မကြောက်နှင့်

မကြောက်နှင့်
Published 31 October 2015
နေရီ

အထက်တန်း ကျောင်းသားဘဝက သင်ယူခဲ့ရသော ဆရာဂျိမ်းလှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္ထုထဲမှ မောင်ရင်မောင်၏ စွန့်စားခန်းကို ခုတလော မကြာခဏ သတိရသည်။
ထိုဝတ္ထုထဲတွင် မောင်ရင်မောင်ကို နိုင်ငံရေးမှု (ပုန်ကန်မှု) ဖြင့် ထောင်ထဲ ထည့်သည်။ ဒီတစ်သက် လွတ်လမ်းမမြင်၊ ထောင်ထဲတွင် ဦးပေါ်လာဆိုသော လူကြီးတစ်ဦးနှင့်တွေ့သည်။ နောက်ဆုံး ဦးပေါ်လာသည် မောင်ရင်မောင်၏ ဖခင်အရင်း ဖြစ်နေသည်။ ဦးပေါ်လာလည်း နိုင်ငံရေးအမှုပင် ဖြစ်သည်။ ဦးပေါ်လာက ကိုယ့်အခြေအနေ ကိုယ်သိသည်။ သူကြာကြာ မနေရတော့။ သူ၏သေခြင်းကို အကြောင်းပြု၍ မောင်ရင်မောင် လွတ်မြောက်ရေး ဦးပေါ်လာက စီမံကိန်းချသည်။
ဦးပေါ်လာသေလျှင် အာဏာသားတို့က ဖျင်အိတ်တွင် ဦးပေါ်လာ အလောင်းကို ထည့်ကြလိမ့်မည်။ ပြီးလျှင် ဧရာဝတီမြစ်တွင်း စွန့်ပစ်လိမ့်မည်။ မောင်ရင်မောင်က ဦးပေါ်လာ၏ နေရာတွင် အစားဝင် ဖျင်အိတ်ကို ရေထဲပစ် ချလျှင် ဖျင်အိတ်ကို ဓားနှင့်ခွဲ၍ လွတ်မြောက်ရာ လမ်းကြောင်းရှာ၊ ထိုသို့ မရှာနိုင်လျှင်တော့ ထိုအကျဉ်းထောင်မှ ရှင်လျက် ပြန်ထွက်ဖို့ မမြင်ဟု ဦးပေါ်လာက မောင်ရင်မောင်ကို လမ်းကြောင်း ချပေးသည်။
အရေးကြုံလျှင်သုံးရန် ရည်ရွယ်ချက်ဖြင့် အနှစ်နှစ်အလလက သိမ်းထားသော အရိုးမဲ့ သင်တုန်းဓားကို မောင်ရင်မောင့် လက်ထဲသို့ထည့်သည်။ ဦးပေါ်လာက မောင်ရင်မောင် လွတ်မြောက်ရေးအတွက် အရေးကြီး စကားတစ်ခွန်း မှာခဲ့သည်။ ထိုစကားကို မောင်ရင်မောင် လိုက်နာခဲ့သည်။ နောက်ဆုံး ဦးပေါ်လာ မျှော်လင့်သလို မောင်ရင်မောင် အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။
ဖျင်အိတ်ထဲ လူသေဟန် ဆောင်နေရသည်ကိုလည်း မကြောက်နှင့်၊ မြစ်ထဲပစ်ချခါနီး ဖျင်အိတ်ထဲ ခဲအုတ် ကျောက်တို့ ထည့်စဉ်လည်း လူသေလိုသာနေ မကြောက်နှင့် နောက်ဆုံး ဖျင်အိတ်ကို ကြိုးနဲ့ချည်၍ ရေထဲ ပစ်ချလည်း မကြောက်နှင့်၊ ရေနစ်သွားလည်း မကြောက်နှင့် ဖျင်အိတ်ကို ဓားနှင့်ခွဲ (ရေထဲရောက်မှခွဲ) မကြောက်နှင့် မောင်ရင်မောင့်ဘဝက နိုင်ငံရေးမှုဆိုတော့ လွတ်သွားသည်ဟု အထင်ခံ၍မဖြစ်  သေပြီဟု အာဏာပိုင်များ စိတ်ချလက်ချလောက်မှသာ ပြင်ပတွင် အသက်ရှင်နေထိုင်ခွင့် ရမယ့်ဘဝ။ ထိုကြောင့် ဖျင်အိတ်ကို ဓားနှင့်ခွဲသည်ပင်လျှင် ရေထဲရောက်မှ ခွဲမှပင်ဖြစ်မည်။ ထိုကြောင့် ဒုက္ခတွေကို မကြောက်နှင့်။
