တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲမှတ်တမ်းနှင့် ဒေသတွင်း မှတ်တမ်းများအရ သိရသည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်အထိ မိုင်းပေါက်ကွဲမှု အကြိမ် ၅၀ ဖြစ်ပွားခဲ့ပြီး အများစုမှာ ဒေသခံများ တောင်ယာသွားရာလမ်းနှင့် လုပ်ငန်းခွင်အနီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။မိုင်းပေါက်ကွဲမှု အများဆုံးဖြစ်ခဲ့သော နေရာများမှာ ဖားကန့်ဒေသနှင့် မိုးညှင်းဒေသဖြစ်ပြီး မန်စီ၊ မိုးမောက်၊ မိုးကောင်း၊ တနိုင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ စသည့်မြို့နယ်များတွင် အနည်းငယ်ဖြစ်ပွားခဲ့သည်။မိုင်းပေါက်ကွဲမှုများကြောင့် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ တောင်သူများနှင့် ဆင်ဘိုကျေးရွာမှ တောင်သူများမှာ တောင်ကြောအနီးရှိ လယ်ဧကရာနှင့်ချီ စွန့်လွှတ်ခဲ့ရပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးသို့ မိုင်းများရှင်းလင်းပးရန် တောင်းဆိုခဲ့ကြသည်။ကချင်ပြည်နယ် မိုးညှင်းမြို့အနီးတွင် နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာတွင် တပ်မတော်က ဒေသခံများ၏ မိုင်းနင်းပေါက်ကွဲမှုများကို အကြောင်းပြချက် တစ်ခုအနေဖြင့် ဖော်ပြခဲ့သည်။လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRWမှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း သုသေတနအရာရှိ မစ္စတာဒေးဗစ်စကော့ မက်သီဆမ်းက“ ကချင်ပြည်နယ်အပါအဝင် အခြားပြည်နယ်များမှာလည်း မိုင်းအန္တရာယ် ဟာ မြင့်မားနေဆဲပါ။ ကမ္ဘာမှာလည်း ပထမနဲ့ တတိယအဆင့်တွေမှာ ရှိပါတယ်။ မြစ်ကြီးနားနဲ့ ဗန်းမော် လမ်းနံဘေးဝန်းကျင် ကျေးရွာတွေမှာ ယနေ့အချိန်အထိ မိုင်းတွေကျန်နေတယ်ဆိုတာ တွေ့ရပါတယ်။ မိုးများတဲ့နိုင်ငံဖြစ်လို့ မြေသားနဲ့အတူ ရွေ့သွားနိုင်တယ်။ မိုင်းကို နှစ်ဖက်လက်နက်ကိုင်တွေအားလုံးက စစ်ပွဲမှာ အသုံးပြုနေကြဆဲပါ။ လက်လုပ်မိုင်း၊ စက်ထုတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်း အားလုံးနီးပါးကို အသုံးပြုခဲ့ကြတာ တွေ့ရပါတယ်” ဟု ပြောကြားသည်။ရန်ကုန်အခြေစိုက် ယူနီဆက်အဖွဲ့ကလည်း နိုဝင်ဘာ ၁၈ ရက်က ရှမ်းပြည်နယ် လဲချားမြို့နယ်အတွင်း ကလေးငယ်နှစ်ဦး မိုင်းကြောင့် သေဆုံးခဲ့သဖြင့် ဝမ်းနည်းကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ချက်၌ မြန်မာနိုင်တွင် ၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံးကလေးငယ် ၁၀ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးမှာ ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ကလေးများ အသုံးပြုသည့် စာသင်ကျောင်း၊ ဆေးရုံစသည့် နေရာများဝန်း ကျင်၌ ပစ်ခတ်တိုက်ခိုက်ခြင်းကိုလည်း ရှောင်ကြဉ်ပေးကြရန် တိုက်တွန်းထားသည်။ကချင်ပြည်နယ် အစိုးရရုံးမှတ်တမ်းများအရ ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားချိန်မှ ၂၀၁၄ ခုနှစ် အထိ မိုင်းထိဒဏ်ရာရသူ ၂၃၁ ဦး၊ သေဆုံးသူ ၅၈ ဦးရှိကြောင်း၊ သေနတ်ဒဏ်ရာရသူ ၄၅ ဦး နှင့် သေဆုံးသူ ၃၆ ဦးရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၆၂ ဦး ဒဏ်ရာရ















