ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ နိုဝင်ဘာ ၁၁ ရက်အထိ အတည်ပြုချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော် နှစ်ရပ်ပေါင်း ၃၈၇ နေရာ နိုင်ထားပါတယ်။ ဒါဟာ အစိုးရ ဖွဲ့ဖို့ လိုအပ်တဲ့ ပမာဏ ၃၂၉ နေရာထက် ၅၉ နေရာ ကျော်လွန်ပြီး ရရှိခဲ့တာပါ။၂၀၁၅ ခုနှစ် NLD ရဲ့ အောင်နိုင်မှုဟာ ၁၉၉၀ ပြည့်နှစ်ကလိုပဲ သောင်ပြို ကမ်းပြို ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ဟာ ၁၉၉၀ ပြည့်နှစ် မဟုတ်တာကြောင့် NLD ဟာ သောင်ပြို ကမ်းပြို နိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားတဲ့ အာဏာရ ပြည်ခိုင်ဖြိုး ပါတီနဲ့ နိုင်ငံရေး ပရောဟိတ်တွေရဲ့ ခန့်မှန်းချက် လွဲပါတယ်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း နိုင်ငံရေး ပါတီ ၉၃ ပါတီ ဝင်ပြိုင်ပါတယ်။ မဲဆန္ဒနယ် ၄၈၅ နေရာမှာ NLD က ၃၉၂ နေရာ နိုင်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၈၀ ဒသမ ၈၂ ရာခိုင်နှုန်း နိုင်ခဲ့တာပါ။ အခုလည်း NLD က ရာခိုင်နှုန်း ၈၀ ကျော် နိုင်မှာပါပဲ။၁၉၉၀ ပြည့်နှစ်မှာ NLD အနိုင်ရပေမယ့် အာဏာလွှဲပြောင်းပေးမှု မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကတိ ဖျက်ပါတယ်။ဒီတစ်ကြိမ်မှာ မရတော့ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် လွှတ်တော်ဆိုင်ရာ ဥပဒေများအရ အာဏာလွှဲပေးရမှာ ဖြစ်ပြီး အာဏာ မလွှဲခဲ့ရင် ဥပဒေ ချိုးဖောက်မှု ဖြစ်ပါတယ်။
■ ၉၀ သမိုင်း တစ်ပတ် ပြန်မလည်စေဖို့၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် နိုင်ခဲ့ပေမယ့် ပွဲမပြီးသေးပါဘူး။ အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ် ပြီးဆုံးမှ ပွဲပြီးတယ်လို့ သတ်မှတ်နိုင်မှာပါ။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို မေ ၂၇ ရက်မှာ လုပ်ပါတယ်။ အာဏာ လွှဲပေးမှာပဲလို့ အနိုင်ရ လွှတ်တော်အမတ်တွေ၊ ပြည်သူတွေနဲ့ နိုင်ငံတကာ မီဒီယာတွေပါ ထင်ခဲ့ပါတယ်။မေ ၂၇ ရက် ရွေးကောက်ပွဲအပြီး နှစ်လကြာချိန် ဇူလိုင် ၂၇ ရက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးခင်ညွန့်က ၁/၉၀ ကြေညာချက် ထုတ်ပြန်ပြီး အာဏာလွှဲပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြောပါတယ်။ ဒီမတိုင်ခင် အချိန်မှာရော၊ ဒီနောက်မှာပါ လူဖမ်းပွဲ စတင်ပြီး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီး ထောင်ချတာ၊ ဖိအားပေးပြီး နုတ်ထွက်စေတာတွေ လုပ်ပါတယ်။ ဒါ့အပြင် NLD ကို ပစ်မှတ်ထားပြီး နိုင်ငံရေး ပါတီတွေကို အမှည့်ခြွေ ခြွေခဲ့ကြပါတယ်။ ဒီလို လုပ်ဆောင်မှုကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးကနေ ၁၉၉၂ ခုနှစ် အချိန်အထိ စစ်အာဏာရှင်တွေက ဆက်တိုက် လုပ်ခဲ့တာပါ။ ၁၉၉၃ ခုနှစ် ရောက်ချိန်မှာတော့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ယောက်ထဲက ကျန်နေတဲ့ ကိုယ်စားလှယ် ၁၀၀ နဲ့ စစ်အာဏာရှင်တွေ စိတ်ကြိုက် ရွေးချယ်ထားတဲ့ လူ ၆၀၀ ကျော်နဲ့ အမျိုးသား ညီလာခံ လုပ်ခဲ့ပါတယ်။မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် သတင်းစာဆရာ ဘာတေးလ်လစ်တနာကတော့ ၉၀ ပြည့်နှစ် သမိုင်းကို ထောက်ပြပြီး အခု ဖြစ်နေတဲ့ အခြေအနေတွေကို သတိထားဖို့ ပြောထားပါတယ်။ ဧရာဝတီ သတင်းဋ္ဌာန အင်္ဂလိပ်ပိုင်း အစီအစဉ်မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးက တစ်ဆင့် ဘာတေးလ်လစ်တနာက ပြောခဲ့တာပါ။“၁၉၉၀ ပြည့်နှစ်တုန်းကလည်း ဒီလိုပါပဲ။ မေ ၂၇ ရက်မှာ အောင်ပွဲခံမှုတွေ လုပ်ခဲ့တယ်။ အပြောင်းအလဲအတွက် တကယ် သွားလို့ရပြီ၊ ကျော်လွှားနိုင်ပြီလို့ လူတွေက ထင်ခဲ့ကြတယ်။ နှစ်လလောက်လည်း ကြာရော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) က အမိန့်ထုတ်တော့တာပဲ။ အခြေခံ အားဖြင့်တော့ ပါတီ တစ်ခုတည်းကို အာဏာ လွှဲမပေးနိုင်ဘူး။ တခြား ပါတီတွေ အများကြီး ရှိသေးတယ်။ တခြား ထည့်သွင်း စဉ်းစားရမယ့် အရာတွေလည်း ပြောဖို့ လိုသေးတယ် ဆိုပြီးတော့ပေါ့” လို့ ဘာတေးလ်လစ်တနာက ပြောပါတယ်။ဒါကြောင့် လက်ရှိ အနေအထားနဲ့ ပတ်သက်ပြီး သတိကြီးကြီး ထားရမယ်လို့ ဘာတေးလ်လစ်တနာက သတိပေးထားပါတယ်။“ရွေးကောက်ပွဲ ရလဒ်ကို သူတို့ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့်ရဦးမယ်။ ဒီဇင်ဘာ အကုန် ဒါမှမဟုတ် ဇန်နဝါရီလလောက်အထိ မသိနိုင်သေးဘူး။ အဲဒီအချိန်ကျရင် နိုင်ငံတကာ သတင်းထောက်တွေ ပြန်ကုန်ကြပြီ။ တခြား သတင်း အသစ်တွေကို သူတို့ အာရုံစိုက်နေပြီ။ လူတိုင်းက မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် လမ်းစဉ်ကို လွတ်လပ်စွာနဲ့ လျှောက်လှမ်းနေပြီလို့ ကောက်ချက် ဆွဲကြလိမ့်မယ်။ အဲဒီအချိန်မှာ ဘာဖြစ်မလဲ ဆိုတာကို ကျွန်တော်တို့ သတိထားပြီး စောင့်ကြည့်ရမယ်” လို့ ဘာတေးလ်လစ်တနာက ဧရာဝတီ သတင်းဋ္ဌာနကို ပြောခဲ့ပါတယ်။၁၉၉၀ ပြည့်နှစ်မှာ ဥပဒေ အားနည်းချက်ကြောင့် NLD အပါအဝင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အငိုက် မိခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရော၊ သက်ဆိုင်ရာ လွှတ်တော် ဥပဒေတွေပါ ရှိပါတယ်။ ဒီအတွက် ၁၉၉၀ ပြည့်နှစ်လို လက်လွတ်စပယ် လုပ်လို့ မရတော့ပါဘူး။ ဒါပေမဲ့ သတိထားရမယ့် ကိစ္စတွေတော့ ရှိနေပါတယ်။
■ အာဏာ လွှဲပြောင်းရေး၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အခြားသော လွှတ်တော်ဆိုင်ရာ ဥပဒေတွေအရ ရွေးကောက်ပွဲ ပြီးတာနဲ့ အာဏာ လွှဲပြောင်းမှု ချက်ချင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ်တွေက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းမှ အသက်ဝင်လာမှာ ဖြစ်ပါတယ်။ဒါကြောင့် အခုချိန်ကစပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ ကာလတွေဟာ သတိထားရမယ့် အချိန်တွေ ဖြစ်လာပါတယ်။လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ရဲအရေးပိုင်တဲ့ ရွေးကောက်ပွဲ တရားစွဲဆိုမှု ဆိုင်ရာ ကိစ္စတွေကို ရွေးကောက်ပွဲပြီးလို့ ၁၅ ရက်အတွင်း လုပ်ရပါမယ်။ ရွေးကောက် တင်မြှောက်ခံရမှုကို ကန့်ကွက်မယ်ဆိုရင် ရွေးကောက်ပွဲပြီးလို့ ၄၅ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြပိုင်ခွင့် ရှိပါတယ်။ ရွေးကောက်ပွဲ အပြီး ၄၅ ရက် အကြာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ရပါမယ်။ ဒီလို ထုတ်ပြန်ပြီးချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန် ပြီးဆုံးမှာ ဖြစ်ပါတယ်။အခု လက်ရှိမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှု၊ ကန့်ကွက်မှုတွေက ပြောပလောက်တဲ့ ပမာဏ မရှိသေးပါဘူး။ ရွေးကောက်ပွဲ လုပ်ပြီးလို့ ခြောက်ရက် ကြာတဲ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်လွှာ တင်သွင်းမှု မရှိသေးဘူးလို့လည်း သိရပါတယ်။လက်ရှိ NLD အနိုင်ရထားတဲ့ နေရာတွေကို လျှော့ချချင်တဲ့အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုမှု၊ ကန့်ကွက်လွှာ တင်သွင်းမှု နည်းတွေနဲ့ လုပ်ဆောင်လာတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုနည်းနဲ့ NLD အနိုင်ရထားတဲ့ နေရာတွေကို လျှော့ချဖို့ မဖြစ်နိုင်ပါဘူး။ ဒီလို နည်းလမ်းနဲ့ လုပ်ခဲ့မယ်ဆိုရင် အာဏာရ ပြည်ခိုင်ဖြိုး ပါတီဘက်က အနိုင်ရထားတဲ့ နေရာတွေ၊ ဝင်ပြိုင်ခဲ့တဲ့ နေရာတွေမှာလည်း ရွေးကောက်ပွဲ ဥပဒေနဲ့ မညီတာတွေ၊ တရားမဲ့ ပြုကျင့်မှုနဲ့ ငြိစွန်းနေတဲ့ အချက်တွေ အများကြီး ဖြစ်ထားပါတယ်။ ဒီကိစ္စအတွက် သက်သေ အထောက်အထားတွေလည်း ပြည်သူတွေ လက်ထဲမှာ ရှိထားပြီ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ သာမက မဲဆန္ဒရှင် ပြည်သူတွေကပါ တိုင်ကြားခဲ့ပြီ ဆိုရင် အရေးယူရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကြိုတင် ပြင်ဆင်ထားသူတွေလည်း ရှိနေပါပြီ။အာဏာ လွှဲပြောင်းရေး အတွက်ကတော့ လွှတ်တော် သက်တမ်းကို အရင်ဆုံး ပိုင်းဖြတ်ရမယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၉ အရ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းဟာ အဲဒီ လွှတ်တော်ရဲ့ သက်တမ်း ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပတဲ့နေ့ကစပြီး ငါးနှစ် ဖြစ်ပါတယ်။ ဒီအတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ လွှတ်တော်သက်တမ်း ကုန်ဆုံးပါမယ်။ အမျိုးသား လွှတ်တော်လည်း ဇန်နဝါရီ ၃၁ ရက်မှာ သက်တမ်းကုန်ပါမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၃ အရ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပခြင်းကို “ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ် စတင်သော ပထမအကြိမ် ပုံမှန် အစည်းအဝေးကို အထွေထွေ ရွေးကောက်ပွဲ စတင် ကျင်းပသည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်” လို့ ဖွင့်ဆိုပါတယ်။ဒါကြောင့် အနိုင်ရ ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်သစ်ကို အစောဆုံး ဇန်နဝါရီလ အတွင်းနဲ့ နောက်အကျဆုံး ဖေဖော်ဝါရီ လဆန်းမှာ အခုလက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ခေါ်ယူပေးရပါမယ်။ပြီးတဲ့အခါ ပြည်ထောင်စုလွှတ်တော် ဥပဒေအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ခေါ်ယူပြီး ၁၅ ရက် အတွင်းမှာ ပြည်ထောင်စု လွှတ်တော်ကို ခေါ်ယူရမှာပါ။ပြည်ထောင်စုလွှတ်တော် ခေါ်ယူပြီးရင် သမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်တွေကို