နောက်ဆုံး ထိုမကြောက်တရား လိုက်နာ၍ မောင်ရင်မောင် လွတ်မြောက်ခဲ့လေသည်။
 ၂၀၁၅ နိုဝင်ဘာ ၈ ရက်သည် မြန်မာနိုင်ငံအတွက် အချိုးအကွေ့တစ်ခုဟု နိုင်ငံသား အားလုံးနီးပါးနှင့် ကမ္ဘာကပါ နားလည်ထားကြသည်။ သို့သော် ထိုအချိုးအကွေ့သည် အလွယ်တကူတော့ ဖြစ်မည်မထင်။ နိုင်ငံအဝှမ်း နေရာအနှံ့ ခြောက်သံလှန့်သံတွေ ကြားနေရသည်။ မဲမဆွယ်ရ နယ်မြေ  သတ်မှတ်ခံရသည်။ မဲစာရင်း ရာခိုင်နှုန်းသာ မှန်သည်။ ဤနေရာတွင် စကားမစပ် မဲဆန္ဒပေးနိုင်ခွင့် စာရင်းအကြောင်းလေး ပြောပြချင်သည်။ ကျွန်တော်တို့မိသားစုအတွက် ပထမအကြိမ် မဲစာရင်း စကြေညာစဉ်က သွားကြည့်သည်။ သန်းခေါင်စာရင်း ပါသူတစ်ယောက် မဲစာရင်းမှာမပါ။ အဖေအမေ နာမည်များ မှားသည်။ ကျွန်တော်၏မှတ်ပုံတင် နံပါတ်မှားသည် လိုအပ်သော စာရွက်စာတမ်းတွင် ဖြည့်၍ လိုအပ်သည်များ တင်ပြခဲ့သည်။
ဒုတိယအကြိမ် စာရင်း ထွက်လာသောအခါ ကျွန်တော်က နှစ်ယောက်ဖြစ်သွားသည်။ ကျွန်တော့်နာမည် နောက်သား၏ အမည်၊ နောက်ဆက်လျက် ကျွန်တော့်အမည်၊ ထို့နောက် ကျွန်တော်၏ သားမက်အမည်၊ သို့သော် မှတ်ပုံတင်အမှတ်မှာ ကျွန်တော်၏ မှတ်ပုံတင်နံပါတ် ဖြစ်နေသည်။ လိုအပ်သည်များအားလုံး တင်ပြ လျှောက်ထားပြီးဖြစ်သည်။ ယခု တယ်လီဖုန်းနှင့် သုံး၍ရသော Application Program နှစ်ခုထွက်လာသည်။ တစ်ခုက  “m Voter ၂၀၁၅”  နောက်တစ်ခုက “Mae Pay Soh” ထိုနှစ်ခုစလုံး ဖွင့်ရှာသည်။ မှတ်ပုံတင်နှင့်ရှာ၊ မွေးသက္ကရာဇ်ထည့်၍ရှာ ဘယ်လိုရှာရှာ မတွေ့ပါဟုသာ အကြောင်းပြန်သည်။ မဲပေးခါနီး ရက်ပိုင်းအလိုတွင် ထွက်လာမည့် နောက်ဆုံးစာရင်းကိုသာ စောင့်ရတော့မည်။
ကြောက်နေရသော ခေတ်သည် ကုန်သေးဟန်မတူ၊ တစ်ကြောက်ထဲ ကြောက်နေရသေးသည်။ မဲလိမ်ခံရမှာ ကြောက်နေရသည်။ ဖေ့စ်ဘွတ်ခ်ကိစ္စ နှစ်ယောက် အဖမ်းခံရ၍ တစ်ယောက်မှာ ဝရမ်းပြေး ဖြစ်နေသည်။ဆိုတော့ ဖေ့စ်ဘွတ်ခ် သုံးရတာလည်း ကြောက်နေရသည်။
