ကျောက်ဆည်မြို့ ရွှေသာလျောင်း မြတ်စွာဘုရား သီတင်းကျွတ် ဆင်လှူပွဲတော် ဆင်အကအလှ ပြိုင်ပွဲတွင် ဆင်အဖွဲ့ ၂၅ ဖွဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာဆင်များအား ဦးစားပေး ပွဲထုတ် ယှဉ်ပြိုင်

ကျောက်ဆည်မြို့ ရွှေသာလျောင်း မြတ်စွာဘုရား သီတင်းကျွတ် ဆင်လှူပွဲတော် ဆင်အကအလှ ပြိုင်ပွဲတွင် ဆင်အဖွဲ့ ၂၅ ဖွဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာဆင်များအား ဦးစားပေး ပွဲထုတ် ယှဉ်ပြိုင်
Published 27 October 2015
အောင်သူ

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့၏ အထင်ကရ ပွဲတော် တစ်ခုဖြစ်သော ရွှေသာလျောင်းတောင် မြတ်စွာဘုရား သီတင်းကျွတ် ဆင်လှူပွဲတော်နှင့် ဆင်အက အလှပြိုင်ပွဲတွင် ဆင်အဖွဲ့ ၂၅ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာဆင်များအား ဦးစားပေး ပွဲထုတ် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျောက်ဆည်မြို့ ဆင်အက အလှပြိုင်ပွဲများကို သီတင်းကျွတ် လဆန်း၁၄ရက်  (အောက်တိုဘာ၂၇) က ရွှေသာလျောင်းတောင်ခြေရှိ ဝတ္တက ကုန်းမြေတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆင်လှူပွဲတော်ကို သီတင်းကျွတ်လပြည့် နေ့တွင် ရွှေသာလျောင်းတောင် ရင်ပြင်တော်၌ ဆွမ်းတော်ကြီး ကပ်ပွဲများနှင့် ဆင်လှူခြင်း ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်ရိုးရာဆင်တွေချိုးပြီး ဝင်ပြိုင်တဲ့ဆင်အဖွဲ့တွေပိုများတယ်။ ဒီနှစ်မှာ ဆုကြေးငွေလည်း တိုးမြင့်ထားပါတယ်။ ဆင်ပြိုင်ပွဲ ကျင်းပရေးကော်မတီက  ပေး မယ့်ဆုငွေအတိုင်း ကျောက် ဆည်မြို့ ကမ္ဘောဇဘဏ်ကနေ ထပ်လောင်းအပိုဆုပေးဦးမှာပါ။ ဆုပေးပွဲကို ဆင်ပြိုင်ပွဲပြီးတာနဲ့ ညတွင်းချင်းပြုလုပ်ပေးသွားမှာပါ}}ဟု ဆင်ပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြား သည်။
ယခုနှစ်  ဆင်လှူပွဲတော် နှင့် ဆင်အကအလှပြိုင်ပွဲ  ဖွင့်ပွဲ အခမ်းအနားကို နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော်သို့ တက်ရောက်လာသော ဧည့်ခံ ဖျော်ဖြေသည့် ဆင် ၆၀စီးမှ စု ပေါင်းကပြဖျော်ဖြေ   ဆင်အက အလှပြိုင်ပွဲကို ဆက်လက်ကျင်း ပရာ ဘော်ကြယ်ဆင် ၄စီး၊ ရိုး ရာဆင် ၁၆စီးနှင့် ကလေး ဆင် ၅စီး စုစုပေါင်း ၂၅စီးဝင်ရောက် ယှဉ်ခဲ့ကြောင်း သိရှိရသည်။