အရင် လုပ်ရပါမယ်။ ဒီ လုပ်ငန်းစဉ်တွေ ပြီးလို့ သမ္မတ ရွေးချယ်ပြီးတာနဲ့ သမ္မတက တင်သွင်းတဲ့ အစိုးရ ဝန်ကြီးအဖွဲ့ စာရင်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ဒါကြောင့် သမ္မတ အသစ်နဲ့ အစိုးရ အဖွဲ့သစ်ဟာ နောက်အကျဆုံး ဖေဖော်ဝါရီလ အတွင်းမှာ ထွက်ပေါ်လာရမှာ ဖြစ်ပြီး အာဏာ လွှဲပြောင်းရေးကို အဆင့်ဆင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။အကယ်၍ အာဏာ မလွှဲဘူး ဆိုရင်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တခြား လွှတ်တော်ဆိုင်ရာ ဥပဒေတွေ၊ တည်ဆဲ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လုပ်ဆောင်မှသာ လုပ်လို့ ရပါမယ်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ ၂၀၁၁ ခုနှစ် ဇန်နဝါရီမှာ လွှတ်တော် ခေါ်ယူခဲ့ပါတယ်။ သမ္မတ ရွေးချယ်မှုနဲ့ အစိုးရအဖွဲ့ ရွေးချယ်မှုကို ဖေဖော်ဝါရီမှာ လုပ်ပါတယ်။ မတ်လမှာ ကျမ်းသစ္စာ ကျိန်ဆိုကြပြီး အစိုးရ အဖွဲ့ကို တာဝန်ယူကြပါတယ်။၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုးပြီး နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာချက် ၇/၂၀၁၁ ထုတ်ပြန်ပါတယ်။တစ်ဆက်တည်းမှာပဲ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုင်ရာ အာဏာများ လွှဲပြောင်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ပါတယ်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်အရ အာဏာလွှဲပြောင်းပုံ အဆင့်ဆင့် အချိန်ဇယားအတိုင်း ဆိုရင် လာမယ့် မတ်လထက် နောက်မကျစေဘဲ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့က အာဏာ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
■ သတိထား စောင့်ကြည့်ရမည့် အခြေအနေများ အခုချိန် မှာတော့ NLD က သမ္မတ အပါအဝင် အစိုးရ ဖွဲ့နိုင်ဖို့အထိ အုပ်စီးမိနေပါပြီ။ နိုဝင်ဘာ ၁၄ ရက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ NLD က လွှတ်တော် နှစ်ရပ်စလုံးမှာ ၇၅ ရာခိုင်နှုန်းအထက် အနိုင် ရရှိထားပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲလိုပဲ ရာခိုင်နှုန်း ၈၀ အထက် အသာရမယ့် အခြေအနေ ရှိပါတယ်။ ဒီ အခြေအနေဟာ ဘယ်သူနဲ့မှ ညှိနှိုင်းစရာ မလိုဘဲ အစိုးရ ဖွဲ့စည်းနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း နိုဝင်ဘာ ၁၀ ရက်မှာ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ကို စာပေးပို့ ထားပါတယ်။သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းစဉ် ပြီးဆုံးရင် တွေ့ဆုံမယ်လို့ အကြောင်း ပြန်ခဲ့ပါတယ်။ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြီးဆုံးမှုဟာ ရွေးကောက်ပွဲ ပြီးလို့ ၄၅ ရက်အကြာ အစီရင်ခံစာ တင်သွင်းပြီးမှ အပြီးသတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားတဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုဟာ နောက်အကျဆုံး ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ဖြစ်လာနိုင်ပါတယ်။အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြီးမှလို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၁၅ ရက်မှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပါတီ ၉၂ ပါတီကို ခေါ်ယူပြီး ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က လေးပွင့်ဆိုင် တွေ့ဆုံဖို့ ကမ်းလှမ်းတုန်းက ပယ်ချပြီး အခြားပါတီ၊ အင်အားစုတွေနဲ့ တွေ့ဆုံလိုက်တဲ့ ပုံစံနဲ့ အတူတူပါပဲ။ ဒီလုပ်ဆောင်မှု နောက်ကွယ်မှာ ဘယ်လို အကြောင်းတွေ ရှိမယ်ဆိုတာ မသိနိုင်ပါဘူး။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောကြားချက်တွေအရ ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရသည် ဖြစ်စေ တရားနည်းလမ်း ကျစွာနဲ့ ရတဲ့ Result ကို အကုန် လက်ခံမယ်လို့ ပြောထားသလို တပ်မတော် အနေနဲ့ အာဏာသိမ်းဖို့ အစီအစဉ် လုံး၀ မရှိကြောင်းလည်း အတိအလင်း ပြောထားပါတယ်။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒီလို ပြောထားပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသိမ်းခြင်းကို ခွင့်ပြုထားတယ် ဆိုတာ သတိထားဖို့ လိုပါတယ်။ ဒီအချက်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ ဖွင့်ဆိုထားပါတယ်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာသိမ်းဖို့ မလုပ်နိုင်အောင်ကို ဒေါ်အောင်ဆန်းစုကြည်က သတိပေးထားပါတယ်။ရွေးကောက်ပွဲ ကိစ္စရပ်တွေ မပြီးသေးတဲ့အတွက် လာမယ့် လတွေမှာ ပြည်သူတွေ အနေနဲ့ ကိုယ့်စိတ်ကိုယ်နိုင်အောင် ထိန်းပြီး ဆူပူ လှုံ့ဆော်မှုတွေကို သတိထားဖို့ နိုဝင်ဘာ ၁၂ ရက်မှာ RFA သတင်းဋ္ဌာနရဲ့ အပတ်စဉ် ကဏ္ဍဖြစ်တဲ့ “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ သတိပေး ပြောခဲ့တာ ဖြစ်ပါတယ်။“...ပြည်သူတွေကြောင့် ဒီရွေးကောက်ပွဲ ဖြစ်မြောက်သွားတာ ကျေးဇူးတင်တယ်။ တကယ့်ကိုလည်း အားတက်တယ်။ လေးစားတယ်။ ပြည်သူတွေကို တန်ဖိုးထားတယ်။ ဒါပေမဲ့ တစ်ခု သတိပေးချင်တယ်။ ဒီကိစ္စက မပြီးသေးဘူး။ အခု လာမယ့် အပတ်တွေ နှစ်လ၊ သုံးလလောက် အတွင်းမှာ ပြည်သူတွေဟာ ကိုယ့်စိတ်ကိုယ် နိုင်ရမယ်။ ဆူပူအောင် လှုံ့ဆော်မှုတွေကို သတိထားပါ။ ကိုယ့်လမ်း ကိုယ်လျှောက်တဲ့ အခါမှာ ဘေးကနေ အဖျက်တွေ၊ ရန်တွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အစ်မတို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှု ထားပြီးတော့၊ နားလည်မှု ထားပြီးတော့ အားလုံး လိုချင်တဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းရေး ဖြစ်ဖို့အတွက် သမ္မတ ဦးသိန်းစိန် အစိုးရမှာပဲ တာဝန်ရှိပါတယ်။ မင်းမဲ့စရိုက် ဆူပူ အကြမ်းဖက်မှုတွေ မဖြစ်အောင် ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက တာဝန်ယူရမှာပါ။ အကယ်၍ ပြည်ထဲရေး ဝန်ကြီးဌာနက မင်းမဲ့စရိုက် ဆူပူ အကြမ်းဖက်မှုတွေနဲ့ တရားဥပဒေ စိုးမိုးရေးကို မျက်ကွယ်ပြုမယ်၊ ဥပဒေမဲ့ ပြုကျင့်တာတွေ၊ မတရား ဖမ်းဆီး အရေးယူမှုတွေ လုပ်မယ်ဆိုရင် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ရွေးကောက်ပွဲ မတိုင်ခင် ကာလမှာ ဖြစ်ခဲ့တဲ့ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့စေတဲ့ လုပ်ရပ်တွေ၊ မင်းမဲ့စရိုက် အပြုအမူတွေကို ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက အချိန်မီ ထိရောက်တဲ့ တားဆီးမှု မလုပ်နိုင်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကာလ တည်ငြိမ်မှု ရှိအောင် ပြည်သူတွေ စောင့်ထိန်းခဲ့ပါတယ်။အကယ်၍ အာဏာ လွှဲပြောင်းရေး ကြားကာလမှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တာ၊ မင်းမဲ့စရိုက် ဥပဒေမဲ့ ပြုကျင့်မှုတွေနဲ့ ဆူပူ အကြမ်းဖက်မှု မီးစတွေ ဖြစ်လာရင်တော့ ဒါတွေကို နိုင်နင်းအောင် ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက တာဝန် မယူခဲ့ရင် ပြည်ထဲရေး ဝန်ကြီးဌာန အပြင် ဒါတွေကို လုပ်ဆောင်တဲ့ ဘယ်သူမဆို တည်ဆဲ ဥပဒေတွေ အပြင် နိုင်ငံတော် ပုန်ကန်မှု အထိ အရေးယူ ခံရနိုင်ပါတယ်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ပြိုကွဲသွားတဲ့ အင်အားကို နှစ်လအတွင်း ပြန်လည် စုစည်းပြီး တန်ပြန်တိုက်ခိုက်မှုတွေ လုပ်ဖို့ အချိန် အလုံအလောက် ရသွားခဲ့တယ်လို့ ဘာတေးလ်လစ်တနာက သုံးသပ် ထားပါတယ်။အခုချိန်မှာ အဲလို မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့က တပ်မတော်ရဲ့ လက်ထဲမှာပဲ ရှိနေတာကို သတိပေး ပြောဆိုမှုတွေ ရှိပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ (ခ)၊ ပုဒ်မခွဲ (၂) အရ ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနတွေရဲ့ ဝန်ကြီးနေရာအတွက် အမည်စာရင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကနေ ယူရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အဲဒီ ဝန်ကြီးဋ္ဌာန သုံးခုအတွက် ဝန်ကြီးတွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ပိုင်ခွင့် ရှိပါတယ်။ဒါပေမဲ့ သူတို့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ပိုင်ခွင့်သာ ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၂ (ဇ) အရ သူတို့ဟာ သမ္မတကို တာဝန်ခံရမှာ ဖြစ်ပါတယ်။NLD အစိုးရ ဖြစ်လာခဲ့ပြီ ဆိုရင်လည်း ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေး ဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ပိုင်ခွင့်ပဲ ရှိမှာဖြစ်ပြီး သူတို့က သမ္မတကို တာဝန်ခံရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို သမ္မတက မကြိုက်ဘူး၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး ဆိုရင် သမ္မတက အချိန်မရွေး ဖယ်ရှား အစားထိုး ပြောင်းလဲ တာဝန်ပေးလို့ ရပါတယ်။အခုချိန်မှာ NLD က အစိုးရ ဖွဲ့နိုင်တဲ့အထိ အုပ်စီးမိနေပြီ ဖြစ်ပေမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုပြီး ညှိနှိုင်းဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။ ဒါဟာ လိုတာထက် ပိုတဲ့ သဘောထားကြီးမှု တစ်ခု ဖြစ်ပါတယ်။
