ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ပေးရန် မန္တလေး နှင့် ပြည်ဦးလွင်မြို့ရှိ ရှမ်းတိုင်းရင်းသားများ စုပေါင်း၍ ဆန္ဒပြတောင်းဆိုမှုအား ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက်ပိုင်းက မန္တလေးမြို့ ၆၂ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်း ကြားရှိ မနော်ရမ္မံကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒပြတောင်းဆိုမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက်မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးမြို့ရှိ ရှမ်းလူငယ်အဖွဲ့အစည်းများ၊ ရှမ်းစာပေယဉ်ကျေးမှုအသင်းမှ လူငယ်များနှင့် ပြင်ဦးလွင်မြို့မှ ရှမ်းလူငယ်အသင်းများ၊ ရှမ်းစာပေယဉ်ကျေးမှုအသင်းအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများမှ “လူသားချင်း စာနာပါ”၊ “ ပြည်တွင်းစစ်ရပ်”၊ “စစ်ပွဲသည် အဖြေမဟုတ်” အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လက်မောင်းတွင် အပြာရောင်ပိတ်စများ စည်းနှောင်ကာ “စစ်ပွဲများချက်ချင်းရပ်” ဟု ကြွေးကြော်ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
“အခု ဆန္ဒပြတောင်းဆိုမှုကို ဦးဆောင်ပြုလုပ်တာက မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင်တွေဖြစ်ပြီး ရှမ်းတိုင်းရင်းသားများအပြင် ငြိမ်းချမ်းရေး မြတ်နိုးတဲ့သူတိုင်း မည်သူမဆို ပူးပေါင်းပါဝင်လို့ရအောင် ဖိတ်ခေါ်ထားပါတယ်။ ဆန္ဒပြတောင်းဆိုရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေရပ်စေချင်တဲ့အတွက် တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အား တောင်းဆိုတာဖြစ်ပြီး မြို့ပေါ်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေအနေနဲ့လည်း စစ်ဘေးဒဏ် ခံစားနေရတဲ့ တိုင်းရင်း သားတွေနဲ့ထပ်တူရှိနေတယ်ဆိုတာ ကိုပြောချင်ပါတယ်။ ပြည်တွင်းစစ်ကို ချက်ချင်းရပ်ပေးပါလို့တောင်းဆိုပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက်မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစိုင်းဆိုင်လျန်း ကပြောကြားသည်။
ဆန္ဒပြတောင်းဆိုမှုတွင် ပူးပေါင်းပါဝင်လိုသူများ ပါဝင်နိုင်ရန် ဆန္ဒပြတောင်းဆိုနေသူများက အပြာရောင်လက်ပတ်များ လက်ဆင့်ကမ်းမှုပြုခဲ့ပြီး စစ်ပွဲများအပေါ် မိမိတို့၏ ထင်မြင်ယူဆချက်များကို ရေးသားမှုဖော်ပြမှုများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဆန္ဒပြတောင်းဆိုမှုကို ပြင်ဦးလွင်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေ လာရောက်ပါဝင်တာပါ။ ပြင်ဦးလွင်ကချည်း အယောက် ၁၀၀ လောက် ရှိပါတယ်။ ပြည်တွင်းစစ်ပွဲတွေ ဖြစ်နေတာလည်း ကြာလှပါပြီ၊ ပြောတာက ပြောတာပဲ တကယ်လက်တွေ့မှာကျတော့ စစ်ပွဲတွေ ရပ်ဆိုင်းမှု ဘာမှဖြစ်မလာဘူး။ အဲဒီအပေါ် ကျွန်တော်တို့အရမ်းဝမ်းနည်းတယ်။ အပစ်အခက် ရပ်စဲရေးအတွက် နိုင်ငံတကာကနေ ကူညီထောက်ပံ့မှုတွေ ရှိပေမယ့် အခုလက်ရှိ စစ်ဘေးဒုက္ခသည်တွေ များနေတဲ့အပေါ် ကူညီထောက်ပံ့မှု မရှိတာမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့အနေ နဲ့ ဒီစစ်ပွဲတွေ အမြန်ဆုံး ရပ်စေချင်ပါတယ်”ဟု ပြင်ဦးလွင်မြို့ရှိ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့အစည်းမှ နာယက ဦးစိုင်းကျောက်ကပြောကြားသည်။
အဆိုပါ ဆန္ဒပြတောင်းဆိုမှုအား ရှမ်းတိုင်းရင်းသားများအပြင် မန္တလေးမြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် ကချင်တိုင်းရင်းသားအချို့လည်း ပူးပေါင်းဆန္ဒပြတောင်းဆိုသူများထံမှ လက်ပတ်အပြာများအား တစ်ဆင့်ကမ်းယူကာ ဆန္ဒပြတောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းစစ်ပွဲများ ရပ်တန့်ပေးရန် ရှမ်းတိုင်းရင်းသားများ စုပေါင်း၍ မန္တလေးမြို့တွင် ဆန္ဒပြတောင်းဆို















