ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှုတွင် သေဆုံးသူ ၁၁၄ ဦး၏ ရုပ်အလောင်းများ တူးဖော်တွေ့ရှိပြီးနောက် ရှာဖွေမှုရပ်ဆိုင်း

ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှုတွင် သေဆုံးသူ ၁၁၄ ဦး၏ ရုပ်အလောင်းများ တူးဖော်တွေ့ရှိပြီးနောက် ရှာဖွေမှုရပ်ဆိုင်း
Published 25 November 2015
အောင်ဟိန်းမင်း

ဖားကန့်ဒေသ၌ နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် စွန့်ပစ်မြေစာပုံ ပြိုကျမှုတွင် နစ်မြုပ်ပျောက်ဆုံးသွားသူများအား ကုမ္ပဏီမှဘက်ဟိုးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ရှာဖွေမှုပြုလုပ်ခဲ့ရာ ရုပ်အလောင်း ၁၁၄ လောင်းနှင့် ခြေလက်အပိုင်းအစများ တွေ့ရှိပြီးနောက် နိုဝင်ဘာ ၂၅ ရက်တွင် ဆက်လက်ရှာဖွေခြင်း မပြုတော့ဘဲ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။နိုဝင်ဘာ ၂၄ ရက်က လုံးခင်းအုပ်စု အတွင်းရှိ အဆိုပါပြိုကျမှု ဖြစ်ပွားရာနေရာသို့  ကချင်ပြည်နယ်ဝန်ကြီးချုပ် လာရောက်ကြည့်ရှုစဉ် ဘက်ဟိုး ၂၁ စီးဖြင့် ရှာဖွေမှု တိုးမြင့်ထားခဲ့ပြီးနောက် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။သင်္ခါလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်က “ဒီနေ့မှာ ကျွန်တော်တို့ လူမှုကူညီရေးအဖွဲ့တွေရော အားလုံးရပ်နားလိုက်ပါပြီ။ ဆက်လက်ရှာဖွေခြင်း မရှိတော့ပါဘူး။ ရှာဖွေတွေ့ရှိမှုကို ပြောရမယ်ဆိုရင် အပျောက်စာရင်း ထဲမှာ တစ်ဝက်လောက်ရတယ်လို့ ပြောလို့ရပါတယ်။ အခုတွေ့ရတဲ့ အလောင်းတွေကလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ဘယ်သူဘယ်ဝါ မသိရတော့ဘူး။ တကယ်လို့ ဆက်ရှာမယ်ဆိုရင်လည်း ဦးလေးတို့အသင်းတွေ အနေနဲ့တော့ ကူညီဆောင်ရွက်ပေးရမှာပါ” ဟု ပြောကြားသည်။တူးဖော်တွေ့ရှိရသော ရုပ်အလောင်း ၁၁၄ လောင်းတွင် ၈၃ ဦးသာ အမည်စာရင်းရရှိထားပြီး ကျန်အလောင်းများမှာ စာရင်းကောက်ယူ မရရှိသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်းများဖြစ်ကြောင်း သိရသည်။“အလောင်းတော့ ပြန်လိုချင်ပေမယ့် ပြန်မရတော့လည်း မတတ်နိုင်ဘူးလေ။ ကျွန်တော်က ဦးလေးနဲ့ယောက်ဖပါသွားတာ။ အောက်ပိုင်းက ဆွေမျိုးတွေကလည်း အလောင်းတွေ့ရင် ကူးတို့ခထည့်ပေးဖို့ အတင်းမှာနေလို့ ဒီမှာ နေ့တိုင်းလာစောင့်နေတာ။ အခုချိန်မှတွေ့ ရင်လည်း မှတ်မိတော့မှာ မဟုတ်ဘူး”ဟု သောင်းကော့ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။ပြိုကျမှု ဖြစ်ပေါ်သည့်နေရာ၌ ရုပ်အလောင်းရှာဖွေမှုတွင် စနစ်တကျ ရှာဖွေမှုမရှိခဲ့သောကြောင့် ရုပ်အလောင်း အများအပြား မတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်မှုများရှိနေသည်။“ကျွန်တော်ဆိုလိုချင်တာက အလောင်းရှာတာကို အောက်ခြေကနေ မြေလှန်ပြီး ရှာရမှာပါ။ အခုက အောက်ခြေက ရှာပေမယ့်လို့ မြေစာအဆုံးအထိ အောက်ကိုမနှိုက်ဘူး။ အပေါ်ယံ ယှက်ရှာသွားတယ်။ ဟိုးနားဒီနားပဲ ပြန့်ကျဲနေအောင် ရှာသွားတယ်” ဟု မမုံကျေးရွာမှ ဦးခင်မောင်ဝင်းက ပြောကြားသည်။နိုဝင်ဘာ၂၁ ရက်က စွန့်ပစ်မြေစာပုံ ပြို ကျခဲ့မှုမှာ ယခုရာသီချိန်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ပြိုကျမှုထဲတွင် အကြီးမားဆုံးနှင့် လူအသေအပျောက်အများဆုံးဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း စက်ယန္တရားအမြောက် အမြားဖြင့် ရက်အကြာဆုံး ရှာဖွေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပြိုကျနိုင်သည့် အန္တရာယ်ရှိ စွန့်ပစ်မြေစာပုံကြီးများ ဖားကန့်ဒေသတွင် အများအပြားရှိနေသေးကြောင်း ဒေသခံများက ပြောကြားသည်။                          

Most Read

Most Recent