မော်ဒယ် အေးချမ်းမြတ်မိုးအား သတ်ခဲ့သည်ဟု ယူဆရသောကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီး တရားစွဲခံထားရသော ဒဂုံမြို့နယ်နေ အံ့ဖြိုးပိုင်အား နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက အနောက်ပိုင်းခရိုင် တရားရုံး၊ ခရိုင်တရားသူကြီး တရားခွင်၌ ဆက်လက် ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် အမှုနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက် ပေးရမည်ဖြစ်သော်လည်း လာမည့် ဒီဇင်ဘာ ၃ ရက်တွင် အပြီးသတ် လျှောက်လဲချက်ပေးရန် တရားရုံးက ချိန်းဆိုခဲ့ကြောင်း သိရှိရသည်။“အမှုစစ်တဲ့ တရားသူကြီးက အငြိမ်းစားယူဖို့ ဖြစ်တဲ့အတွက် ဒီနေ့ အပြီးသတ် လျှောက်လဲချက် မပေးဖြစ်ဘူး။ အမှုက စစ်ပြီးပြီ။ အပြီးသတ် လျှောက်လဲချက်နဲ့ အမိန့်ချဖို့ အဆင့်ပဲ ကျန်တော့တယ်။ နောက် တရားသူကြီး လာရင်တော့ အပြီးသတ် လျှောက်လဲချက် တင်ဖြစ်မယ်။ လာမဲ့ ဒီဇင်ဘာ ၃ ရက်ကို ရုံးချိန်း ထပ်ချိန်းထားတယ်” ဟု မော်ဒယ် အေးချမ်းမြတ်မိုး မိသားစု၏ ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် သေဆုံးသူ၏ မိခင်၊ အမ၊ အကို၊ အခင်းမဖြစ်မိ အေးချမ်းမြတ်မိုးနှင့်အတူ မုန့်ထွက်စားခဲ့သည့် သူငယ်ချင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မှုခင်းဆရာဝန်ကြီးတို့အား တရားရုံးတွင် စစ်ဆေးခဲ့ပြီး စုစုပေါင်း သက်သေ ၁၅ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ထို့အပြင် စွပ်စွဲခံရသူဘက်မှ သက်သေအဖြစ် တရားရုံးသို့ တင်ပြခဲ့သည့် ၎င်း၏ သူငယ်ချင်းများ အပါအဝင် စုစုပေါင်း ၁၀ ဦးဝန်းကျင်ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က အေးချမ်းမြတ်မိုး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ တရားစွဲခံထားရသော အံ့ဖြိုးပိုင်က ကိုယ်တိုင်ထွက်ဆိုမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။အံ့ဖြိုးပိုင်က ကိုယ်တိုင်ထွက်ဆိုရာ၌ အခင်းဖြစ်ဓားမှာ ၎င်း၏ဓား မဟုတ်ဘဲ သေဆုံးခဲ့သူ အေးချမ်းမြတ်မိုး၏ ဓားသာဖြစ်ကြောင်း၊ အေးချမ်းမြတ်မိုး လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားအား ဆွဲလုရာမှ သူမ၏ လည်ပင်းကို ဓားဖြင့်ထိခိုက်မိခြင်းဖြစ်ကြောင်း တရားရုံးသို့ ထွက်ဆိုထားသည်။မော်ဒယ် အေးချမ်းမြတ်မိုး သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ မှုခင်းဆရာဝန်ကြီးက အေးချမ်းမြတ်မိုးမှာ သွေးလွှတ်ကြောပြတ်၍ သေဆုံးရခြင်းဖြစ်ပြီး ယင်းကဲ့သို့ သွေးလွှတ်ကြောပြတ်ခြင်းကြောင့် ဆေးရုံသို့ အချိန်မီ ရောက်ခဲ့ပါကလည်း အသက်ရှင်နိုင်သည်/သေနိုင်သည် မပြောနိုင်ပါဟု တရားရုံးသို့ ထွက်ဆိုထားသည်။စွပ်စွဲခံရသူ အံ့ဖြိုးပိုင်အား ပြီးခဲ့သည့် မေ ၂၉ ရက်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁)(ခ)ဖြင့် စွဲချက်တင်ကြောင်း တရားသူကြီးက အမိန့်ချမှတ်ပြီး ၎င်းမှာ အပြစ်မရှိကြောင်း စွပ်စွဲခံရသူ အံ့ဖြိုးပိုင်က ငြင်းဆိုထားကာ နှစ်ဖက် တရားရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေသည့် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံခဲ့ရသည့် အမှု ဒီဇင်ဘာ ၃ ရက်တွင် နှစ်ဖက်ရှေ့နေများ အမှုအတွက် အပြီးသတ် လျှောက်လဲချက် ပေးမည်