ခံယူချက်နှင့် အပြုအမူ

ခံယူချက်နှင့် အပြုအမူ
Published 25 October 2015
ကျွန်း

အခုလို ရွေးကောက်ပွဲ နီးလာစဉ် ကာလမှာ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့စဉ်က အဖြစ်အပျက်ကလေး တစ်ခုကို သတိရမိပါတယ်။ အဲဒီအချိန်မှာ ကောလာဟလပေါင်း များစွာ၊ စိုးရိမ်ပူပန်မှု များစွာထဲက ကျွန်မ ယုံကြည်သလို ကန့်ကွက်မဲပေးဖို့ ဆုံးဖြတ်ခဲ့ပြီး မဲရုံကို အတူတူသွားဖို့ မိသားစု တစ်ခုကို အဖော်စပ်ခဲ့ပါတယ်။ သူတို့က အမြဲတမ်းလိုလို နိုင်ငံ့ရေးရာကို ကျယ်ကျယ်လောင်လောင် ပြောဆိုဝေဖန် ထောက်ပြနေသူတွေ ဖြစ်ပြီး ကျွန်မက နားထောင်သမား သက်သက် ဖြစ်ခဲ့ရတဲ့ အနေအထားက လူတွေပါ။ ကျွန်မက မဲရုံကို အတူ သွားရအောင်လို့ အဖော်စပ်တော့ “ကြိုတင်မဲ ပေးလိုက်ပြီ” တဲ့။ ရင်ထဲမှာ လစ်ဟာပြီး ဘာပြန်ပြောရမှန်း မသိတဲ့ အနေအထားပါ။ အဲဒီအချိန်မှာ ကြိုတင်မဲပေးလိုက်ပြီ ဆိုတာက “ထောက်ခံမဲ ပေးလိုက်တယ်” လို့ ပြောတာပါပဲ။ သူတို့ ဒီလောက် အရာရာကို နားလည်နေလျက်နဲ့ ဘာကြောင့် ဒီလို လုပ်ခဲ့ကြတာလဲ။ ရပ်ကွက်လူကြီးတွေကို အားနာတာလား။ ကောလာဟလတွေကို ကြောက်တာလား။ နဂိုကတည်းက ဆုံးဖြတ်ချက်က ခိုင်မာမနေတာလား။ မြန်မာနိုင်ငံမှာ သူတို့လိုလူတွေ ဘယ်လောက်များမလဲ စသဖြင့် ကျွန်မ ခေါင်းထဲမှာ အတွေးတွေ အများကြီးပါပဲ။အလားတူ ဖြစ်ရပ်တွေကို အခြားနေရာတွေမှာလည်း သတိပြုမိပါတယ်။ သဘာ၀ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ကျွန်မတို့ အလေးထားတယ်လို့ ပြောကြပါတယ်။ ကြွပ်ကြွပ်အိတ်တွေ၊ ပလတ်စတစ်တွေသုံးရင် သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်တယ်လို့ သိကြပါတယ်။ လက်ရှိ စားသောက်ဆိုင်တွေမှာ သုံးနေတဲ့ ဖော့ဘူးတွေက သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေသလို ကျန်းမာရေးအတွက်လည်း မကောင်းဘူးဆိုတာ သိသူတွေ များပါတယ်။ သို့ပေမဲ့ အဲဒါတွေကို ကြိမ်ဖန်များစွာ လက်ခံသုံးစွဲနေကြဆဲ ပါပဲ။ ပလတ်စတစ် ဘူးခွံနဲ့ ထည့်ထားတဲ့ ရေသန့်တွေ၊ အချိုရည်တွေကိုလည်း လိပ်ပြာသန့်စွာ သောက်သုံးပြီး ကြုံသလို လွှင့်ပစ်နေကြဆဲ။ ဘာကြောင့် ဒီလိုတွေ ဖြစ်ကြရတာပါလဲ။ကျား-မရေးရာ တန်းတူညီမျှရေး ကိစ္စကို ဆောင်ရွက်နေသူတွေထဲမှာ အစဉ်အဆက်က ခွဲခြားခံခဲ့ရသူတွေကို ဦးစားပေး ဆောင်ရွက်မှု (Affirmative Action) အတွက် သူတစ်ပါးကို တိုက်တွန်းနေသူတွေထဲမှာလည်း အရည်အချင်း ရှိလာနိုင်တဲ့ အမျိုးသမီးတွေကို အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး လက်တွဲခေါ်နေမယ့်အစား၊ အချိန်ကုန် သက်သာပြီး အလုပ်ဖြစ်မြန်မယ့် အနေအထားက လူတွေကိုသာ ဦးစားပေး စဉ်းစားကြတာမျိုး သတိပြုခဲ့မိဖူးပါတယ်။ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးကို ဦးတည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တစ်ခုထဲမှာ အမျိုးသမီးတွေအတွက် မီးဖွားခွင့်က မယုံနိုင်အောင် နည်းပါးနေခဲ့တာကိုလည်း သတိပြုမိခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်ကြတာပါလဲ။ကျွန်မတို့ရဲ့ သဘောထား ခံယူချက်တွေနဲ့ အပြုအမူတွေက အလွန်ကို နီးကပ်စွာ ဆက်စပ်နေတယ်လို့ ယူဆကြတဲ့ အခါမှာ ဒါတွေက အပြောတခြား အလုပ်တခြား ဖြစ်ရပ်တွေလို့ လွယ်လွယ်ကူကူ ယူဆလိုက်လို့ ရပါတယ်။ သို့ပေမဲ့ ခံယူချက်နဲ့ အပြုအမူတွေက အမြဲတမ်း နီးကပ်စွာ ဆက်စပ်မနေပါဘူး။ စတမ်းဖို့ဒ် တက္ကသိုလ်က လူမှုရေးပညာရှင် ရစ်ချတ်လာပီယာက ခံယူချက်နဲ့ အပြုအမူ ကွဲလွဲမှုကို ပထမဦးဆုံး မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ လာပီယာက ၁၉၃၀ ပြည့်နှစ်ကစပြီး နှစ်နှစ်တိုင်အောင် အမေရိကန်နိုင်ငံ တစ်ဝန်းကို ငယ်ရွယ်သူ တရုတ်လူမျိုး စုံတွဲနဲ့အတူ ခရီးသွားခဲ့ပါတယ်။ အဲဒီအချိန် ကာလတွေက အမေရိကန်နိုင်ငံမှာ တရုတ်လူမျိုး မုန်းတီးရေး ဝါဒ အလွန်ကို ကြီးမားပြင်းထန် ခေတ်စားနေတဲ့ အချိန်ကာလပါ။ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေရော ကျင့်သုံးမှုတွေပါ ရှိနေတဲ့ ကာလ ဖြစ်ပါတယ်။ သူတို့က အမေရိကန်နိုင်ငံရဲ့ နေရာအနှံ့အပြားက ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင် ၁၈၄ ဆိုင်၊ ဟိုတယ်နဲ့ တည်းခိုစရာနေရာ ၆၇ ခုကို ရောက်ခဲ့ကြပါတယ်။ အဲဒီနေရာတွေ အားလုံးထဲမှာ တစ်နေရာကသာ သူ့ရဲ့ ခရီးသွားဖော်တွေကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ကြောင်း လာပီယာက တွေ့ရှိခဲ့ပါတယ်။ သူတို့ အဲဒီနေရာတွေကို ရောက်ရှိခဲ့ပြီး ခြောက်လအကြာမှာ တရုတ်လူမျိုး ဧည့်သည်တွေလာရင် လက်ခံကြိုဆိုမှာလားဆိုတဲ့ မေးခွန်းကို ပေးပို့ မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ ၉၂ ရာခိုင်နှုန်းက တရုတ်လူမျိုး ဧည့်သည်ကို လက်မခံပါဘူးလို့ ဖြေခဲ့ကြပါတယ်။ ၇ ရာခိုင်နှုန်းက အခြေအနေပေါ်မှာ မူတည်တယ်လို့ ဖြေခဲ့ပြီး၊ တစ်ဦးကသာ ပြီးခဲ့တဲ့ နွေရာသီကပဲ တရုတ်လူမျိုး စုံတွဲကို လက်ခံကြိုဆိုခဲ့သေးတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ လာပီယာက သူတို့ သွားရောက်ခြင်း မရှိခဲ့တဲ့ နေရာ ၁၂၈ ခုကို တူညီတဲ့ မေးခွန်းပို့ပြီး မေးမြန်းရာမှာလည်း ရလဒ်က ဆင်တူနေကြောင်း တွေ့ရပါတယ်။ အသုံးပြုခဲ့တဲ့ သုတေသန နည်းလမ်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိပေမယ့် အဲဒီ လေ့လာမှုမှာ ခံယူချက်နဲ့ အပြုအမူ ကွဲလွဲမှု ရှိနိုင်ကြောင်း စတင် သတိပြုမိခဲ့ကြပါတယ်။၁၉၇၃ ခုနှစ်မှာ ဂျွန်ဒါလီနဲ့ ဒန်ဘက်ဆန်တို့က ပိုမိုကောင်းမွန်တဲ့ သုတေသန နည်းလမ်းတွေကို အသုံးပြုပြီး လေ့လာခဲ့တဲ့ ခံယူချက်နဲ့ အပြုအမူ ကွဲလွဲမှုအကြောင်း တွေ့ရှိချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ သူတို့က လူတစ်ယောက် အကူအညီလိုနေတဲ့ အချိန်မှာ အကူအညီ ပေးဖြစ်စေတဲ့ အချက်တွေကို စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့က ဂျူးဘုန်းတော်ကြီးဖြစ်ဖို့ လေ့လာသင်ယူနေကြသူ ကျောင်းသား ၄၇ ဦးကို လေ့လာခဲ့ကြပါတယ်။ အဲဒီလေ့လာမှုမှာ သူတို့က ကျောင်းသားတွေကို တရားဟောခိုင်းပါတယ်။ အချို့ကို ဘာအကြောင်း အရာရယ်လို့ တိတိကျကျ သတ်မှတ်ထားခြင်း မရှိဘဲ ဟောစေပြီး၊ အချို့ကို ကျမ်းစာထဲမှာပါတဲ့ သူတစ်ပါးကို ကူညီမှုက အရေးကြီးကြောင်း ပုံပြင်တိုကို ဟောခိုင်းပါတယ်။ လေ့လာမှုမှာ သုတေသန လက်ထောက်က ကျောင်းသားတွေကို သူတို့ရဲ့ ဟောပြောချိန်က သုံးမိနစ်ကနေ ငါးမိနစ်အတွင်းဖြစ်ပြီး အခြား အဆောက်အအုံ တစ်ခုထဲမှာ အသံသွင်းရမှာဖြစ်ကြောင်း ရှင်းပြပါတယ်။ သုတေသန လက်ထောက်က ကျောင်းသားတစ်ဦးချင်းကို အချိန်ခွဲခြား တွေ့ဆုံပြီး ရှင်းပြခြင်း ဖြစ်ပါတယ်။ သူက အချို့ကျောင်းသားတွေကို ရှင်းပြပြီးချိန်မှာ နာရီကို ကြည့်ပြီး “ဟာ .. နောက်ကျနေပြီ၊ မင်းကို သူတို့စောင့်နေကြပြီ၊ မြန်မြန်သွားမှဖြစ်မယ်၊ တစ်မိနစ်တောင်မှ မဆိုင်းသင့်တော့ဘူး” ဆိုပြီး တွန်းလွှတ်လိုက်ပါတယ်။ ကျောင်းသားအချို့ကိုတော့ “အသံသွင်းမယ့် သူကတော့ အဆင်သင့် ဖြစ်နေပြီ၊ အခုပဲ သွားလိုက်တော့” လို့ ပြောပါတယ်။ ကျန်တဲ့ ကျောင်းသားကိုတော့ “သူတို့ အသံသွင်းဖို့ အဆင်သင့်ဖြစ်ဖို့ အချိန် နည်းနည်းတော့ လိုသေးတယ်။ ဒါပေမဲ့ အခုပဲ သွားလိုက်တာ ကောင်းပါတယ်။ သိပ်တော့ မစောင့်ရပါဘူး” လို့ ပြောပါတယ်။ကျောင်းသားတွေ အခြား အဆောက်အအုံကို သွားရတဲ့ လမ်းမှာ သရုပ်ဆောင် တစ်ဦးကို ထားရှိပါတယ်။ သူက နာမကျန်းဖြစ်ပြီး အကူအညီ လိုနေတဲ့ သဏ္ဌာန် သရုပ်ဆောင်နေပါတယ်။ ကျောင်းသားတွေက ခပ်စုတ်စုတ် အဝတ်အစားနဲ့ တံခါးကိုမှီ၊ မျက်လုံးပိတ်ပြီး ခေါင်းငိုက်စိုက် ထိုင်နေသူ တစ်ဦးကို လမ်းမှာ တွေ့ကြရပါတယ်။ ကျောင်းသားတစ်ဦး ဖြတ်လာချိန်မှာ သူက ချောင်းနှစ်ချက်ဆိုးပြီး ခေါင်းကိုမမော့ဘဲ ညည်းတွားပါတယ်။ ကျောင်းသားက သူ့အနားကိုလာပြီး အကူအညီပေးရင် သူက “ကျေးဇူးပါ၊ ဒါပေမဲ့ ရပါတယ်။ ငါ့မှာ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ အခြေအနေတစ်ခု