င့ါစာ င့ါပုံ ငါ့သတင်း ငြိများ ငြိလေမလား၊ ကီးပက်ကို နှိပ်နေရသော လက်တွေ တုန်နေကြသည်။ ဒီကြားထဲ ခြောက်သူကလည်း ခြောက်၊ ကြောက်သူကလည်း ကြောက်ဆိုသလို ရွေးကောက်ပွဲအလွန် ကာလ ဘာများ ဖြစ်လေလိမ့်မလဲ ကြောက်နေ ကြပြန်သည်။ ပယ်မဲတွေ ဖြစ်လျှင်တော့ ဒုက္ခပါပဲဟုလည်း ကြောက်ကြပြန်သည်။
 
နိုင်ငံရပ်ခြားမှ မဲထည့်ရသူများကလည်း ကြောက်သည်ဟု ဆိုသည်။ ဘာကြောက်တာလဲဆိုတော့ သူတို့မဲပေးတဲ့အတိုင်း မဟုတ်ဘဲ ဆန့်ကျင်ဘက် ဖြစ်သွားမှာ ကြောက်သည်ဟု ဆိုကြသည်။
ကျွန်တော် ဤဆောင်းပါးကို ရေးနေရခြင်း၏ ရည်ရွယ်ချက်မှာ ထိုကြောက်စိတ်က ဒုက္ခပေး၍ မိမိတို့၏ ရည်မှန်းချက်များ လမ်းလွဲသွားမှာကို စိုးရိမ်၍ ရေးရခြင်း ဖြစ်သည်။အောင်မြင်လိုသူတို့၏ လက်နက်ကောင်း သည် မကြောက်ခြင်း လက်နက်ဖြစ်သည်။အဖဦးပေါ်လာ၏ အမှာစကား မကြောက်နှင့်  တစ်ခုကို အတိအကျ လိုက်နာသောကြောင့် မောင်ရင်မောင် တစ်ဘဝလုံး အကျဉ်းထောင်မှာ နေရမည့်အခြေအနေမှ လွတ်မြောက်ခဲ့ သည်။ အခြေအနေကို ကောင်းစွာ နားလည်သူတို့သည် ကြောက်စရာမလိုဘဲ သတိပိုရှိရန်သာ လိုသည်။ ပယ်မဲ မဖြစ်အောင်ဆိုလျှင် လေ့ကျင့်ပေး၍ ရသည်။ သိနားလည်သူက မသိနားမလည်သူ မရှိအောင် သင်ပြပေးရ မည်၊ ကူညီကြရမည်။ မိမိမဲစာရင်းမှာ မပါလျှင်လည်း ဘာမှကြောက်စရာမရှိ ရွေးကောက်ပွဲ ကော်မရှင်ကိုယ်တိုင်က ရာခိုင်နှုန်း ၃၀ သာ မှန်နိုင်ပါသည်ဟု ဝန်ခံထားပြီး ဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးရအောင် ဥပဒေက ခွင့်ပြုပြီးသား ဖြစ်သည်။
မဲအပိုတွေ လာထည့်မှာစိုးလျှင် ရပ်ကွက်ထဲမှ မဲရုံတွင် ပါတီကိုယ်စားလှယ်များ ရှိကြသည်။ ယခုအချိန်ကတည်းက လူငယ်များစုဖွဲ့၍ တာဝန်ယူ စောင့်ကြည့်ပေးရန် စီစဉ်နိုင်ကြလျှင် ကိုယ့်ရပ်ကွက်ထဲ မျက်နှာစိမ်း ဝင်လာသည်ကို ချက်ချင်း သိနိုင်သည်။
 မိမိတို့၏ အနာဂတ်ကို တန်ဖိုးထား တတ်ကြစေရန် ဤရွေးကောက်ပွဲက လှုပ်နှိုးလိုက်သည်ဟု ထင်သည်။ မိမိတို့မျှော်မှန်းသော ဘဝတည်ဆောက်နိုင်ရေး မိမိတို့ကိုယ်တိုင် ပါဝင်လှုပ်ရှားမှ ဖြစ်လိမ့်မည်ဟူသော အသိတရားနှင့် အတွေ့အကြုံကို ယခုရွေးကောက်ပွဲက ပေးရန် တာစူလျက်ရှိသည်။
တာဝန်ယူတတ်ဖို့သာလိုသည်။
ကြိုတင်မဲကိစ္စကို ကြောက်သူများလည်း ဖြစ်နိုင်လျှင် ကိုယ်တိုင် မဲပေးပါ။ မဖြစ်နိုင်၍ ကြိုတင်မဲ ပေးရမည်ဆိုလျှင်လည်း ပေးသာပေးပါ ကြောက်ရန်မလိုပါ။ ၂၀၁၀ နှင့် ယခု ၂၀၁၅ အခြေအနေအားဖြင့် အတော် ကွာခြားသွားသည်ကို သတိပြုမိစေလိုသည်။ အဓိကကတော့ ဆက်သွယ်ရေးကွန်ရက် ဖွံ့ဖြိုးတိုး တက်လာခြင်း၊ မီဒီယာတို့ အားကိုးရခြင်းကြောင့် မရိုးမသားကိစ္စကို တစ်ဖက်စောင်းနင်း လုပ်၍မရသည်ကို သတိပြုမိစေလိုသည်။
ထို့ကြောင့် ကြောက်ရန်မလို သတိရှိရန်သာလိုသည်။ ယိုပေါက်ဟာပေါက်တွေ ဘယ်လိုဖြစ်လာနိုင်သည် ဤသို့ဆိုလျှင် ဘယ်လို ကာကွယ်ကြမလဲဆိုသည့် အကြံများ ထွက်လာမည်မှာ ဧကန်ဖြစ်သည်။ အလုပ်လုပ်ကြရန်သာ လိုသည်။ အရေးအကြီးဆုံးမှာ ရပ်ကျေးကော်မရှင်များ မဲရုံမှူး မဲရုံဝန်ထမ်းများ ထိုသူများ မဟုတ်တာ လုပ်ကြလိမ့်မည်ဟု လုံးဝမယူဆဘဲ အတူတူ ပူးပေါင်းဆောင်ရွက် ကြရန်သာ ဖြစ်သည်။
မဲရုံမဖွင့်မီ ကြိုတင်မဲများ စစ်ဆေးခြင်း၊ မဲရုံပိတ်ပြီးနောက် မဲရေတွက်ရာတွင် ပူးပေါင်း ပါဝင်ကူညီခြင်း၊ မဲပေးနေစဉ် ရပ်ကွက် ပြင်ပ လူသူစိမ်းများ လာ၊ မလာ စောင့်ကြည့်ပေးခြင်း၊ မဲရုံဘေးကင်းရေး စောင့်ရှောက်ပေးခြင်းဖြင့် ပူးပေါင်း ပါဝင်နိုင်ကြသည်။
နိုင်ငံရပ်ခြားမှ မဲပေးသူတို့အနေဖြင့် ယခုအခါ စင်ကာပူမှ မဲပေးသူများက ကိုယ်ပိုင်အသိဖြင့် Voting Survey လုပ်နေကြသည် ဆိုသော သတင်းသည်လည်း အလွန်ကောင်းသော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ မိမိ ပေးလိုက်သော မဲတစ်ပြား တန်ဖိုးဆုံးရှုံးခြင်း မဖြစ်အောင် စောင့်ရှောက်ကြခြင်းလည်း ဖြစ်သည်။
ထိုတစ်နေ့သည် အရေးကြီးသည်ဟု နားလည်ထားလျှင် ထိုတစ်နေ့အတွက် မလစ်မလပ် တာဝန်တစ်ခုကိုယူခြင်း စောင့်ရှောက်ခြင်းဖြင့် အနာဂတ်ကာလ များစွာကို အထောက်အကူ ပြုနိုင်သည်ကို မမေ့ကြရန်ဖြစ်သည်။
