လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင် လွှတ်ပေးရန် နှစ်ဖက်ကြားနာမှုကို စစ်ဆေးထားရာ ဒီဇင်ဘာ ၁၀ရက်တွင် အမိန့်ချမည်

လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင် လွှတ်ပေးရန် နှစ်ဖက်ကြားနာမှုကို စစ်ဆေးထားရာ ဒီဇင်ဘာ ၁၀ရက်တွင် အမိန့်ချမည်
Published 20 November 2015
သက်ထား၊အေးမြတ်မွန်

လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင် လွှတ်ပေးရန် နှစ်ဖက်ကြားနာမှုကို ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ပြီး ၂၀၁၅ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ရက်နေ့တွင် လန်ဒန်ဆရာတော်တို့၏ အကျိုးဆောင်ရှေ့နေ ဦးသိမ်းဝင်းက ပြောကြားသည်။လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင်လွှတ်သင့်၊ မလွှတ်သင့်ကို ဒီဇင်ဘာ ၁၀ရက်နေ့တွင် အမိန့်ချရန်အတွက် လန်ဒန်ဆရာတော်တို့၏ အကျိုးဆောင်ရှေ့နေနှင့် တရားလို၏ ရှေ့နေများက အရှေ့ပိုင်းခရိုင် တရားရုံး၌ Final argument ပေးခဲ့ခြင်းဖြစ်ကြောင်းသိ ရသည်။“တရားရှင်လွှတ်ဖို့အတွက် လျှောက်လဲချက် ပေးတာပေါ့။ နှစ်ဖက်စလုံးရဲ့ ရှေ့နေတွေက Final argument ပေးတယ်။ ဒီဇင်ဘာ ၁၀ရက်မှာတော့ FO (Final order) ထွက်ပါမယ်” ဟု ဆရာတော်များ၏ ရှေ့နေ ဦးသိမ်းဝင်းက ပြောသည်။လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင် လွှတ်ပေးရန် တာမွေ တရားရုံး၏ ၃၂ နှစ်ကြိမ်မြောက် ရုံးချိန်း၌ လျှောက်ထားခဲ့ရာ အမှုအား လွဲမှားစွာ လျှောက်ထားသည်ဟုဆိုကာ တာမွေတရားရုံးမှ ပယ်ချခဲ့သောကြောင့် အရှေ့ပိုင်းခရိုင် တရားရုံးသို့ တင်ပြခြင်းဖြစ်ကြောင်း သိရသည်။တရားလို ဦးစိန်မော်မှ တရားရုံးချိန်း ၃ ကြိမ်အထက် ပျက်ကွက်ခဲ့ခြင်းကြောင့် ဥပဒေပုဒ်မ (၂၄၇) အရ တရားရှင် လွှတ်သင့်ကြောင်း၊ ဆရာတော်များအား စွဲဆိုထားသည့် အမှုနှစ်ခုလုံးအရ သာသနာညှိုးနွမ်းအောင် လုပ်ဆောင်သည့် အချက်များမှာ ထင်ရှားစွာ မရှိခြင်း၊ ၂၀။၉၀ ဖြင့်သာ စွဲဆိုရမည် ဖြစ်သော်လည်း ၂၉၅(က) ဖြင့် စွဲဆိုခဲ့ခြင်းစသည့် အချက်များအပေါ် ဆရာတော်များ၏ ရှေ့နေများမှ တရားရှင် လွှတ်ပေးရန် လျှောက်ထားခဲ့ကြောင်း သိရသည်။ယင်းသို့ လျှောက်ထားမှုကို ၃၃ ကြိမ်မြောက် ရုံးချိန်းတွင် တာမွေမြို့နယ် တရားသူကြီးမှ ပုဒ်မ၂၉၅(က) အရ လျှောက်ရမည် ဖြစ်သော်လည်း ၂၄၇ ဖြင့် လျှောက်ထားသဖြင့် လွဲမှားစွာ လျှောက်ထားသည်ဟုဆိုကာ တရားရှင် လွှတ်ခွင့်ကို ပယ်ချခဲ့ြ့ခင်းဖြစ်ကြောင်း သိရသည်။“စွပ်စွဲခံ ရှေ့နေများမှ လျှောက်ထားမှုတွင် တရားလို မလာရောက်သည့်အတွက် တရားရှင် လွှတ်ပေးရန် လျှောက်ထားခံရကြောင်း ပေါ်လွင်သည်။ ၂၄၇ တွင် ဆက်လက် ပြဌာန်းထားသည်မှာ တိုင်တန်းသည်မှာ ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် ရုံးသို့ မလာရောက်စေဘဲ အမှုကို ဆက်လက်စီစဉ်နိုင်သည်။ အမှုမှာ စွဲချက် မတင်ရသေးသော်လည်း လွဲမှားစွာ လျှောက်သဖြင့် တရားရှင် လွှတ်ပေးခွင့် လျှောက်ထားမှုအား ပယ်ချလိုက်သည်” ဟူ၍ အမိန့်ချမှတ်ခဲ့သည်။မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန် ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်း ဦးဥတ္တရ (လန်ဒန်ဆရာတော်) အပါအဝင် သံဃာတော် ၅ ပါးကို တိုင်းသံဃာ့နာယက အဖွဲ့၏ ညွှန်ကြားချက်အရ ဟုဆိုကာ ၂၀။၉၀၊ ပုဒ်မ-၂၉၅(က) ဖြင့် ၂၀၁၄၊ ဇွန်လ ၁၃ ရက်နေ့တွင် လူဝတ်လဲခဲ့ပြီး ဇွန် ၂၀ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးခဲ့သည်။           

Most Read

Most Recent