ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်

ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်
Published 26 November 2015
ဘစံကောက်

“ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” လို့ ဆိုရိုးစကား ရှိပါတယ်။ ဆိုလိုတာကတော့ စေတီဘုရားများမှာ စိန်ဖူးတော်ဟာ စေတီရဲ့အထွတ်မှာ တပ်ရတာမို့ မြတ်တယ်လို့ ဆိုပါတယ်။ ဒီလိုပဲ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ သီတင်းသုံးတဲ့ ကျောင်းကန်များမှာလည်း သိမ်က အရေးပါပါတယ်။ ရဟန်းခံတာကအစ သံဃာတော်များနဲ့ အပ်စပ်တဲ့ ပြုဖွယ်ကိစ္စ မှန်သမျှဟာလည်း သိမ်ကိုအမှီပြုပြီး ဆောင်ရွက်ရတာဖြစ်လို့ သိမ်ကလည်း သာသနာမှာ အရေးပါပါတယ်။ ဒီလိုပဲ သာသနာကို အကြောင်းပြုပြီး လှူဒါန်းကြတဲ့ အလှူထဲမှာလည်း အမြတ်ဆုံး အလှူက ကထိန်သင်္ကန်း အလှူဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ကထိန်လို့ ခေါ်ရခြင်း အကြောင်းကတော့ “ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သောကြောင့်လည်း ကထိန်” လို့ ခေါ်ပါတယ်။ နောက်တစ်နည်းအားဖြင့် “သန့်ရှင်းစင်ကြယ် မြင့်မြတ်ခြင်းကြောင့်လည်း ကထိန်” လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ကထိန်ရဲ့ အာနိသင် ထူးခြားချက် နောက်တစ်မျိုးကတော့ မြတ်ဘုရားရှင်ရဲ့ အာဏာစက်တော်ဖြစ်တဲ့ သိက္ခာပုဒ်များဟာ ဗြဟ္မာ၊ သိကြား၊ စကြဝတေး၊ မာရ်နတ်၊ ဘယ်တန်ခိုးရှင်ရဲ့ အာဏာနဲ့ ဖျက်ဆီးသော်မှ မပျက်စီးနိုင်သော်လည်း ကထိန်အာနိသင် တစ်မျိုးကသာဖျက်ဆီးနိုင်စွမ်း ရှိလို့ပါပဲ။ ဆိုရရင် ကထိန်အာနိသင် ရထားတဲ့ ရဟန်းတော်များမှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်ကစလို့ တပေါင်းလပြည့်နေ့အထိ ငါးလတိုင်တိုင် ကာလအတွင်းမှာ စာရိတ္တ သိက္ခာပုဒ်၊ ပထမကထိန သိက္ခာပုဒ်၊ ဒုတိယကထိန သိက္ခာပုဒ်၊ ဂဏဘောဇန သိက္ခာပုဒ်၊ ပရမ္ပရ သိက္ခာပုဒ် အစရှိတဲ့ သိက္ခာပုဒ်ငါးမျိုးကို မလိုက်နာသော်လည်း အာပတ်မသင့် ချောင်ချိခွင့် ရတဲ့အတွက်” ပျက်စီးခြင်း မရှိ၊ ကျောက်တိုင်ကဲ့သို့ ခိုင်မြဲသောကြောင့်လည်း ကထိန်” လို့ ခေါ်ဆိုပါတယ်။ကထိန် ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်ကလေးကို ဒီနေရာမှာ ဖော်ပြရမယ်ဆိုရင် မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်အခိုက် ပါဝေယျဏတိုင်းမှာ နေထိုင်ကြတဲ့ ဓုတင် ၁၃ ပါးဆောင် ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ဟာ မြတ်စွာဘုရားရှင်ကို ဖူးမြင်လိုတဲ့အတွက် သာဝတ္တိပြည်ကို မရောက်ခင် လမ်းခုလတ် သာကေတမြို့ကို