“အရင်တုန်းက ရိုးရာလိုက် ထိုးဆင် အမဲကြီးတွေပဲရှိခဲ့တာ။ ဘော်ကြယ်ဆင် ဆိုတာ မရှိဘူး။ စင်ကာပူကို သွားမပြိုင်ခင် နှစ်နှစ်လောက်ကမှ ဘော်ကြယ်ဆင်တွေ ခေတ်စားလာပြီး  ပါဝင်ယှဉ်ပြိုင်မှု များလာတော့ ရိုးရာဆင်တွေ နည်းသွားတယ်။ အခုနောက်ပိုင်း သုံးလေးနှစ်လောက်ရှိပြီ ရိုးရာဆင်တွေ မပျောက်ပျက်အောင် ဆုကြေးမြှင့်ပြီး ဦးစားပေး ပွဲထုတ် ယှဉ်ခိုင်းလိုက်တော့ ဒီနှစ်ပွဲအတွက် ကြိုတင်ပြီး ဆင်ရုပ်ချိုးတဲ့အခါ ရိုးရာဆင်တွေ ချိုးခိုင်းတာ များလာတယ်။” ဟု ဆင်ရုပ်ချိုး ပညာရှင်တစ်ဦးက ပြောသည်။
ယခုနှစ် ဆင်အက အလှပြိုင်ပွဲ ဆုကြေးများအဖြစ် ရိုးရာဆင်ပြိုင်ပွဲအတွက် ပထမဆု ငွေကျပ် ၁၀သိန်း၊ ဒုတိယဆု ငွေကျပ် ၈သိန်း၊ တတိယဆု ငွေကျပ် ၆သိန်း၊ ဘော်ကြယ်ဆင် ပြိုင်ပွဲအတွက် ပထမဆု ၈သိန်း၊ ဒုတိ ယဆု ၆သိန်း၊ တတိယဆု ၄ သိန်း၊ ကလေးဆင် ပြိုင်ပွဲအတွက် ပထမဆု ၆သိန်း၊ ဒုတိယဆု ၄သိန်း၊တတိယဆု ၂သိန်း အသီးသီး ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ရိုးရာဆင်အတွက် အထူးဆုအနေဖြင့် ငွေကျပ် ၅သိန်း ချီးမြင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ဖွင့်ပွဲ အခမ်းအနားမှာ နှစ် ၃၀ အထက် မပျက်မကွက် လာရောက်ဖျော်ဖြေပေးတဲ့ သက်ကြီးဆင်တွေကို ဇွဲဆု ချီးမြင့် ပေးသွားမယ်။  ဒိုးပတ်၊နှဲ၊လင်းကွင်း၊ မောင်း၊ဝါးလက်ခုတ်တွေနဲ့ ရှေးရိုးရာအတိုင်း ကျောက်ဆည် မြို့မ ဈေးကြီးကို ခြေလျင်သုံးပတ် လှည့်လည် ဖျော်ဖြေတဲ့ ဆင်အဖွဲ့တွေကိုလည်း ရှေးရိုးရာ ဆုချီး မြင့်ပေးသွားမှာပါ” ဆင်ပွဲကျင်းပရေး ကော်မတီမှ အမှတ်ပေး ဒိုင်တစ်ဦးက ပြောသည်။
ကျောက်ဆည်မြို့ ဆင်လှူ ပွဲတော်နှင့် ဆွမ်းတော်ကြီးကပ်လှူပွဲကို အနော်ရထာမင်းကြီး လက်ထက် လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့်ကတည်းမှ နှစ်စဉ် ရိုးရာမပျက် ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ စတင် ပူဇော် လှူဒါန်း စဉ်က ဆန်မှုန့်၊ကောက်ညှင်းမှုန့်တို့ဖြင့် ပြုလုပ်သော မုန့်လုပ်ဆင်များ၊ အရုပ်ဆင်များ ပြုလုပ်လှူဒါန်းခဲ့ရာ ၁၉၂၅ ခုနှစ်ခန့်တွင် ကျောက်ဆည်မြို့ ညောင်ခြောက်ပင်ရပ်နေ ဆရာငယ်မှ လူဝင်၍ ကရေသော နွဲ့ဆိုး အမည်ရှိ မြေနင်းဆင်ကို တီထွင်ပွဲထုတ်ခဲ့ရာမှ မျက်မှောက်ခေတ် ဆင်လှူပွဲတော်များသို့ တိုင်အောင် လက်ဆင့်ကမ်း ထိန်းသိမ်း ကျင်းပလာခဲ့ ကြသည်ဟု သိရှိရသည်။

Most Read

Most Recent