အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းပြည်နှင့် လူမျိုး ကောင်းစားရေးအတွက် ဦးဆောင် ကြိုးပမ်း ဆောင်ရွက်နေသော အဖွဲ့ချုပ် ခေါင်းဆောင်များအား သီတင်းကျွတ် ကန်တော့ပွဲကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဆောက်လုပ်ဆဲ NLD ပါတီ ဗဟိုဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များမှ သက်ကြီးခေါင်းဆောင်များအား သီတင်းကျွတ် ကန်တော့ခြင်း အစီအစဉ် ပြုလုပ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား လူငယ်ပါတီဝင်များက ကန်တော့ခြင်း အစီအစဉ်ကို ဆက်လက် ပြုလုပ်ခဲ့သည်။
“ NLD ကတော့ နှစ်စဉ်နှစ်တိုင်းမှာ သီတင်းကျွတ်ဆိုရင် NLD က လူကြီးတွေကို ကန်တော့တဲ့ အစဉ်အလာရှိတယ်။ အဲဒီအစဉ်အလာကို ထိန်းတဲ့အနေနဲ့ ဒီနှစ် လုပ်တာပေါ့။ လူကြီးတွေကတော့ ကန်တော့တဲ့အခါမှာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ဆုတောင်းတွေ ပေးတာပေါ့လေ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲနိုင်ပါစေလို့ ဆုပေးတာကို ပိုသဘောကျတယ်။ သူကတော့ ကျန်တဲ့လူငယ်တွေကို သြဝါဒပေးတာတော့ ပြည်သူလူထုကိုသာ သူက ခင်ခင်မင်မင် ဆက်ဆံတာ။ အဖွဲ့ချုပ်ဝင်တွေဆိုပြီး မှားရင် သည်းမခံဘူး။ ငေါက်တာ။ ဆူတာ။ အားလုံး နောက်ကို သူဆူတာ ပူတာတွေကို ဆက်ပြီး သည်းခံနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်”ဟု ကန်တော့ခံတစ်ဦး ဖြစ်သည့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။
အဆိုပါ သီတင်းကျွတ်ကန်တော့ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သက်ကြီး ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး၊ ဦးလှဖေ၊ ဦးဝင်းထိန်၊ သခင်ချန်ထွန်း၊ ဦးအောင်သိန်း၊ ဦးအုံးမောင်၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဒေါ်စမ်းနွဲ့၊ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ပြီး ကျန်ခေါင်းဆောင်လေးဦးဖြစ်သည့် ဦးအောင်ရွှေ၊ ဦးကျော်ခိုင်၊ သခင်သိန်းဖေ (ဝါးခယ်မ)၊ ဦးနိုင်သောင်းညွန့်တို့မှာ ကျန်းမာရေး အခြေအနေကြောင့် ကန်တော့ပွဲ သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။















