ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီသို့ ရောက်ရှိ လာသော တိုင်ကြားစာများတွင် လယ်ယာမြေ သိမ်းဆည်း ခံရမှုများကြောင့် တိုင်ကြား အသနားခံစာ အများဆုံး ဖြစ်ကြောင်း ကော်မတီ အစီရင်ခံစာ တင်သွင်း

ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီသို့ ရောက်ရှိ လာသော တိုင်ကြားစာများတွင် လယ်ယာမြေ သိမ်းဆည်း ခံရမှုများကြောင့် တိုင်ကြား အသနားခံစာ အများဆုံး ဖြစ်ကြောင်း ကော်မတီ အစီရင်ခံစာ တင်သွင်း
Published 24 November 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီသို့ ရောက်ရှိလာသော တိုင်ကြားစာများတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ဖြစ်ပေါ်လာသည့် တိုင်ကြားစာ၊ အသနားခံစာ အများဆုံး ဖြစ်ကြောင်း ကော်မတီက နိုဝင်ဘာ ၂၄ ရက်တွင် လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။
အဆိုပါ တိုင်ကြားစာများနှင့် ပတ်သက်၍ ကော်မတီအနေဖြင့် ကွင်းဆင်း စိစစ်ခဲ့ပြီး တွေ့ရှိချက်များအရ ပြည်သူများ နစ်နာမှုမရှိစေရန်နှင့် ဥပဒေနှင့်အညီ ဖြစ်စေရန်အတွက် မြေပြန်ပေးခြင်း၊ မြေအစားထိုး ပြန်ပေးခြင်း၊ ထိုက်သင့်လျော်ကြေး၊ နစ်နာကြေးများပေးစေခြင်း၊ ပိုလျှံသည့်မြေအား မူလပိုင်ရှင်ထံ ပြန်ပေးစေခြင်း၊ မိမိတို့လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်သူများကိုလည်း ထိုက်သင့်သော အရေးယူခြင်းများ ပြုလုပ်ခြင်း စသည့် အကြံပြုချက်များကို ကချင်ပြည်နယ်ရှိ တိုင်ကြားစာအမှုတွဲ ၁၇ ခုအတွက် အကြံပြု တိုက်တွန်းချက် ၁၇ ချက်၊ တနင်္သာရီတိုင်း ဒေသကြီးရှိ တိုင်ကြားစာအမှုတွဲ ၁၅ ခု အတွက် ဥပဒေနှင့်အညီ ဖြစ်စေသော အကြံပြုချက် ၁၁ ချက်တို့အား ပြည်သူ့လွှတ်တော်မှတစ်ဆင့် တာဝန်ရှိသူ အဆင့်ဆင့်ထံသို့ ဖြေရှင်းပေးရန် တိုက်တွန်းခဲ့ကြောင်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။
“တိုင်ကြားစာတစ်ခုချင်းအပေါ် တာဝန်ရှိသူများ၏ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်းသည့် ပြန်ကြားချက်များကိုရရှိခြင်း မရှိသဖြင့် တိုင်ကြားသူများထံ အကြောင်းပြန်ကြားနိုင်ခြင်း မရှိသောကြောင့် ကော်မတီအပေါ် ယုံကြည်အားကိုမှုများ ကျဆင်းနိုင်လာကြောင်း သုံးသပ်ရပါသည်”ဟု ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက  အစီရင်ခံစာ တင်သွင်းစဉ် ပြောကြားသည်။
ထို့ပြင် ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ပေါ်စေမည့် ပြုပြင် ပြောင်းလဲမှု ရလဒ်များ ထွက်ပေါ်လာရေး၌ ကော်မတီအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းထံသို့  ပြည်သူ့လွှတ်တော်မှ တစ်ဆင့် အကြံပြု တိုက်တွန်းရုံသာ ဆောင်ရွက်နိုင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ စေတနာ အရင်းခံ၍ ထိုအကြံပြုချက်များကို လေးစားလိုက်နာ ဆောင်ရွက်မှသာလျှင် ကော်မတီ၏ ငါးနှစ်တာ ဆောင်ရွက်ချက်များ ပီပီပြင်ပြင် ပြီးပြတ်မည် ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောကြားသည်။
ကော်မတီအနေဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲ ပြုပြင်သင့်သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၁၁၃ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၁၁၅ခု၊ အဆို ၁၂ ခု တင်သွင်းခဲ့ပြီး လွှတ်တော်မှတစ်ဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်းသို့ တိုက်တွန်းခဲ့ ကြောင်း၊ ၁၉၈၄ ခုနှစ်မြေသိမ်း အက်ဥပဒေအား ပယ်ဖျက်ပြီး မြေသိမ်းအက်ဥပဒေ (မူကြမ်း)တစ်ခု တင်သွင်းနိုင်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
 

Most Read

Most Recent