■ တပ်မတော်ရဲ့ သဘောထား ဘယ်သူပဲ အနိုင်ရသည် ဖြစ်စေ၊ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမယ် ဆိုတဲ့ ကတိစကား ပြောဆိုမှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြိမ်ကြိမ် ပြောထားပါတယ်။နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ မဲပေးချိန်မှာ ပြည်သူ အားကိုးတဲ့ ပါတီပဲ အနိုင်ရမယ်လို့ မျှော်လင့်ထားတယ်၊ ပြည်သူက ရွေးချယ်တာ ဖြစ်တဲ့အတွက် အနိုင်ရရှိတဲ့ ရလဒ်အပေါ် လက်မခံနိုင်စရာ မရှိဘူး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲရလဒ် ကြေညာပြီးတာနဲ့ ဘယ်သူဖြစ်ဖြစ် လက်ခံမယ်၊ ရွေးကောက်ပွဲ ရလဒ်က ထွက်ပေါ်လာတဲ့ အစိုးရကို အာဏာ လွှဲပြောင်းဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါပြီးသား ဖြစ်တယ်ဆိုတဲ့ အချက်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ဒီအတိုင်းပဲ စက်တင်ဘာ ၂၁ ရက်က မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာလည်း အာဏာ ပြန်သိမ်းဖို့ အစီအစဉ် လုံး၀ မရှိဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။“... ဒီလို အစီအစဉ်လည်း ကျွန်တော့်မှာ လုံး၀ မရှိဘူးဆိုတာ ကျွန်တော်တင် မဟုတ်ဘူး၊ တပ်မတော်မှာလည်း လုံး၀ အစီအစဉ် မရှိဘူးလို့ ကျွန်တော် ပြောပါရစေ” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။“တပ်မတော်ရဲ့ ဆန္ဒအရ အာဏာသိမ်းတာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့ ဒီဆန္ဒ တကယ် အမှန်ပါ။ ဒီကိစ္စကို မကြိုက်ပါဘူ... တပ်မတော်ဆိုတာ စည်းနဲ့ ကမ်းနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအပြင် စည်းကမ်းကို အခြေခံပြီး လုပ်ဆောင်ရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အင်မတန် ကြီးမားတဲ့ institution ဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းနဲ့ အညီပဲ ကျွန်တော်တို့ သွားချင်ပါတယ်။ သွားဖို့ လိုလားပါတယ်” လို့ သူက ဆက်ပြောပါတယ်။ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း သွားမှာဖြစ်ပြီး ကျော်လွန်လို့ မရကြောင်း ပြောပါတယ်။စက်တင်ဘာ ၂၁ ရက် မီဒီယာ တွေ့ဆုံမှုမှာလည်း နိုဝင်ဘာ ရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီကြီး တစ်ခု အနိုင်ရခဲ့ရင် တပ်မတော် အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဘယ်အခန်းကဏ္ဍက ပါဝင်မလဲ ဆိုတဲ့ အမေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်ဖြေတဲ့ အခါ “ရွေးကောက်ပွဲမှာ ဘယ်ပါတီပဲနိုင်နိုင် လက်ခံမှာပါ။ ကျွန်တော် ပြောထားတယ်လေ။ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်ဆို လက်ခံမယ်ဆိုတာ ပြောပြီးသားပဲ။ သူ့မှာလည်း ဖွဲ့စည်းပုံက ပြဋ္ဌာန်းထားတဲ့ အတိုင်းပဲ ဆောင်ရွက်ရမှာပါ။ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး လုပ်လို့ မရပါဘူး။ ... ဘယ်သူမှတော့ ဥပဒေကို ကျော်လွန်လို့ မရပါဘူး။ ဒီလိုပြောလို့ တပ်ချုပ်ကြီးက ဥပဒေသမားကြီး။ အဲဒီလိုလည်း မဟုတ်ပါဘူး။ တိုင်းပြည်လည်း တိုးတက်အောင် ဥပဒေနဲ့အညီ လုပ်တာက အကောင်းဆုံးပါပဲ။ ဒီလိုမျိုး သွားမယ်ဆိုရင် အမျိုးသား ရင်ကြားစေ့ရေးကလည်း အဆင်ပြေမှာပါ။ ကျွန်တော်တို့ အနေနဲ့ အပြုသဘောဆောင်ပြီး တိုင်းပြည်ကောင်းအောင် လုပ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပြောစကားတွေကို ကြည့်ရင် အာဏာ လွှဲပြောင်းမှု အပိုင်းမှာ တပ်မတော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း လုပ်ဆောင်မယ်၊ အာဏာသိမ်းဖို့လည်း လုပ်မှာ မဟုတ်ဆိုတဲ့ အချက်ကို အခိုင်အမာ တွေ့ရပါတယ်။
■ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရင်ဖွဲ့စည်းပုံ ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို နိုင်ငံသားတိုင်း လိုက်နာ စောင့်ထိန်းရမယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၈၄ မှာ ပြဋ္ဌာန်းထားပါတယ်။ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တင် မကဘဲ ဘယ်သူမဆို လိုက်နာ စောင့်ထိန်းရမှာ ဖြစ်ပါတယ်။အာဏာ လွှဲပြောင်းမှု အပိုင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆိုရင် ရွေးကောက်ပွဲ ပြီးလို့ ရက် ၉၀ မှာ လွှတ်တော် ခေါ်ယူရမယ်။ အဲဒီက တစ်ဆင့် သမ္မတကို ရွေးချယ်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ရွေးချယ်ပြီး အာဏာ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာ လွှဲပြောင်းမှုဟာ နောက်အကျဆုံး မတ် ၃၁ ရက်မှာ ဖြစ်ရပါမယ်။ဒီလို မဟုတ်ဘဲ အာဏာ လွှဲပြောင်းရေးအတွက် လွှတ်တော် ခေါ်ယူမှုကို နှောင့်နှေးနေမယ်၊ အာဏာ လွှဲပြောင်းရေးကို အချိန်ဆွဲမယ် ဆိုရင် ဒီလိုလုပ်တဲ့ ဘယ်သူမဆို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်တာ ဖြစ်ပြီး ဒီလို ချိုးဖောက်မှုအတွက် တည်ဆဲ ဥပဒေတွေအပြင် သေဒဏ် ချမှတ်လို့ ရတဲ့အထိ သက်ရောက်မှုရှိတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁၊ ပုဒ်မ ၁၂၄၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ပါ အရေးယူ ခံရနိုင်ပါတယ်။ဒီအတိုင်းပဲ အာဏာ မလွှဲသေးခင် ကြားကာလမှာ အာဏာ လွှဲပြောင်းမှုကို နှောင့်နှေးအောင် လုပ်မယ်၊ ဆူပူ အကြမ်းဖက်မှုတွေ ဖန်တီးမယ်၊ မင်းမဲ့စရိုက် လှုပ်ရှားမှုတွေနဲ့ နိုင်ငံ တည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်မယ် ဆိုရင်လည်း ဒီလိုလုပ်တဲ့ ဘယ်သူကိုမဆို တည်ဆဲ ဥပဒေအရရော၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတွေနဲ့ပါ အရေးယူခံရမှာ ဖြစ်ပါတယ်။ပြည်သူတွေ အနေနဲ့ကတော့ ၁၉၉၀ ပြည့်နှစ် သမိုင်းသင်ခန်းစာ ရှိထားပြီး ဖြစ်တဲ့အတွက် အခုချိန်ဟာ ခါးတောင်းကျိုက် ဖြုတ်ရမယ့် အချိန် မဟုတ်သေးပါဘူး။ ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်တွေကို ခုတုံးလုပ်ပြီး အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြုတ်ချဖို့ ကြိုးစားလာကြမယ် ဆိုရင်လည်း ကိုယ့်မှာ ရှိထားပြီးဖြစ်တဲ့ အထောက်အထားတွေနဲ့ ဥပဒေကြောင်းအရ တန်ပြန် တရားစွဲဆိုလို့ ရပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေတွေကို လေ့လာထားရင် လုံလောက်ပါတယ်။တစ်ဖက်မှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ပြီး အာဏာ လွှဲမပေးဘူး၊ အာဏာလွှဲပေးဖို့ နှောင့်နှေးနေမယ် ဆိုရင် အဲဒီလူတွေရဲ့ ဇာတ်သိမ်း ကောင်းမှာ မဟုတ်ဘူး ဆိုတာကို သိထားရပါလိမ့်မယ်။