အရောက်မှာပဲ ဝါဆိုလပြည့်ကျော် ၁ ရက်ကို ရောက်သွားတာမို့ ဘုရားရှင်ရဲ့ ပညတ်ချက်အရ သာကေတမြို့မှာပဲ ဝါဆိုကြရပါတယ်။ဝါတွင်း သုံးလပတ်လုံး ဘုရားရှင်ကို ဖူးမြင်လိုတဲ့ အာသီသကို ချိုးနှိမ်ပြီး နေလာခဲ့ကြရာက သီတင်းကျွတ်တဲ့အခါ ပုရိမဝါမှ ထမြောက်ပြီး ပါလာတဲ့ သပိတ်သင်္ကန်းတို့ကို ဆောင်ယူလို့ မြတ်စွာဘုရားရှင်သီတင်းသုံးရာ သာဝတ္ထိပြည်ကို ထွက်လာခဲ့ကြပါတယ်။ ဒီလိုလာစဉ်အခိုက် လမ်းခရီးမှာ အလွန်အမင်း ပြင်းထန်တဲ့ အခါမဲ့မိုးကြီးနဲ့ ကြုံကြိုက်ပြီး ရဟန်းတော်များမှာ ဝတ်ရုံထားတဲ့ သင်္ကန်းတော်များဟာ မိုးရေရွှံ့စက်တွေနဲ့ အလူးလူးအလိမ်းလိမ်း ဖြစ်တဲ့အပြင် ပခုံးမှာ တင်ထားတဲ့ နှစ်ထပ်သင်္ကန်းကြီးကလည်း မိုးရေတွေနဲ့ ရွှဲစိုပြီး အလွန်လေးလံတဲ့ဝန်ကို ထမ်းရတဲ့အတွက် ရဟန်းတော်များဟာ အင်မတန်မှ ပင်ပန်းတော်မူကြရပါတယ်။မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည်ကို ရောက်တဲ့အခါမှာတော့ ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ရဲ့ ခရီးလမ်းအကြား ပင်ပန်းဆင်းရဲ ကြုံတွေ့ရပုံတွေကို သိမြင်ပြီး ကရုဏာသက်တော်မူတာကြောင့် ဘုရားရှင်က “အနုဇာနာမိ ဘိက္ခေ၀ ဝဿံ ဝုတ္တာနံ ဘိက္ခူနံ ကထိနံ အတ္တရိတုံ” ဟုဆိုပြီး ပုရိမဝါမှ ထမြောက်တော်မူတဲ့ ရဟန်းတော်တို့ကို ကထိန်ခင်းခြင်း အမှုအား ခွင့်ပြုတော်မူခဲ့ပါတယ်။ တစ်ဆက်တည်းမှာလည်း ကထိန်အလှူခံရရှိတဲ့ ရဟန်းတော်များရနိုင်တဲ့ အကျိုးတရားငါးပါးနဲ့ ကထိန်လှူ ဒါန်းသူ အလှူ့ဒကာ၊ ဒကာမတို့ ရရှိနိုင်တဲ့ အကျိုးတရား ငါးပါးကိုလည်း ပြဆိုပါတယ်။ကထိန်အာနိသင် ရရှိတဲ့ ရဟန်းတော်များရနိုင်တဲ့ အကျိုးတရား ငါးပါးကတော့-ဘောဇဉ်ငါးပါးမှာ တစ်ပါးပါးဖြင့် ပင့်ဖိတ်အပ်သော ဆွမ်းရှိပါလျက် ထင်ရှားရှိသော ရဟန်းကို မပန်မကြားဘဲ အခြားဒါယကာတို့ရဲ့အိမ်သို့ သွားရာ၌ ပါစိတ်အာပတ် မသင့်ခြင်း၊တိစီဝရိတ် အဓိဋ္ဌာန် တင်အပ်သော သင်္ကန်းနှင့် ဉာဉ့်ကင်း၍ နေသော်လည်း နိဿဂ္ဂိပါစိတ် အာပတ်မသင့်ခြင်း၊ ရလာသမျှ သင်္ကန်းတို့ကို အဓိဋ္ဌာန်လည်းမတင် ဝိကပ္ပနာလည်း မပြုဘဲ သုံးဆောင်ရာ၌ ဆယ်ရက်လွန်သော်လည်း နိဿဂ္ဂိပါစိတ် အာပတ်မသင့်ခြင်း၊ ထမင်းစားကြွပါ၊ မုန့်စားကြွပါ အစရှိသဖြင့် ရဟန်းတော်တို့နဲ့ မအပ်စပ်သော အကပ္ပိယ ဝေါဟာရဖြင့် ပင့်ဖိတ်သောဆွမ်းနှင့် ဦးစွာပင့်ဖိတ်သော ဆွမ်းကို မလိုက်ဘဲ နောက်မှပင့်ဖိတ်သော ဆွမ်းကို အလှူခံခြင်းကြောင့် ပါစိတ် အာပတ်မသင့်ခြင်း၊ ကထိန်ခင်းသော ကျောင်းတိုက်၌ ငါးလအတွင်းဖြစ်သော သံဃိကသင်္ကန်းဟူသမျှ ကထိန် အာနိသင် မရသော