လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသော တိမ်စွယ်တန်းများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတွင် မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ထုတ်ပြန်ချက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသည့် တိမ်စွယ်တန်းများသည် အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် နိုဝင်ဘာ ၁၈ ရက်မှ စတင်ပြီး ၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။နိုဝင်ဘာ ၁၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် ရေးမြို့တွင် ၀ ဒသမ ၅၅ လက်မနှင့် ထားဝယ်မြို့တွင် ၀ ဒသမ ၄၃ လက်မထိ ရွာသွန်းခဲ့ကြောင်း သိရသည်။ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် ကမ်းခြေတောင်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။နိုဝင်ဘာ တတိယရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ထပ်မံဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းထားသည်။ထို့ပြင် တတိယ ၁၀ ရက်ပတ်အတွင်း မိုးရွာသွန်းနိုင်မှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်နှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ တွင် ရွာသွန်းမြဲအောက်သို့ လျော့နည်းနိုင်ကြောင်းလည်း မိုးဇလမှ ခန့်မှန်းထားသည်။မိုးရွာသွန်းရက်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် ၃ ရက်မှ ၄ ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။
လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသော တိမ်စွယ်တန်းများကြောင့် ပြည်နယ်နှင့် တိုင်းခုနစ်ခုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်















