ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် တန်ဖိုးနည်းအိမ်ရာများ အငှားစနစ် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း နိုဝင်ဘာ ၂၀ရက်က ဆောက် လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် တန်ဖိုးနည်းအိမ်ရာ အငှားစနစ် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်းနှင့် ဝင်ငွေနည်း ပြည်သူများ၊ ပင်စင်စားဝန်ထမ်းများအတွက် အဓိက ထား စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ အငှားအိမ်ရာစနစ် ရှင်သန်ခိုင်မာ စေရေးအတွက် မူဝါဒများ ရေးဆွဲနေပါကြောင်း သိရှိရသည်။အလားတူ အိမ်ရာများ ရောင်းချခြင်းအတွက် CHDB ဘဏ်နှင့်ချိတ်ဆက်ပြီး ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ရေးကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မန္တလေးတွင် မြရည်န္ဒာ တန်ဖိုးနည်း အိမ်ရာစီမံကိန်းရှိ အိမ်ရာများကို တိုင်းဒေသကြီးနှင့် စည်ပင်သာယာရေးအဖွဲ့က စီမံခန့်ခွဲပါကြောင်းနှင့် ရန်ကုန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသော အိမ်ရာများနှင့် တိုင်းဒေသကြီး/စည်ပင်သာယာရေးအဖွဲ့က စီမံခန့်ခွဲသော အိမ်ရာများဟူ၍ ရှိပြီး ယခုအခါတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသော အိမ်ရာများကို ခွဲဝေသတ်မှတ်ပေးလျက် ရှိပါကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာနှင့် တန်ဖိုးမြင့်အိမ်ရာ အပါအဝင် ပြည်သူ့အငှားအိမ်ရာ စသည်တို့မှ အိမ်ခန်းပေါင်း ၃၀၀၀၀ နီးပါး ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ ၁၁၁၆၀ ခန်း၊ တန်ဖိုးသင့်အိမ်ရာ ၆၈၂၉ ခန်းနှင့် တန်ဖိုးမြင့် အကျိုးတူအိမ်ရာ ၄၃၈၂ ခန်း၊ ပြည်သူ့အငှားအိမ်ရာ ၅၁၅၆ ခန်းနှင့် ဝန်ထမ်းအိမ်ရာ ၁၈၃၀ ခန်း၊ စုစုပေါင်း ၂၉၃၅၇ ခန်းရရှိရန်ဆောင် ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်က နေပြည်တော်တွင် ကျင်းပသည့် မြို့ပြနှင့် အိမ်ရာလိုအပ်ချက်များအား ခေတ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမှု ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး၏ မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အိမ်ခန်းပေါင်း ၁၈၀၀ကျော် ရရှိနိုင်မည့် အငှားအိမ်ရာများ တည်ဆောက်နေပြီး အဆိုပါအိမ်ရာများကို သင့်တော်သည့် နှုန်းထားများဖြင့် ငှားရမ်းခြင်းသော်လည်းကောင်း၊ ရောင်းချခြင်းသော် လည်းကောင်းပြုလုပ်နိုင်ရေး ဆွေးနွေးနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။ရန်ကုန်မြို့သို့ အလုပ်အကိုင် အခွင့်အလမ်းကြောင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများနှင့် လူဦးရေ တိုးပွားလာနေမှုကြောင့် မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက် တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်ရန် အစိုးရပိုင်မြေများ လွန်စွာ ရှားပါးနေကြောင်း မြို့ရွာနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တန်ဖိုးနည်းအိမ်ရာများ အငှားစနစ်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး ပင်စင်စားဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများအတွက် အဓိကထား စီစဉ်ပေးမည်