အခြားသံဃာတို့ ရပိုင်ခွင့် မရှိသော်လည်း ကထိန်အာနိသင်ရသော ရဟန်းတို့ကသာ ခွဲဝေသုံးဆောင်နိုင်ခြင်း ဟူသော “ဟောဓတတ္ထစီဝဂုပ္ပါဒအကျိုး” ကိုလည်း ရနိုင်ပါတယ်။ ဒါကရဟန်းတော်တွေမှာ ရနိုင်တဲ့ ကထိန်အကျိုးတရား ငါးပါးပဲ ဖြစ်ပါတယ်။ကထိန်သင်္ကန်းလှူတဲ့ အလှူရှင်များ ရနိုင်တဲ့ အကျိုးတရား ငါးပါးကတော့- ကထိန်ခင်းထားတဲ့ သံဃာတော်များ ချောင်ချိစွာ သွားလာနိုင်အောင် ပြုပေးထားတဲ့ ပထမအကျိုးဆက်ကြောင့် ကထိန်ခင်းသူ အလှူ ရှင်မှာ မိမိကိုယ်ကို အစိုးရခြင်း၊ လေးကျွန်းစလုံးကို အစိုးတရနဲ့ လှည့်ပတ်သွားလာနိုင်သည့် ဘုန်းတန်ခိုးနှင့် ပြည့်စုံစေနိုင်ခြင်းအပြင် မဟာ သုဒဿနစကြာမင်းကြီးရဲ့ စည်းစိမ်မျိုးကိုလည်း ရရှိခံစားနိုင်ပါတယ်။ သံဃာတော်များကို တိစီဝရိတ်သင်္ကန်း မပါဘဲ ပေါ့ပါးစွာ သွားလာနိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ လှူဒါန်းမှုရဲ့ ဒုတိယ အကျိုးဆက်ကြောင့် ကထိန်သင်္ကန်း အလှူရှင်မှာ သွားလေရာ ဝန်ထုပ်ဝန်ပိုးမပါဘဲ ပေါ့ပါးလွတ်လပ်လွယ်ကူစွာ သွားလာနိုင်ခြင်းအပြင် ဝန်ထုပ်ဝန်ပိုးဖြစ်တဲ့ ကိလေသာ တဏှာညွန်ကိုပါ မှောက်သွန်ပယ်ထား၍ နိဗ္ဗာန်ချမ်းသာကို ရရှိခံစားခြင်းဆိုတဲ့ အကျိုးကိုလည်း ရနိုင်ပါတယ်။ အဓိဋ္ဌာန် ဝိကပ္ပနာ မတင်ဘဲ သုံးချင်တိုင်းသုံးနိုင်အောင် အာပတ်မသင့်ရအောင် ပြုပေးခဲ့တဲ့ တတိယ အကျိုးဆက်ကြောင့် ကထိန်အလှူရှင်ဟာ သံသရာ အဆက်ဆက်မှာ မိမိလက်ဝယ်သို့ ရောက်ရှိပြီးဖြစ်တဲ့ သက်ရှိ၊ သက်မဲ့၊ ပစ္စည်းဥစ္စာ၊ ရတနာရွှေငွေ၊ အခြံအရံ ပရိသတ်တို့ကို အခြားသူများက ဖျက်ဆီးခြင်းငှာ မစွမ်းသာဘဲ ပကတိ ချမ်းသာလျက် ကောင်းမွန်စွာ သုံးဆောင်နိုင်တဲ့ အကျိုးတရားကိုလည်း ရရှိနိုင်ပါတယ်။ ပမာအားဖြင့် ဇောတိက သူဌေးက မပေးလျှင် လက်၌ဝတ်ထားသော ပတ္တမြားလက်စွပ်ကို အားခွန်ဗလဖြင့် ပြည့်စုံသော အဇာတသတ်မင်းသည် မည်သို့ပင် အားစိုက်၍ ချွတ်ယူသော်လည်း မရနိုင်သကဲ့သို့သာတည်း။ဒကာဒကာမတို့က ရဟန်းတို့နှင့် မအပ်စပ်သော ပင့်ဖိတ်နည်းမျိုးဖြင့် “ထမင်းစားကြွပါ၊ ဟင်းစားကြွပါ” ဟု အကပ္ပိယ ဝေါဟာရဖြင့် ပင့်ဖိတ်သော ဆွမ်းကို စားသော်လည်း အပြစ်မရှိအောင် နောက်တစ်နည်းအားဖြင့် ရှေးဦးစွာပင့် ဖိတ်သော အလှူရှင်၏ ဆွမ်းကိုအလှူမခံဘဲ နောက်ပင့်ဖိတ်သော အလှူရှင်၏ဆွမ်းကို အလှူခံ ဘုဉ်းပေးသော်လည်း အာပတ် မသင့်ရအောင် ပြုလုပ်ပေးထားသည့် စတုတ္ထ အကျိုးဆက်ကြောင့် ကုသိုလ်ရှင်အား မလိုငြိုးထား၊ အမုန်းပွား၍ လတ်တလော သေစေနိုင်သော အဆိပ်ကို ကျွေးသော်လည်း မိမိလက်သို့ ရောက်သည်နှင့် အဆိပ်အတောက် ပြေပျောက်၍သွားခြင်း၊ အဆိပ်သင့်၍ မသေနိုင်ခြင်း အကျိုးကိုလည်း ရရှိနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ သံဃာတို့ အားရဖို့ရန် ခဲယဉ်းသော သံဃိကသင်္ကန်းကို အလွယ်တကူ သုံးစွဲနိုင်အောင် ပြုပေးသည့် ပဉ္စမအကျိုးဆက်ကြောင့် ကထိန်အလှူရှင် အနေနဲ့ ဖြစ်လေရာ ဘဝမှာ အဝတ်အထည် အသုံးအဆောင် ပေါများခြင်း၊ မိမိဥစ္စာကို မိမိက မပေးလျှင် သူတစ်ပါးတို့ က လုယူဖျက်ဆီးခြင်းငှာ မစွမ်းသာခြင်း၊ မိမိသာလျှင် ချမ်းသာစွာ သုံးဆောင်နိုင်ခြင်းဆိုတဲ့ အကျိုးတရား ငါးပါးကို ကထိန်သင်္ကန်း လှူဒါန်းသူ အလှူ ရှင်များ အနေနဲ့ ရရှိနိုင်ကြပါတယ်။ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အနေနဲ့ သီတင်းကျွတ်ပြီဆိုတာနဲ့ တစ်ဦးတစ်ယောက်က မတည်ပြီး လှူဒါန်းကြတဲ့ ကထိန်အလှူပွဲများ ရှိသလို အများပေါင်းစုပြီး လှူဒါန်းကြတဲ့ ကထိန်အလှူပွဲများလည်း နိုင်ငံအနှံ့တောရော မြို့ပါ ကျင်းပပြုလုပ်ကြလေ့ ရှိပါတယ်။ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိသာ တစ်လတာအတွင်း ပြီးစီးအောင် ပြုလုပ်ရတဲ့ အလှူဖြစ်လို့ တစ်နှစ်မှာ ဒီတစ်လသာ အကျုံးဝင်တဲ့ အလှူမျိုး ဖြစ်ပါတယ်။လှူတဲ့အခါမှာလည်း ကျောင်းတိုက်အတွင်းမှာ မိမိကြည်ညိုတဲ့ ပုဂ္ဂိုလ်ကို မရည်စူးဘဲ ဘုရားအမှူးရှိတဲ့ သံဃာအများကို ရည်စူးပြီး “သံဃဿဒေမ” လို့ ရွတ်ဆိုပြီး တစ်ရက်အတွင်း ပြီးစီးအောင် လှူဒါန်းရလို့ တစ်လမှာ တစ်ရက်၊ လှူဒါန်းရာမှာလည်း ကျောင်းတိုက်တစ်တိုက် အနေနဲ့ ကထိန်ရာသီ အတွင်းမှာ တစ်ကြိမ်သာ အလှူခံခွင့် လှူဒါန်းခွင့် ရှိပါတယ်။ အကြိမ်ကြိမ် ပြုလုပ်လို့ရတဲ့ အလှူမျိုးလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ကထိန်သင်္ကန်းအလှူက အခြားအလှူများလို မိမိနဲ့ ဆွေမျိုးတော်စပ်သူ မတော်စပ်သူတို့ကို ဝိနည်း ပရိယာယ်သုံးပြီး တောင်းခြင်းငှာအပ်တဲ့ အလှူမျိုးလည်း မဟုတ်ပါဘူး။ အလှူ့ဒကာ၊ ဒကာမတို့ရဲ့ စိတ်ဆန္ဒ အလျောက်သာ ပေါ်ပေါက်လာတဲ့ အလှူမျိုးဖြစ်လို့ မိုးပေါ်က အလိုအလျောက် ကျလာတဲ့ပမာ အလွန်ပဲ သန့်ရှင်းတော်မူပါတယ်။ဒါကြောင့် ဝိနည်းနဲ့ အပ်စပ်ပြီး သန့်ရှင်းတဲ့ အလှူ၊ ဘုရားအစရှိသော သူတော်ကောင်းများ ချီးမွမ်းသော အလှူ၊ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်၊ တစ်ကြိမ်မှာ တစ်ကျောင်း ဆိုသလို အလွန်မွန်မြတ်တဲ့ အလှူကို ပြုခွင့်ရတဲ့ မြန်မာပြည်သူတွေ အနေနဲ့ သာသနာတော်ကို အရတော်ကြသူများ ဖြစ်ကြပေတယ်လို့ စာရေးသူ အနေနဲ့ တွေးပြီး အလွန်ပဲ ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။

Most Read

Most Recent