ရှိနေတယ်။ ဆရာဝန်က ဒီဆေးတွေကို သောက်ဖို့ ပေးထားတယ်၊ ငါအခု တစ်လုံးသောက်ထားတယ်။ ငါ ဒီမှာထိုင်ပြီး နားနေလိုက်ရင် မကြာခင် ပြန်ကောင်းသွားမှာပါ၊ အခုလို မေးတာ ကျေးဇူးပါ” လို့ ပြန်ပြောပါတယ်။ တကယ်လို့ ကျောင်းသားက အနီးအနားက အဆောက်အအုံ တစ်ခုထဲ ပို့ပေးမယ်လို့ ဆက်ပြောနေရင်လည်း သူက ကူညီတာတွေ အားလုံးကို လက်ခံပါတယ်။ ပြီးတော့ သူ့ကို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။ အဲဒီနောက်မှာ ဘယ်သူက သူ့ကို အကူအညီ ဘယ်လောက်ပေးတယ် ဆိုတာကို မှတ်သားထားပါတယ်။ အဲဒီ စမ်းသပ်မှုမှာ အလျင်လိုနေတဲ့ ကျောင်းသားတွေထက် စာရင် အလျင်မလိုတဲ့ ကျောင်းသားတွေက အကူအညီပေးကြတာ ပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အဲဒါက သူတို့ ဟောရမယ့် တရားအမျိုးအစားနဲ့ မသက်ဆိုင်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။  ၁၉၈၀ ပြည့်နှစ်မှာ ဂျင်မ်ရှာမန်းနဲ့ လယ်ရီဂေါ်ကင်တို့က ခံယူချက်နဲ့ အပြုအမူ ကွဲလွဲမှု လေ့လာတွေ့ရှိချက် တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ သူတို့က ကျောင်းသား၊ ကျောင်းသူ ၇၇ ဦးကို လေ့လာခဲ့ပါတယ်။ လေ့လာရာမှာ ပါဝင်မယ့် သူတွေကို မတူညီတဲ့ သုတေသန လေ့လာမှုတွေအတွက် ဖိတ်ခေါ်ခြင်းလို့ ပြောထားပြီး သုတေသန တစ်ခုတည်းအတွက် အပိုင်းနှစ်ပိုင်းခွဲပြီး လေ့လာခဲ့ကြပါတယ်။ ပထမပိုင်းမှာ အချို့ကျောင်းသူ ကျောင်းသားတွေကို ကျွန်မ ရှေ့ဆောင်းပါး တစ်ခုမှာ ရေးခဲ့ဖူးတဲ့ ဇာတ်လမ်းနဲ့ ဆင်တူတဲ့ ဇာတ်လမ်းလေးကို ပြောပြခဲ့ပါတယ်။ ဇာတ်လမ်းက သားနဲ့အဖေက ကားအတူ စီးလာကြတယ်။ လမ်းမှာ ယာဉ်တိုက်မှု ဖြစ်တယ်။ အဖေက သေဆုံးသွားတယ်။ သားက အရေးပေါ် အခြေအနေနဲ့ ဆေးရုံ ရောက်လာတယ်။ ခွဲစိတ်ဖို့ ပြင်ဆင်အပြီးမှာ ဆရာဝန်က အခန်းထဲ ဝင်လာတယ်။ လူနာကို ကြည့်ပြီး “ဒါက ငါ့သား၊ ငါခွဲလို့ မဖြစ်ဘူး” လို့ ပြောသတဲ့။ မေးခွန်းက “အဲဒါက ဖြစ်နိုင်ပါ့မလား” ပါ။ ဖြစ်နိုင် မဖြစ်နိုင် ဖြေရှင်းချက်ကို ငါးမိနစ် အချိန်ပေးပြီး ဖြေခိုင်းပါတယ်။ ကျန်တဲ့ ကျောင်းသား ကျောင်းသူတွေကိုတော့ နှိုင်းယှဉ်ဖို့အတွက် အစက်တွေလိုင်းတွေ ပါဝင်တဲ့ ပုစ္ဆာကိုသာ ဖြေဆိုခိုင်းပါတယ်။ ဇာတ်လမ်းပုစ္ဆာ ဖြေဆိုရသူ ရာခိုင်နှုန်း ၈၀ က အဲဒီဇာတ်လမ်းရဲ့ ဖြစ်နိုင်ခြေ၊ အမေက ခွဲစိတ်ဆရာဝန် ဖြစ်တယ်ဆိုတဲ့ ဖြေရှင်းချက် မပေးနိုင်ခဲ့ကြပါဘူး။ဒုတိယပိုင်းမှာ ဥပဒေရေးရာ ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ အခြား သုတေသန တစ်ခုအတွက် ဖြေပေးဖို့ဆိုပြီး သုတေသနမှာ ပါဝင်သူတွေကို စာအုပ်ကလေးတစ်အုပ် ပေးလိုက်ပါတယ်။ ဖြေဆိုပြီးရင် စာအုပ်ကို စာတိုက်ကနေ ပြန်ပို့ပေးရမှာပါ။ အဲဒီ စာအုပ်ကလေးထဲမှာ အစဉ်အဆက်က ခွဲခြားခံခဲ့ရသူတွေကို ဦးစားပေး ဆောင်ရွက်မှု (Affirmative Action) နဲ့ ပတ်သက်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တစ်ခု ပါဝင်ပါတယ်။ အမျိုးသမီး တစ်ဦးကို အမျိုးသမီး ဖြစ်နေခြင်းကြောင့် တက္ကသိုလ်မှာ ဆရာမအဖြစ် ခန့်အပ်ဖို့ ငြင်းဆိုခဲ့ခြင်းကို တိုင်ကြားထားတဲ့ ဖြစ်ရပ်ပါ။ ကျောင်းသား၊ ကျောင်းသူတွေကို အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထင်မြင်ချက်သုံးခု ပေးခိုင်းပါတယ်။ ပထမ တစ်ခုက ဥပဒေအရ ဆုံးဖြတ်ချက်က ဘာဖြစ်မလဲ။ ဒုတိယတစ်ခုက အမျိုးသမီးအစား အမျိုးသားတွေကို ခန့်အပ်ဖို့ တက္ကသိုလ်က ဆုံးဖြတ်ခြင်းက တရားမျှတမှု ရှိ၊ မရှိ၊ တတိယ တစ်ခုက အစဉ်အဆက်က ခွဲခြားခံခဲ့ရသူတွေကို ဦးစားပေး ဆောင်ရွက်မှု (Affirmative Action) တွေ အားလုံးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အမြင် ဖြစ်ပါတယ်။ ရလဒ်တွေကို ပြန်လည် သုံးသပ်ကြည့်တဲ့အခါ အမျိုးသမီး ခွဲစိတ်ဆရာဝန် ပုစ္ဆာကို မဖြေနိုင်သူတွေက တက္ကသိုလ်က အမျိုးသမီးကို ခွဲခြားပြီး အလုပ်မခန့်တဲ့အတွက် အပြစ်ရှိတယ်လို့ ပိုဆိုကြပြီး၊ တက္ကသိုလ်က တရားမျှတမှု မရှိဘူးလို့လည်း ပိုမြင်ကြပါတယ်။ ဒါ့အပြင် ဦးစားပေး ဆောင်ရွက်မှု (Affirmative Action) တွေကိုလည်း ပိုမို ထောက်ခံ အားပေးကြပါသတဲ့။၂၀၀၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုမှာတော့ အကြွေးဝယ်ခွင့် ကတ်ပြားမှာ အကြွေးတင်အောင် သုံးတာက လုံး၀ လက်မခံနိုင်တဲ့ အခြေအနေဖြစ်ကြောင်း ဖြေဆိုခဲ့သူ ကျောင်းသား ကျောင်းသူတွေရဲ့ အကြွေးဝယ်ခွင့် ကတ်ပြားကို ဆန်းစစ်ကြည့်တဲ့အခါ အခြား ကျောင်းသား၊ ကျောင်းသူတွေ နည်းတူ အကြွေးတင်နေကြကြောင်း တွေ့ရှိခဲ့ရပါသတဲ့။လူတွေရဲ့ အပြုအမူတွေက အလွန်ကို ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေမို့ အပေါ်ယံ အမြင်တွေနဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်ပါတယ်။ သို့ပေမဲ့ မိမိဟာ အလျင်လိုမှု၊ သက်သောင့်သက်သာဖြစ်မှု၊ မမြင်နိုင်မှု စတဲ့ အခြေအနေ များစွာအပေါ် မူတည်ပြီး မိမိရဲ့ ခံယူချက်တွေနဲ့ ကွဲလွဲစွာ ဆောင်ရွက်နိုင်ကြောင်း ကြိုတင်သိရှိ၊ သတိပြုမိထားရင် အဲဒီ အခြေအနေတွေကို အတိုင်းအတာ တစ်ခုအထိ ကျော်လွှားနိုင်ကြမယ်လို့ ယူဆမိတဲ့အတွက် ပြန်လည်မျှေ၀ ပေးလိုက်ပါတယ်။(Reference: www.coursea.org တွင် Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာ သင်ကြားပို့ချချက်)

Most Read

Most Recent