မြေယာသိမ်းဆည်းမှုများတွင် လွှတ်တော်ကိုယ်စားလှယ်အချို့ ပိုင်ဆိုင်သည့် ကုမ္ပဏီများ ကိုယ်တိုင်က အချိုးအစားများစွာ ပါဝင်နေဟုဆို

မြေယာသိမ်းဆည်းမှုများတွင် လွှတ်တော်ကိုယ်စားလှယ်အချို့ ပိုင်ဆိုင်သည့် ကုမ္ပဏီများ ကိုယ်တိုင်က အချိုးအစားများစွာ ပါဝင်နေဟုဆို
Published 31 October 2015

မြန်မာနိုင်ငံ၏ မြေယာသိမ်းဆည်းမှုများကို လေ့လာကြည့်ပါက လက်ရှိအစိုးရ၏ လွှတ်တော်အမတ်များ ပိုင်သည့်ကုမ္ပဏီများမှ သိမ်းဆည်းထားသည့် မြေယာများအပြား ရှိနေကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အောက်တိုဘာ ၃၀ ရက်က  ကျင်းပသည့် တောင်ယာခင်းနှင့် သွေးချင်းမျက်ရည် စစ်တမ်း ထုတ်ပြန်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ ခေတ်အဆက်ဆက်မှာ အနိုင်ကျင့်ခံရပြီး သနားစရာ အကောင်းဆုံးကတော့  လယ်သမားတွေပဲ ဖြစ်ပါတယ်။ လယ်သမားဆိုတာမျိုးက မြို့ ပေါ်မှာ ရှိနေတဲ့ ခေတ်ပညာတတ်တွေလိုလည်း အချက်အလက်နဲ့ ပြန်ပြီး မခုခံတတ်ပါဘူး။ သူတို့ဘ၀ အခြေအနေကိုက ဝမ်းစာအတွက် ရှာဖွေ ရုန်းကန် နေရတဲ့အခါကျတော့ အာဏာရှိတဲ့လူတွေက ဘယ်လောက် မတရား လုပ်လုပ် သို့မဟုတ် ငွေရှိတဲ့လူတွေ ဘယ်လောက်ပဲ အနိုင်ကျင့်ကျင့် ဘယ်လိုတုံ့ ပြန်ရမယ်၊ ခုခံရမယ်ဆိုတာကို မသိခဲ့ကြတာ များပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးကျတော့ ခေတ်တိုင်းမှာ လယ်သမားတွေဟာ သနားစရာ အကောင်းဆုံး ဖြစ်နေပါတယ်။ လယ်သမားထဲမှာမှ တိုင်းရင်းသား လယ်သမားတွေက ပိုပြီးသနားစရာ ကောင်းပါတယ်။ သူတို့ဟာ ဒီတိုင်းပြည်မှာ သုံးစွဲနေတဲ့ မိခင် ဘာသာစကားကိုတောင် ပိုင်ပိုင်နိုင်နိုင် မပြောနိုင်တဲ့အခါ ပိုပြီးအခက်အခဲ ဖြစ်နေပါတယ်။ နောက်တစ်ခုက သူတို့မှာ ကြောက်ရတဲ့ ဓားတွေက အင်မတန် များပါတယ်”ဟု ဦးမင်းကိုနိုင်က ပြောကြားခဲ့သည်။
လက်ရှိ ထုတ်ပြန်လိုက်သည့် တောင်ယာခင်းနှင့် သွေးချင်းမျက်ရည် စစ်တမ်းမှာ အမှုပေါင်း ၁၀၀၀ ကျော်ကို အခြေခံထားပြီး ထုတ်ပြန်လိုက်သည့် စစ်တမ်း ဖြစ်ကြောင်းလည်း သိရှိရသည်။
‘ တိုင်းရင်းသားတွေ ဘယ်လောက် နစ်နာနေလဲဆိုတာ အဲဒီအချိန်မှာ ကျွန်တော်တို့ သိရပါတယ်။ ဒါဟာ ဘာကြောင့် ဖြစ်ရ တာလဲဆိုတော့ အာဏာသုံးရပ်စလုံးက သူတို့ကို အကာအကွယ် မပေးနိုင်လို့။ အစိုးရဆီက အုပ်ချုပ်ရေး အာဏာက ဒါကို ကာကွယ်ပေးချင်လို့ ကြည့်လိုက်မယ်ဆိုရင်တောင် သူ့ထက် အင်အားကြီးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းက မတရား သိမ်းဆည်းထားတဲ့ မြေတွေကို စိုက်ပျိုးရေးဌာနတို့ သော်လည်းကောင်း၊ တရားရုံးတို့သော်လည်းကောင်း၊ မော်ကြည့်ဖို့ အခက်အခဲ ရှိပါတယ်။ အခုက သနားမှ နည်းနည်းပါးပါး ပြန်ရမယ့်ဘဝကို ရောက်နေပါတယ်။ အဲဒီတော့ တရားတဲ့အတိုင်း မဖြစ်ဘဲ သနားမှပဲ ဖြစ်တဲ့အခြေအနေကို ရောက်နေတယ်။ ကောင်းပြီ။ တချို့နေရာတွေမှာဆိုရင် လွှတ်တော်ကို အားကိုးမလားဆိုပြီး ပြောတာတွေ ရှိတယ်။ လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာလည်း အသက်ဝင်ဖို့ အမှန်အတိုင်းဖြစ်ဖို့ တော်တော်ကြီးကို လိုအပ်နေပါသေးတယ်။ အဲဒီအပြင် လွှတ်တော် အမတ်တွေအချို့ ပိုင်ဆိုင်တဲ့ ကုမ္ပဏီများ ကိုယ်တိုင်ကိုက အဲဒီလယ်ယာမြေတွေကို သိမ်းဆည်း ထားတဲ့ အထဲမှာ အချိုးအစားများများနဲ့ ပါနေတာရှိတယ်။ ဒါကြောင့် လုပ်ရတာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့တတ်နိုင်သမျှ ဖော်ထုတ်သွားမှာပါ။ ပြောချင်တာကတော့ လယ်သမားတွေ ယာသမားတွေဟာ (၁) မတရား ဆုံးရှုံးတယ်။ အဲဒါတွေကို ကျွန်တော်တို့က လိုက်ဖော်ထုတ်ပေးတယ်။ လုပ်နည်းကိုင်နည်းတွေကို သင်ပြပေး တယ်။ မီဒီယာနဲ့ တွေ့ပေးတယ်။ အဲဒီတော့ သူတို့သတ္တိ ရှိလာတယ်။ လုပ်တတ်ကိုင်တတ် လာတယ်။ တချို့ပြန်ရတာ ရှိလာတယ်။ ဒါပေမဲ့ သိပ်နည်းပါတယ်။ နောက်ဆုံးရလဒ်က ဘာလဲဆိုတော့ တရားလိုက တရားခံ ပြန်ဖြစ်သွားတာတွေတောင် ရှိပါတယ်”ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။
အဆိုပါစာတမ်းတွင်မူ မြေယာပိုင်ဆိုင်ခွင့်နှင့် သယံဇာတ စီမံခန့်ခွဲခွင့်ဆိုင်ရာ မတရားမှု၊ မမျှတမှုများကြောင့် လယ်မဲ့ယာမဲ့ဘဝဖြင့် တစ်ပိုင်တစ်နိုင် ဝမ်းစာရှာနိုင်သော အခွင့်အလမ်းများ ပျောက်ဆုံးနေရကြောင်း၊ တိုင်းရင်းသား လူမျိုးများအကြား မယုံကြည်မှုနှင့် စိတ်ဝမ်းကွဲမှုများလည်း ပိုများလာကာ ပြည်တွင်းစစ်ကို တစ်နည်းတစ်ဖုံ တွန်းအားပေးနေကြောင်း၊ အလားတူ ယင်းကဲ့သို့ မြေယာပြဿနာများ ပေါ်ပေါက်လာခြင်းသည် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များနှင့် ဥပဒေအထက်တွင် အာဏာကိုင်ထားသူများ ရှိနေကြောင်း၊ မီးမောင်းထိုး ဖော်ပြနေသည်ဟု ရေးသားဖော်ပြထားသည်။
အလားတူ လက်ရှိ လွှတ်တော်အစိုးရသည် မြေယာပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်စွမ်းနှင့် ဖြေရှင်းလိုစိတ် မရှိကြောင်း ဖော်ပြထားပြီး ယင်းမြေယာ ပြဿနာများက တစ်နေ့ထက်တစ်နေ့ ပိုမို အကျပ်အတည်းဆိုက်စေကာ နိုင်ငံနှင့်အဝန်း မကျေနပ်မှုများကို ဖြစ်စေပြီး လယ်သမားအုံကြွမှုကို ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent