံခြား ခရီးသွားများ တည်းခိုနိုင်ရန် ရေလုပ်သား ကျေးရွာများ၌ တည်းခိုဆောင်များ ဆောက်လုပ်ရန်စီစဉ်

ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း နိုင်ငံခြား ခရီးသွားများ တည်းခိုနိုင်ရန် ရေလုပ်သား ကျေးရွာများ၌ တည်းခိုဆောင်များ ဆောက်လုပ်ရန်စီစဉ်
Published 27 November 2015
အောင်သူ၊ လဲ့လဲ့အောင်

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင်ကြည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် ရေလုပ်သား ကျေးရွာများတွင် တည်းခိုဆောင်များ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေး (WCS) မှ လင်းပိုင် အခြေပြု ခရီးသွားလုပ်ငန်း အဖွဲ့ထံမှ သိရသည်။
လင်းပိုင် အခြေပြု သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကနဦး အစီအစဉ်များ အနေဖြင့် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ကျေးရွာများတွင် လင်းပိုင် လာရောက် ကြည့်ရှုသည့် နိုင်ငံခြားသားများ ညအိပ် တည်းခိုနားနေနိုင်သည့် တည်းခိုဆောင်များ ဆောက်လုပ်ရန်အတွက် နည်းပညာတက္ကသိုလ် (မန္တ လေး) ဗိသုကာဌာနမှ ကျောင်းသားများနှင့် ချိတ်ဆက်ကာ အဆောက်အအုံ ဒီဇိုင်းများကို ရေးဆွဲလျက် ရှိကြောင်း သိရသည်။
“လင်းပိုင်တွေအများစု ကျက်စားတဲ့ ကျေးရွာတွေမှာ နိုင်ငံခြားသားတွေ တည်းခိုဖို့ အဆောင်တွေ ဆောက်လုပ်ဖို့အတွက် သက်ဆိုင်ရာ ဌာနအသီးသီးကိုလည်း တင်ပြထားရှိထားတယ်။ မကြာခင် နေပြည်တော်မှာ လုပ်မယ့် သဘာ၀ အခြေပြု ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ကျောင်းသားတွေ ရေးဆွဲထားတဲ့ အဆောက်အဦးပုံစံ နမူနာတွေကို တင်ပြ ရှင်းလင်း ဆွေးနွေးသွားဖို့ရှိတယ်။ လက်ရှိအချိန်ထိတော့ ဆောက်လုပ်ဖို့အတွက် တရားဝင် ခွင့်ပြုချက် မရသေးပါဘူး။ ခွင်ပြုချက် ရပြီဆိုတာနဲ့ လာမယ့် ၂၀၁၆ ခုနှစ်မှာ ဒီစီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်သွားမှာပါ”ဟု သားငှက် ထိန်းသိမ်းရေး (WCS) မှ လင်းပိုင် အခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ Poul Eshoo က ပြောကြားသည်။ 
ရေလုပ်သား ကျေးရွာများတွင် ဆောက်လုပ်မည့် အဆောက်အအုံပုံစံ ရရှိရေးအတွက် နည်းပညာတက္ကသိုလ်(မန္တလေး) ဗိသုကာဌာနမှ ကျောင်းသား၊ ကျောင်းသူရှစ်ဖွဲ့က ပုံစံအသီးသီး ရေးဆွဲထားသည့် အဆောက်အအုံဒီဇိုင်းများ ရွေးချယ်မှု အစီအစဉ်ကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အဆောက်အအုံပုံစံ ရေးဆွဲဖို့အတွက် စတုတ္ထနှစ်နဲ့ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးကို အဖွဲ့ရှစ်ဖွဲ့ ခွဲပြီးတော့ အောက်တိုဘာ ၁၉ ရက်က ကျေးရွာတွေ အထိ ကွင်းဆင်းပြီး လေ့လာမှုတွေ လုပ်ခဲ့တယ်။ အဆောက်အအုံတွေကိုလည်း ကုန်ကျစရိတ် သက်သာတဲ့ ဒေသထွက် ကုန်ကြမ်းတွေနဲ့ပဲ အဓိကထား အသုံးပြုပြီး ဆောက်လုပ်နိုင်အောင် ရေးဆွဲထားတယ်။ အခုလိုမျိုး စီမံကိန်းမှာ ကျောင်းသားတွေအနေနဲ့ ပူးပေါင်းပါဝင်တဲ့အတွက် လင်းပိုင်အကြောင်းကိုလည်း ကျောင်းသားလူငယ်တွေ နားလည်နိုင်တယ်။ ကျောင်းမှာ စာတွေ့တင်မကဘဲ လက်တွေ့ တည်ဆောက်ရေး အပိုင်းမှာ အတွေ့အကြုံ ရရှိလာနိုင်မယ်”ဟု နည်းပညာတက္ကသိုလ် (မန္တလေး)၊ ဗိသုကာ ဌာနမှူး ဒေါက်တာစိုးမင်းထွေးက ပြောကြားသည်။
လူဦးရေ ၂၀ ခန့် တည်းခိုနိုင်မည့် တည်းခိုဆောင် အသေးများ ဆောက်လုပ်သွားရန် စီစဉ်ထားခြင်း ဖြစ်ပြီး တည်းခိုဆောင်များအား ရေလုပ်သား ကျေးရွာများဖြစ်သော ဆင်ကျွန်း၊ ဧကျွန်း၊ စိန်ပန်းကုန်း၊ မြစ်ကမ်းကြီး၊ ဆည်သည်နှင့် မြေစွန်းရွာများတွင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း၊ တည်းခိုဆောင် ဆောက်လုပ်ရန်အတွက် သားငှက်ထိန်းသိမ်းရေး (WCS)နှင့် ပြည်ပ အဖွဲ့အစည်းအချို့မှ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။                       

Most Read

Most Recent