စတုတ္ထတန်းနှင့် အဌမတန်း ခရိုင်အဆင့်နှင့် တိုင်းနှင့်ပြည်နယ်အဆင့် အကြိုစာမေးပွဲများ စစ်ဆေးရန် ရှိမရှိ ညွှန်ကြားချက် ယခုအချိန်ထိ မထွက်ရှိသေးဟုဆို

စတုတ္ထတန်းနှင့် အဌမတန်း ခရိုင်အဆင့်နှင့် တိုင်းနှင့်ပြည်နယ်အဆင့် အကြိုစာမေးပွဲများ စစ်ဆေးရန် ရှိမရှိ ညွှန်ကြားချက် ယခုအချိန်ထိ မထွက်ရှိသေးဟုဆို
Published 25 November 2015
အေးပပ

စတုတ္ထတန်းနှင့် အဋ္ဌမတန်းခရိုင်နှင့် တိုင်းနှင့်ပြည်နယ်အဆင့် အကြိုစာမေးပွဲများ စစ်ဆေးရန် အစီအစဉ်ရှိမရှိ ညွှန်ကြားချက်များ ယခုအချိန်ထိ ထွက်ရှိမလာသေးကြောင်း သိရသည်။၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတုတ္ထတန်းနှင့် အဋ္ဌမတန်းခရိုင်နှင့် တိုင်းနှင့်ပြည်နယ်အဆင့် အကြိုစာမေးပွဲများကို ဒီဇင်ဘာအတွင်း စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခုပညာသင်နှစ်၌လည်း ယခင်နှစ်ကပုံစံအတိုင်းပင် အကြို စစ်စာမေးပွဲများ ရှိနိုင်ကြောင်းလည်း သိရသည်။“စတုတ္ထတန်းနှင့် အဋ္ဌမတန်းခရိုင်နှင့် တိုင်းနှင့်ပြည်နယ်အဆင့် အကြိုစာမေးပွဲ ဒီနေ့အထိကတော့ ဘာညွှန်ကြားချက်မှ မရောက်လာသေးပါဘူး။ အရင်နှစ်က ပုံစံ အတိုင်းပဲ ဖြစ်မယ်ထင်ပါတယ်။ ပုံမှန်အတိုင်း သွားမှာပါ။ အကြိုစာမေးပွဲ စစ်ဆေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်အထိကတော့ ဘာညွှန်ကြားချက်မှ မရသေးပါဘူး”ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။စာမေးပွဲ အောင်စာရင်းများကို Grade A,B,C,D စသဖြင့် အဆင့်များ သတ်မှတ်ထားပြီး ရမှတ် ၈၀ မှ ၁၀၀ အတွင်းရရှိပါက Grade A အဆင့်၊ ရမှတ် ၆၀ မှ ၇၉ အတွင်း အား Grade B အဆင့်၊ ရမှတ် ၄၀ မှ ၅၉ မှတ် အတွင်းကို Grade C အဆင့်နှင့် ရမှတ် ၃၉ မှတ် အောက်ကို Grade D အဆင့်ဟု သတ်မှတ် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး Grade D အဆင့်ရရှိသည့် ကျောင်းသားကျောင်းသူများ အနေဖြင့် စာမေးပွဲ ပြန်လည် ဖြေဆိုရမည်ဖြစ်သည်။ ဘာသာစုံ အောင်မှတ်အား တစ်ဘာသာလျှင် အနည်းဆုံးအမှတ် ၄၀ သတ်မှတ်ထားပြီး အောင်မှတ်မရရှိသော ဘာသာရပ်များအား မေလ အတွင်းပြန်လည်သင်ကြား ပေးကာ ကုစားစနစ်ဖြင့် ပြန်လည်ဖြေဆိုခွင့် ပြုခဲ့သော်လည်း ယခုနှစ်၌ အဆိုပါကုစား စနစ်ဖြင့် ပြန်လည်ဖြေဆိုခွင့်ပြု တော့မည် မဟုတ်ကြောင်း သိရသည်။“ကျောင်းမှာတော့ အကြိုစာမေးပွဲနဲ့ ပတ်သက်ပြီး ဘာမှမပြောသေးပါဘူး။ ဒါပေမဲ့ အခုကတည်းက စာမေးပွဲနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်နေပါတယ်။ ကုစားစာမေးပွဲတွေလည်း မရှိတော့ဘူးဆိုတော့ အကြိုစာမေးပွဲရှိ ရင်တောင် အကြိုစာမေးပွဲမှာ ကျနေလို့မဖြစ်ဘူးလေ။ အကြိုစာမေးပွဲကလည်း အတန်းတင် အတွက်လည်း အထောက်အကူ ပြုတယ်ဆို တော့ စာတွေကို နှစ်စတည်းကကို သေသေချာ ချာကျက်ထားခဲ့ပါတယ်” ဟု အ.ထ.က(၂)ဗဟန်းမှ အဋ္ဌမတန်းကျောင်းသားတစ်ဦးက ဆိုသည်။၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် စတုတ္ထတန်းစာမေးပွဲအား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် မြန်မာစာ၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် အင်္ဂလိပ်စာ၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် သင်္ချာ၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် အခြေခံသိပ္ပံ/ပထဝီဝင်၊ ဖေဖော်ဝါရီ ၂၅ ရက် တွင် လူမှုရေး/သမိုင်း ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၀ နာရီ မိနစ် ၃၀ အထိလည်းကောင်း၊ အဋ္ဌမတန်းစာမေးပွဲအား ၂၀၁၅ ခု နှစ် ဖော်ဖော်ဝါရီ ၁၉ ရက်တွင် မြန်မာစာ၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် အင်္ဂလိပ်စာ၊ ဖေဖော်ဝါ ရီ ၂၃ရက် တွင် သင်္ချာ၊ ဖေဖော်ဝါရီ ၂၄ ရက် တွင် အခြေခံသိပ္ပံ/ပထဝီဝင်၊ဖေဖော်ဝါရီ ၂၅ရက် တွင် လူမှုရေး/သမိုင်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် အထွေထွေသိပ္ပံ စသည့်ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို အစိုးရစစ် စာမေးပွဲများအဖြစ် စစ်ဆေးမှုများအား ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ပြီး ကျောင်းတွင်း စစ်စာမေးပွဲများအဖြစ် သတ်မှတ်စစ်ဆေးခဲ့ရာမှ ခရိုင်နှင့် တိုင်းနှင့်ပြည်နယ်အဆင့် စာမေးပွဲများအဖြစ် ၂၀၁၄-၁၅ ပညာသင်နှစ်မှ စတင်ကာ ပြန်လည်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။ 

Most Read

Most Recent