ဖားကန့်ဒေသတွင် နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးခဲ့သူများကို ဆက်လက်ရှာဖွေခဲ့ရာ နိုဝင်ဘာ ၂၄ ရက်အထိ သေဆုံးသူ ၁၁၄ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ သေဆုံးသူများအား ကချင်ပြည်နယ်အစိုးရက တစ်ဦးလျှင် ကျပ်တစ်သိန်းနှင့် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ကျပ် သုံးသိန်း ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။
စွန့်ပစ်မြေစာပုံ ပြိုကျရာနေရာသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုခဲ့ပြီး ဝန်ကြီးချုပ်နှင့်အတူ ကချင်ပြည်နယ် သတ္တုတွင်းနှင့် သစ်တောရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ ပါရှိကြောင်းသိရသည်။
“ဝန်ကြီးချုပ်က မြေစာပုံပြိုကျတဲ့နေရာကို လာကြည့်ပါတယ်။ ပြီးတော့ သောင်းကော့ကျေးရွာကို ဝင်ပြီး မြေစာပိလို့သေဆုံးသွားခဲ့တဲ့ မိသားစုဝင်တွေနဲ့တွေ့တယ်။ ပြီးတော့ ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ဖားကန့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဦးမျိုးသက်အောင် က ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက်က ပြိုကျမှုဖြစ်ပေါ်ခဲ့သည့် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းမှ စွန့်ပစ်မြေစာပုံပြိုကျမှုအား နိုဝင်ဘာ ၂၄ ရက်အထိ ရှာဖွေမှုဆက်လက် ပြုလုပ်နေရာ အလောင်း ၁၁၄ လောင်း တူးဖော်တွေ့ရှိထားကြောင်း သိရပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေရန် ခက်ခဲလာပြီဖြစ်ကြောင်း ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်နေသူများထံမှ သိရသည်။
တူးဖော်တွေ့ရှိထားသည့် ၁၁၄ လောင်းအတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေ တစ်သိန်းနှုန်းဖြင့် ၁၁၄ သိန်း၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တစ်ဦးလျှင် သုံးသိန်းနှုန်းဖြင့် ၃၄၂ သိန်းထောက်ပံ့ခဲ့ကြောင်း၊ တူးဖော်တွေ့ရှိခဲ့သော အလောင်း ၁၁၄ လောင်းအနက် အမည်စာရင်း အတိအကျရရှိထားသူ ၈၃ ဦးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ၈၃ သိန်း၊ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ၈၃ ဦးအတွက် တစ်ဦးလျှင် ဆန်တစ်အိတ် နှင့်ဆီနှစ်ပိဿာထောက်ပံ့ခဲ့ကြောင်းလည်း သိရသည်။
ဖားကန့်စွန့်ပစ်မြေစာပုံ ပြိုကျမှုမှ ရုပ်အလောင်း ၁၁၄ လောင်း တွေ့ရှိထားပြီး သေဆုံးခဲ့သူများကို ပြည်နယ်အစိုးရမှ တစ်ဦးလျှင် ကျပ်တစ်သိန်းနှင့် ကျောက်မျက်လုပ်ငန်းရှင်များအသင်းက သုံးသိန်းထောက်ပံ့