ကျွန်တော် အသက်တော်တော် ငယ်စဉ် ကာလက ရုပ်ရှင်ကားတစ်ကား ကြည့်ခဲ့ဖူးသည်။ ရွာတစ်ရွာ (ပိုလန် သို့မဟုတ် ရုရှား- မမှတ်မိတော့) တွင် ဝိုင်အရက်စည်၊ အရက်အိုးများ ရှိသည်ဟု ထိုရွာကို သိမ်းပိုက်ထားသည့် ဂျာမန်စစ်တပ်က သိထားသည်။ ခိုင်လုံသော သတင်းရထားသည်။ ထိုရွာတွင်လည်း တကယ်ရှိသည်။ သို့သော် ထိုဝိုင်များ မည်သည့်နေရာတွင် ရှိသည်ကို ရွာသားများက နှုတ်လုံစွာဖြင့် မပြောကြ။ လုံးဝသတင်းမရ၊ ဂျာမန်တို့ ဦးနှောက် ခြောက်ရသည်။ ဂျာမန်တို့အတွက် ရန်သူကို တိုက်ခိုက်ရာတွင် ဝိုင်အရက်သည် ကျည်ဆံကဲ့သို့ အရေးပါသည်။
ထိုရွာမှ ဝိုင်များရလျှင် ဂျာမန်တပ်ကြီးအား ရှိတေ့ာမည်။ ရန်သူများကို ကောင်းစွာ ချေမှုန်းနိုင်ကြလိမ့်မည်။
ဂျာမန်၏ရန်သူများစာရင်းတွင် ထိုရွာလည်း ပါဝင်သည်ကို ရွာသူရွာသားများက မမေ့ဉာဏ်ပညာ ရှိကြသည်။ သစ္စာရှိကြသည်။ သတ္တိရှိကြသည်။ နောက်ဆုံး ဇာတ်ဝင်ခန်းတွင် ရွာသူရွာသားများ အားလုံးကိုခေါ်၊ တစ်နေရာတွင်စု၍ ဂျာမန်တပ်က ဝိုင်းထားပြီး ဝိုင်အရက်ရှိသည့် နေရာကို ပြောရန် စစ်ကြောရေး ဝင်သောအခန်းဖြစ်သည်။ ရွာသူရွာသားအားလုံးက ချစ်သောသူဟု သိထားသူကို ဂျာမန်တို့က သတ်ပြသည်။ ရွာသားအားလုံး၏ မျက်နှာသည် မတုန်မလှုပ် ဘယ်လိုလုပ်လုပ် မတုန်မလှုပ် တစ်ရွာလုံး ညီညွတ်သော စိတ်ဓာတ် ခိုင်မာသော စိတ်ဓာတ်ဖြင့် ဂျာမန်တို့ သိလိုသည်ကို သိခွင့်မပြုပဲ ခုခံကြသည်။
နောက်ဆုံးတော့ ဂျာမန်တို့ လက်လျော့ပြီး ထိုရွာမှ ထွက်သွားကြရသည်။ ဝိုင်တွေရှိတာ အသေအချာ သို့သော် ဘယ်လိုမှဖော်ထုတ်၍ မရတော့သောအခါ ဂျာမန်စစ်ဗိုလ်က ရွာမှမထွက်ခင် ရွာသားများကို စကားတစ်ခွန်း ပြောခဲ့သည်။
ထိုရုပ်ရှင်ကားကို ကျွန်တော်ကြည့်ခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ နှစ် ၄၀ ကျော်လောက်ပင် ရှိနိုင်သည်။ ရုပ်ရှင်ကား အမည်ကိုလည်း တိတိကျကျ မမှတ်မိပေ။
သို့သော် ထိုနောက်ဆုံး စကားကို ကျွန်တော်ယနေ့တိုင် မှတ်မိ နေသေးသည်။ What kind of People are you ဆိုသောစကားပင် ဖြစ်သည်။ ကျွန်တော်တို့အားလုံး၏ အနာဂတ်သည် ကျွန်တော်တို့ လက်ထဲတွင် ရှိသည်ကို မမေ့အပ်ပါ။ မကြောက်နှင့် ဆိုသောစကားသည် သတိရှိကြဟုလည်း အဓိပ္ပာယ်ရောက်ပါသည်။

Most Read

Most Recent