Digital Media Asia 2015 နည်းပညာတွေရဲ့ နောက်ထပ် စိန်ခေါ်မှုတွေဆီသို့

Digital Media Asia 2015 နည်းပညာတွေရဲ့ နောက်ထပ် စိန်ခေါ်မှုတွေဆီသို့
Published 24 November 2015
ဝေဖြိုး

နိုဝင်ဘာ ၁၇ ရက်ကနေ ၁၉ ရက်အထိ Digital Media Asia 2015 ကို ဟောင်ကောင်မှာ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့သတင်းစာများနှင့် ထုတ်ဝေသူများအစည်းအရုံး(WAN IFRA) ကျင်းပခဲ့တာ ဖြစ်ပါတယ်။အဓိကအစီအစဉ် ငါးခုနဲ့ ရှင်းလင်းဆွေးနွေးတာတွေကို  ပြုလုပ်ခဲ့ကြပြီး၂၀၁၅ ခုနှစ်အတွက် Asia Digital Media Award အခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်။The Guardian, The Economist, The Wall Street Journal, The Straits Times, Bloomberg, Impresa, Apple Daily နဲ့ Google စတဲ့ နာမည်ကျော် အဖွဲ့အစည်းတွေက CEO, MD, Director, News Editor တွေက ရှင်းလင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ မီဒီယာတွေရဲ့အခန်းကဏ္ဍ၊ နည်းပညာ အသုံးပြုမှု၊ အကျိုး သက်ရောက်မှုတွေကို ဆွေးနွေးခဲ့ကြတာပါ။အရှေ့တောင်အာရှက မြန်မာ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံက ထုတ်ဝေသူ၊  Managing Editor၊ အယ်ဒီတာချုပ်နဲ့ တာဝန်ခံအယ်ဒီတာ စုစုပေါင်း ကိုးဦး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဗီယက်နမ် VNE Express က စီးပွားရေးဆိုင်ရာDeputy MD တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ သြစတြေးလျစတဲ့ နိုင်ငံတွေက ဂျာနယ်လစ်တွေ၊ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူတွေလည်း ပါဝင်တက်ရောက် ခဲ့ကြပါတယ်။Mobile Video နဲ့ပတ်သက်တာတွေ  Newsroom အတွက် Digital နည်းပညာတွေရဲ့ အခန်းကဏ္ဍကိုလည်း လေ့လာနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။News Media အတွက် Smart Phone တစ်လုံးရဲ့ တန်ဖိုး“အချိန်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ သတင်းဖြစ်ရပ်တွေကို ခင်ဗျားတို့ရဲ့ ပရိသတ်တွေဆီကို အချိန်တိုအတွင်း ရောက်ရှိဖို့ ပြောင်းလဲလာတဲ့ နည်းပညာတွေကို မဖြစ်မနေ အသုံးပြုကြရပါမယ်။ ဒီအတွက် ဟိုအရင်ကာလတွေကလို တန်ဖိုးကြီး Movie Camera တွေ မလိုအပ်တော့ပါဘူး။ ခင်ဗျားတို့လက်ထဲမှာရှိတဲ့ Smart Phone တစ်လုံးကို အကျိုးရှိရှိ အသုံးချတတ်ဖို့ပဲ လိုပါတယ်”-Robb Montgomery(CEO, Montgomery, Multimedia)ဟောင်ကောင်မှာ နိုဝင်ဘာ ၁၇ ရက်က စတင်တဲ့ Masterclasses အစီအစဉ်မှာ Social Video နဲ့ပတ်သက်ပြီး လက်တွေ့ ရှင်းလင်းသင်ကြားတဲ့ Robb Montgomery(CEO, Montgomery, Multimedia) က အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။ နံနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီအထိ Social Video နဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ အနေနဲ့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို (၁) ဘယ်လိုအကြောင်းအရာမျိုးတွေ ရွေးချယ်တင်ပြမလဲ။ (၂) ဘယ်လိုတွေးတော ရိုက်ကူးရမလဲ။ (၃) ဘယ်လိုတင်ဆက်ပုံတွေနဲ့ လုပ်ဆောင်မလဲ။ (၄) ဘယ်နည်းပညာတွေကို ဘယ်လိုအသုံးပြုရမလဲ စတာတွေကို လက်တွေ့ရှင်းလင်း သင်ကြားပေးတာပါ။ လိုအပ်တဲ့ Application တွေကိုလည်း အသုံးပြုပုံကအစ သင်ကြားပေးပြီး လက်တွေ့ ပြုလုပ်စေတာ ဖြစ်ပါတယ်။မိနစ်ပိုင်းအတွင်း လျင်လျင်မြန်မြန်ပြု လုပ်နိုင်တာတွေ လက်တွေ့မြင်နေရပေမယ့် အင်တာနက် မြန်နှုန်းအတွက် စိတ်ရှည်နေရ သေးတာ၊ နိုင်ငံတကာနဲ့ယှဉ်ရင် အင်တာနက် အသုံးပြုခ ဈေးကြီးနေသေးတာ၊ Print Media ရဲ့ အခန်းကဏ္ဍအခုမှ အရှိန်ရလာ တာကို တွေးပြီးတော့ ရင်မောရ ပြန်ပါတယ်။Newsroom တွေထဲက Digital နည်းပညာတွေ“နည်းပညာ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေအတွက် အမြဲအသင့် ရှိနေပါတယ်။ ဒါတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားမလဲ ဆိုတာကိုတော့ တွေးတောကြံဆ နေရမှာပါ”Jocelyn Chan(Strategic Manager, Google)နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာ ဟောင်ကောင်မြို့လယ်မှာရှိတဲ့ Google Office မှာ Newsroom အတွက် Digital နည်းပညာ၊ မိုဘိုင်းဖုန်းတွေရဲ့ အခန်းကဏ္ဍကို ရှင်းလင်း ဆွေးနွေးတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ Google က တာဝန်ရှိသူတွေ ပါဝင်သလို News Editor တွေလည်း ပါဝင် ရှင်းလင်းခဲ့ကြပါတယ်။ WAN-IFRA ရဲ့ Digital Media Asia 2015 ကို တက်ရောက်လာတဲ့ ဂျာနယ်လစ်တွေ၊ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူတွေလည်း အချိန် နှစ်နာရီကြာ ပြုလုပ်တဲ့ ဒီအစီအစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ပေ၊ မလေးရှား၊ ဟောင်ကောင်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ချိတ်ဆက် အသုံးပြုတဲ့ ပမာဏ စစ်တမ်းကို ရှင်းလင်းခဲ့ပြီး ဘာကြောင့်  နည်းပညာရဲ့ အခန်းကဏ္ဍဟာ မီဒီယာတွေအတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီစစ်တမ်းမှာ ပါရှိတဲ့ အချက်အလက်တွေအရ ရုပ်သံနဲ့ အင်တာနက် အသုံးပြုမှုထက် မိုဘိုင်းဖုန်း အသုံးပြုမှု ပမာဏ ပိုမိုများပြား လာတာကို အဓိကထား ဆွေးနွေးကြပါတယ်။ ဒါ့အပြင် တရုတ်မှာ ၄၅ ရာခိုင်နှုန်း၊ ထိုင်းမှာ ရာခိုင်နှုန်း ၇၀၊ အင်ဒိုနီးရှားမှာ ၆၅ ရာခိုင်နှုန်း၊ ဗီယက်နမ်မှာ ၄၄ ရာခိုင်နှုန်း၊ စင်ကာပူမှာ ၃၇ ရာခိုင်နှုန်း မိုဘိုင်းဖုန်း အသုံးပြုပြီး သတင်းအချက်အလက်တွေအတွက် အွန်လိုင်းအသုံးပြုတာကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ နည်းပညာတွေ ပြောင်းလဲလာတာနဲ့ အမျှ Print Media ထက် Digital Media ကို ပိုမို အသုံးပြုလာပုံ၊ မိုဘိုင်းဖုန်းတွေရဲ့ ပိုမိုအရေးပါလာတဲ့ အနေအထားမျိုးမှာ မီဒီယာတွေ အနေနဲ့ ဘယ်လိုပြောင်းလဲ ရှင်သန်မလဲ ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်။ဒီနေရာမှာ တရုတ်ဂျာနယ်လစ် တချို့ကတော့ နည်းပညာတွေ ပြောင်းလဲလာတာ မှန်ပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ မူဝါဒတွေ၊ ထိန်းချုပ်မှုတွေ၊ ကန့်သတ်မှု စတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်၊ ဒါတွေကို ဘယ်လို ရင်ဆိုင်မလဲလို့ မေးခွန်းထုတ် ဆွေးနွေးခဲ့ပါတယ်။Reuters က သတင်းအယ်ဒီတာကလည်း နည်းပညာတွေ အသုံးပြုပြီး Newsroom စီမံခန့်ခွဲမှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။ Jocelyn Chan (Strategic Manger, Google) ကတော့ “ကျွန်မတို့ရဲ့ ဒီဆွေးနွေးမှုမှာ ရှင်းလင်းပြထားတွေက တစ်ဆင့် ရှင်တို့ရဲ့ စီးပွားရေး အစီအမံတွေအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆွေးနွေးပွဲ အပြီး မြန်မာနိုင်ငံက လာတာပါလို့ နှုတ်ဆက်တဲ့အခါ ပြန်ပြောခဲ့ပါတယ်။နောက်ရက်တွေမှာ  Digital Media Asia 2015 ရဲ့ Conference and Exhibition ကို ဟောင်ကောင်က The Mira Hotel မှာ ဆက်လက်ပြုလုပ် ခဲ့ပါတယ်။ဆွေးနွေးမှုရဲ့အဓိက အကြောင်းအရာက နည်းပညာ ပြောင်းလဲလာမှု၊ မီဒီယာတွေရဲ့ စီးပွားရေး ရပ်တည်မှုအတွက် ဘယ်လိုနည်းလမ်းတွေ အသုံးပြုမလဲ၊ လက်တွေ့အောင်မြင်နေတဲ့ မီဒီယာ လုပ်ငန်းတွေက ဘယ်လိုနည်းပညာ အကူအညီတွေ၊ မိမိစာဖတ် ပရိသတ်က ဘာတွေကို လိုအပ်နေသလဲ၊ သူတို့ နေ့စဉ်ဘဝမှာ ဘယ်အရာတွေက လွှမ်းမိုးထားသလဲ၊ မီဒီယာတွေရဲ့ ကျဆုံးခြင်းနဲ့ အောင်မြင်ခြင်းရဲ့ အဓိက သော့ချက်တွေက ဘာလဲ စတာတွေကို စစ်တမ်းတွေ၊ ရလဒ်တွေနဲ့ ရှင်းလင်းဆွေးနွေး ခဲ့ကြပါတယ်။ အထူးသဖြင့် Social Media အားကောင်းလာချိန်၊ Digital နည်းပညာတွေ အံ့မခန်း တိုးတက်လာချိန်မှာ မီဒီယာတွေဟာ ဘယ်လို နည်းဗျူဟာတွေနဲ့ ဆက်လက်ရှင်သန်မလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ပြည်သူဆီ မဖြန့်ဝေမီ ကြိုတင်တင်ပြ ခွင့်ပြုချက်ယူရ၊ ခွင့်မပြုဘူး ဆိုတာတွေ ဖြုတ်ပယ်ပေးရတဲ့ ဆင်ဆာစနစ်ကို ၂၀၁၃ ခုနှစ်မှာမှ ပယ်ဖျက်ပေးပြီး နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့်ရခဲ့တဲ့ ကျွန်တော်တို့အတွက် Digital နည်းပညာသစ်တွေနဲ့ နောက်ထပ် စိန်ခေါ်မှုတွေဆီ သွားကြရဦးမှာပါ။

Most Read

Most Recent