ဖဲကြိုးနက် လှုပ်ရှားမှုဖြင့် ဆရာဝန်များ ဝိုင်းဝန်းတောင်းဆို ကန့်ကွက်ခဲ့သည့် “ကျန်းမာရေး ဌာနများသို့ စစ်ဘက်ဆိုင်ရာ အရာရှိများ ပြောင်းရွှေ့ ခန့်ထားခြင်း” လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခြင်း မပြုပါရန်ဖဲကြိုးနက် ဆရာဝန်များက နိုဝင်ဘာ ၂၆ ရက်က သဘောထား ကြေညာချက် တစ်ရပ် ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။ထုတ်ပြန်ချက်တွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့်အတွက် ပြည်သူလူထု တစ်ရပ်လုံးနှင့် ထပ်တူ ဝမ်းမြောက်ပါကြောင်း၊ အနိုင်ရ ပါတီက ဦးဆောင်၍ ဖွဲ့စည်းထားသော အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာလိမ့်မည်ဟုလည်း မမှိတ်မသုန် ယုံကြည်ပါကြောင်း၊ ပြည်သူ့ ထောက်ခံချက် အပြည့်အဝဖြင့် ပေါ်ပေါက်လာမည့် အစိုးရတစ်ရပ် ဖြစ်သည်နှင့်အညီ ပြည်သူအများစု၏ ဆန္ဒ၊ နိုင်ငံ့ဝန်ထမ်းများ၏ ဆန္ဒကို လေးစားလိုက်နာပြီး တရားမျှတသော ဥပဒေ စည်းကမ်းများနှင့်အညီ အုပ်ချုပ် အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဟု မျှော်လင့်ပါကြောင်း၊ ယခုအချိန်သည် ရွေးကောက်ပွဲ ရလဒ်များကို လေးစားလိုက်နာပြီး အစိုးရသစ်ထံ ချောမွေ့ညင်သာစွာ အာဏာ လွှဲပြောင်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည့် အချိန်အခါ ဖြစ်သည်ဟု အလေးအနက် ခံယူပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံ့အတွက် အရေးအပါဆုံး အခြေအနေမျိုးတွင် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့်လည်း တိုင်းပြည် အေးချမ်းတည်ငြိမ်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများ၏ ဆန္ဒနှင့်အညီ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သင့်သည်ဟု ယူဆပါကြောင်း၊ သို့ပါ၍ ဖဲကြိုးနက် လှုပ်ရှားမှုဖြင့် တစ်ခဲနက် တောင်းဆိုကန့်ကွက်ထားခဲ့သည့် ဝန်ထမ်းပြောင်းရွှေ့ ခန့်ထားခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခြင်း မပြုပါရန် တိုက်တွန်း ပန်ကြားအပ်ပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။၂၀၁၅ ခုနှစ် သြဂုတ်လ အတွင်းက ကာကွယ်ရေး ဝန်ကြီးဌာနက လွှဲပြောင်း ပေးလိုက်သော စစ်ဘက်ဆိုင်ရာ အရာရှိများ ကျန်းမာရေး ဝန်ကြီးဌာနမှ ဌာနများသို့ ပြောင်းရွှေ့ တာဝန်ပေးခြင်းအပေါ် နေရာဒေသ အသီးသီးမှ ဆရာဝန်များ ဖဲကြိုးအမည်း တပ်ဆင်ကာBlack Ribbon Movement Myanmar 2015 ဟူသည့် အမည်ဖြင့် Campaign ပြုလုပ်ကာ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။အဆိုပါ Campaign ကို သြဂုတ် ၈ ရက်တွင် စတင်ခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာန အတွင်း DSA နှင့် DSMA ကျောင်းဆင်းများကို ရာထူးကြီးများပေးပြီး ခန့်အပ်ရာမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့် မညီသည့် ယင်းကဲ့သို့ ခန့်အပ်မှုကို ဆန့်ကျင်သည့် အနေဖြင့် ဆရာဝန်များ ဦးဆောင်ကာ ဆေးလောက အသိုင်းအဝိုင်း တစ်ခုလုံးမှ အင်္ကျီဝဲဘက် ရင်အုံတွင် အမည်းရောင် ဖဲကြိုးများ တပ်ဆင်ကာ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ Campaign သည် ဆရာဝန် ဆေးလောကနှင့်သာ သက်ဆိုင်ခြင်းမျိုး မဟုတ်ဘဲ ဝန်ကြီးဌာန အသီးသီးတွင် ယင်းကဲ့သို့ ခန့်အပ်ခြင်းများ ရှိနေခြင်းကြောင့် အဆိုပါ Campaign သည် လူတိုင်းနှင့် သက်ဆိုင်ကြောင်း၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ မည်သည့် အသက်မွေးဝမ်းကျောင်း၊ မည်သည့် တက္ကသိုလ်ကျောင်းများကိုမှ ရည်ရွယ် တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ မိုးကျရွှေကိုယ် စနစ်ကြီးကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆရာဝန်များ၏ ဖေ့စ်ဘွတ် စာမျက်နှာ အချို့တွင် ရေးသား ဖော်ပြခဲ့ကြသည်။ထိုကဲ့သို့ ကန့်ကွက်ခဲ့ခြင်းကြောင့် ကျန်းမာရေး ဌာနများသို့ စစ်ဘက်ဆိုင်ရာ အရာရှိများ ထပ်မံပြောင်းရွှေ့ တာဝန်ပေးခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိန်ဝင်းက နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ပြောကြားခဲ့သော်လည်း ကျန်းမာရေး ဝန်ကြီးဌာနကမူ ရပ်ဆိုင်းကြောင်း တရားဝင် အမိန့်ကြေညာစာကို လက်ရှိအချိန်အထိ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်းနှင့် ဆရာဝန် အများစုကလည်း ရပ်ဆိုင်းကြောင်း တရားဝင် အမိန့်စာကို ထုတ်ပြန်ပေးရန် စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။
ကျန်းမာရေး ဌာနများသို့ စစ်ဘက်ဆိုင်ရာ အရာရှိများ ပြောင်းရွှေ့ခန့်ထားခြင်း ဆက်လက် မဆောင်ရွက်ရန် ဖဲကြိုးနက် ဆရာဝန်များ ကြေညာချက် ထပ်မံထုတ်ပြန်















