ဖမ်းဆီး ခံထားရသော အလုပ်သမား၊ ကျောင်းသား၊ လယ်သမားများ အမြန်ဆုံး လွှတ်ပေးရေး အလုပ်သမားများနှင့် ဗကသ ကျောင်းသားများ ရန်ကုန်မြို့လယ်တွင် ဆန္ဒထုတ်ဖော်

ဖမ်းဆီး ခံထားရသော အလုပ်သမား၊ ကျောင်းသား၊ လယ်သမားများ အမြန်ဆုံး လွှတ်ပေးရေး အလုပ်သမားများနှင့် ဗကသ ကျောင်းသားများ ရန်ကုန်မြို့လယ်တွင် ဆန္ဒထုတ်ဖော်
Published 1 November 2015
ကြည်နိုင်၊ မြင့်သူ

ဖမ်းဆီး ထိန်းသိမ်း ထောင်ချခံထားရသော အလုပ်သမား၊ ကျောင်းသား၊ လယ်သမားများအား အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် အလုပ်သမားများနှင့် ဗကသ ကျောင်းသားများမှ နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ လယ်သိမ်ကြီးဈေးမှ စတင်ကာ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို ရွှေပြည်သာမြို့နယ်နှင့် တောင်ဒဂုံ မြို့နယ်ရှိ အလုပ်သမားများမှ ဦးဆောင်ကာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ကျောင်းသားများနှင့် ပူးပေါင်း၍ လူဦးရေ ၃၀ ခန့်ဖြင့် နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေး (စီ)ရုံရှေ့မှ စတင်ကာ မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်ခဲ့ပြီး  ဆူးလေ စေတီတော်ကို ပတ်ကာ အနော်ရထာ လမ်းမကြီးအတိုင်းပတ်၍ သိမ်ကြီးဈေး (စီ) ရုံသို့ ပြန်လည် လမ်းလျှောက်ကာ လူစုခွဲခဲ့ကြသည်။
လမ်းလျှောက်ရာတွင် ဗကသ ကျောင်းသားများက ဗကသ အလံနှစ်ခုကို ကိုင်ဆောင်ခဲ့ကြပြီး အလုပ်သမားများက “မတရား ဖမ်းဆီး အကျဉ်းချခံ အလုပ်သမား ရဲဘော်များအား ခြွင်းချက်မရှိ လွှတ်ပေးရေး၊ မတရား ဖမ်းဆီး အကျဉ်းချခံ ကျောင်းသားများအား လွှတ်ပေးရေး၊  မတရား ဖမ်းဆီး အကျဉ်းချခံ လယ်သမားများအား ခြွင်းချက်မရှိ လွှတ်ပေးရေး”စသည့် ဆိုင်းဘုတ်များအား ကိုင်ဆောင်ခဲ့ကြသည်။
“ကျွန်တော်တို့ ရွှေပြည်သာနဲ့ တောင်ဒဂုံက အလုပ်သမားတွေက ဦးဆောင်ပြီးတော့ ဒီဆန္ဒ ထုတ်ဖော်ပွဲကို လုပ်ဆောင်တာပါ။ အဓိက,ကတော့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ မတရားဖမ်းဆီး အကျဉ်းချခံ အလုပ်သမား အကျဉ်းသားတွေရယ်၊ ကျောင်းသား၊ လယ်သမားတွေရယ်၊ နိုင်ငံရေးအကျဉ်းသား တွေရယ်ကို အမြန်ဆုံ: ပြန်လွှတ်ပေးရေးအတွက် တောင်းဆို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်”ဟု တောင်ဒဂုံမြို့နယ်မှ အလုပ်သမား တစ်ဦးဖြစ်သူ ကိုကျော်မျိုးက ပြောကြားသည်။
ယင်းသို့ ဆန္ဒထုတ်ဖော် လမ်းလျှောက်ရာနေစဉ် ပန်းဘဲတန်းမြို့မ ရဲစခန်းနှင့် ကျောက်တံတားမြို့မ ရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ ဝင်များ ရောက်ရှိလာခဲ့ပြီး ယခုဆန္ဒထုတ်ဖော် လမ်းလျှောက်ခြင်းကို ခွင့်ပြုထား ခြင်းမဟုတ်၍ ဥပဒေအရ ဆန့်ကျင်နေသောကြောင့် လာရောက်တားမြစ်ခြင်း ဖြစ်ကြောင်း၊ ဆက်လက်ပြုလုပ်ပါက ဥပဒေအရ အရေးယူရမည်ဖြစ်ကြောင်း လာရောက်ပြောကြားသည်။
“ဖမ်းဆီးခံ အကျဉ်းချ ခံထားရတဲ့ အလုပ်သမားတွေကို လွှတ်ပေးပါ။ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို လွှတ်ပေးပါ။ ဖမ်းဆီးထားတဲ့ လယ်သမားတွေကို လွှတ်ပေးပါ။ နိုင်ငံပုဒ်မ အမျိုးမျိုး တပ်ထားတဲ့ တက် ကြွ လှုပ်ရှားသူတွေကို လွှတ်ပေးပါ။ အားလုံးပါဝင်မှုကို သတ္တိရှိရှိ ရင်ဆိုင်ပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြောကြားမှုကို အလေးမမူဘူးဆိုရင် ပြတ်ပြတ်သားသား လုပ်ရမယ်။ ကျွန်တော်တို့ အလုပ်သမားပဲ ဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံသား အလုပ်သမား လယ်သမား၊ ကျောင်းသားတွေဟာ အလံတစ်လံတည်းအောက်မှာ အသံတစ်သံတည်းပဲ ရှိပါတယ်။ နှစ်သံမရှိပါဘူး”ဟု တိုးတက်သော အလုပ်သမားများ အဖွဲ့မှ ကိုရန်နိုင်ထွေးက ၎င်းတို့ ဆန္ဒဖော်ထုတ်သူများ၏ သဘောထားကို ပြောကြားသည်။
အလားတူ အောက်တိုဘာ ၃၁ ရက် ည နေ ၃ နာရီခန့် ကလည်း သာယာဝတီအကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသော ကိုအောင်မှိုင်းဆန်းအပါအဝင် အခြားကျောင်းသားနှစ်ဦးနှင့် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်ရေးအတွက် ရွှေဝါရောင် သံဃာတော်များ စုစည်းမှု ကွန်ရက်နှင့် ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားများ ပူးပေါင်း၍ ဆူးလေဘုရားအား ပတ်ကာ ဝတ်ပြုဆုတောင်းခြင်း၊ ဗီနိုင်းများ ကိုင်ဆောင် လမ်းလျှောက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။   

Most Read

Most Recent