စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ဆုံး ရပ်တန့်၍ နိုင်ငံရေးနည်းဖြင့် တွေ့ဆုံညှိနှိုင်း ဖြေရှင်းနိုင်ရေး လက်ရှိနှင့် နောက်တက်လာမည့် အစိုးရအဖွဲ့အား လေးနက်စွာ တောင်းဆိုကြောင်း UNFC ထုတ်ပြန်

စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ဆုံး ရပ်တန့်၍ နိုင်ငံရေးနည်းဖြင့် တွေ့ဆုံညှိနှိုင်း ဖြေရှင်းနိုင်ရေး လက်ရှိနှင့် နောက်တက်လာမည့် အစိုးရအဖွဲ့အား လေးနက်စွာ တောင်းဆိုကြောင်း UNFC ထုတ်ပြန်
Published 13 November 2015

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်၍ မြန်မာ့တပ်မတော်မှ စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ဆုံး ရပ်တန့်၍ နိုင်ငံရေးနည်းဖြင့် တွေ့ ဆုံညှိနှိုင်း ဖြေရှင်းနိုင်ရေးအတွက် လက်ရှိနှင့် နောက်တက်လာမည့် အစိုးရအဖွဲ့အား လေးနက်စွာ တောင်းဆိုသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က နိုဝင်ဘာ ၁၂ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်နေသော လက်ရှိအစိုးရသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ချုပ်ဆိုပြီး ဖြစ်သော်လည်း အဖွဲ့အစည်းများစွာ ကျန်ရှိနေသေးကြောင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ လက်ရှိတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ဌာနချုပ်ဖြစ်သော ဝမ်ဟိုင်းဒေသကို မြန်မာ့တပ်မတော် အနေဖြင့် မြေပြင်မှသာမက ဝေဟင်ကပါ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်သေကျေ အိုးအိမ်များ ပျက်စီးခဲ့ရပြီး ထောင်ပေါင်းများစွာလည်း တောတောင်များအကြား ထွက်ပြေးတိမ်းရှောင် နေကြရကြောင်းနှင့် ဤသို့ တိုက်ခိုက်မှုများ ဖြစ်ရှိနေပါက ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း UNFC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ၏ မဲရလဒ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ယနေ့ထိတိုင် အပြီးသတ် တရားဝင် မထုတ်ပြန်နိုင်သေးသော်လည်း နောက်ဆုံးရလဒ်များကို ကြည့်ခြင်းအားဖြင့် NLD မှ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည့် ညွှန်းကိန်းကို ဖော်ပြနေပြီး ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ် အနိုင်ရမည့် အနေအထားပင် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ရရှိလာသည့် ရလဒ်များကို အသိအမှတ်ပြု လေးစားလိုက်နာပြီး ဂုဏ်သိက္ခာရှိရှိ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း UNFC ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
NLD အနေဖြင့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီးသည့်နောက် နိုင်ငံအတွင်းဖြစ်ရှိနေသော ပြဿနာများစွာအနက် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ တိုင်းရင်းသား လူမျိုးများအကြား ပြန်လည်ရင်ကြားစေ့ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးစားပေး လုပ်ငန်းစဉ်များအဖြစ် သက်ဆိုင်ရာ အင်အားစုပါတီ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဖော်ဆောင် သွားရန်လည်း UNFC က တိုက်တွန်းခဲ့သည်။

Most Read

Most Recent