ခြိမ်းခြောက်မှုများအောက်မှာ

ခြိမ်းခြောက်မှုများအောက်မှာ
Published 24 October 2015
မြတ်သစ်

တူရကီမြို့တော် အင်ကာရာတွင် အောက်တိုဘာ ၁၀ ရက်က ကာ့ဒ်လိုလားသော အတိုက်အခံ အဖွဲ့များနှင့် လက်ဝဲအဖွဲ့များက ဦးဆောင် ကျင်းပသော ငြိမ်းချမ်းရေး ချီတက်ပွဲ၌ တက်ကြွ လှုပ်ရှားသူများကို ပစ်မှတ်ထား သော အကြမ်းဖက် ဗုံးခွဲမှု နှစ်ခုကြောင့် လူ ၈၆ ဦးထက်မနည်း သေဆုံးခဲ့သည်။
ဤဖြစ်စဉ်မှာ ခေတ်သစ် တူရကီသမိုင်းတွင် အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် နိုဝင်ဘာ ၁ ရက်တွင် ကျင်းပမည့် တူရကီ ရွေးကောက်ပွဲ မတိုင်မီ တင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အင်ကာရာမြို့၏ ပင်မဘူတာရုံအနီးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု၌ ၆၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဆေးရုံတွင် ၂၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဒဏ်ရာရသူ ၁၈၆ ဦး ရှိခဲ့သည်။ ၎င်းတို့အနက် ၂၈ ဦးသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ဗုံးပေါက်ကွဲမှုများ၏ ဖြစ်နိုင်ခြေကို အာဏာပိုင်များက စုံစမ်း စစ်ဆေးခဲ့ပြီး အသေခံ ဗုံးခွဲမှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံပိုင် သတင်းအေဂျင်စီ အနာတိုလီယာက ပြောကြားခဲ့သည်။
တက်ကြွ လှုပ်ရှားသူများ သေဆုံးမှုအတွက် အမျက်ဒေါသ ထွက်နေကြသော ဆန္ဒပြသူများကို ဖြိုခွင်းရန် တူရကီရဲတပ်ဖွဲ့က လေထဲသို့ သေနတ် ပစ်ခတ်ခဲ့သည်။ တက်ကြွ လှုပ်ရှားသူများသည် လက်ချင်းချိတ်ပြီး ကခုန်နေကြသည်။ ပေါက်ကွဲမှုကြီး ထွက်ပေါ်ခဲ့ပြီးနောက် လူအများ မြေပေါ်သို့ လဲကျသွားခဲ့ကြပုံကို ရိုက်ကူးထားသော ဗီဒီယို တစ်ပိုင်းတစ်စကို NTV ရုပ်သံက ထုတ်လွှင့်ခဲ့သည်။
ဇူလိုင် ၂၀ ကလည်း ကာ့ဒ်အများစု နေထိုင်သော ဆူရက်မြို့တွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကာ့ဒ်လိုလားသော တက်ကြွ လှုပ်ရှားသူများ အပါအဝင် ၃၂ ဦး သေဆုံးခဲ့သည်။ ကာ့ဒ်အလုပ်သမား ပါတီ PKK က တူရကီအစိုးရသည် IS တို့နှင့် ပူးပေါင်းပြီး ကာ့ဒ်တို့ကို ဖိနှိပ်နေကြောင်း စွပ်စွဲခဲ့သည်။ မိမိတို့အနေဖြင့် တူရကီ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မည်ဟု ပြောကြားခဲ့သည်။
ထို့နောက်ပိုင်းတွင် တူရကီ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၄၀ ကျော် အသတ်ခံခဲ့ရပြီး တူရကီ အရှေ့တောင်ပိုင်းနှင့် အီရတ်မြောက်ပိုင်းတွင် PKK ပစ်မှတ်များကို ဗုံးကြဲမှုများ၌ ကာ့ဒ်စစ်သွေးကြွ ၁၇၀၀ ကျော် သေဆုံးခဲ့သည်။
အကြမ်းဖက်သမားများ တိုက်ခိုက်ပြီးသည့် နောက်ပိုင်းတွင် တူရကီ၏ နိုင်ငံရေး အခြေအနေမှာလည်း မတည်ငြိမ်မှုများကို ပြသလျက် ရှိသည်။ ပြည်သူလူထုက အစိုးရအပေါ် မကျေနပ်မှုများ မြင့်တက်လာသလို အစိုးရ၏ သြဇာတိက္ကမကြီးသော ထောက်လှမ်းရေး အဖွဲ့အစည်းကလည်း အကြမ်းဖက်သမားများကို စုံစမ်းနှိမ်နင်းမှုများ မပြုလုပ်နိုင်သဖြင့်သာ ယခုလို အကြမ်းဖက် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကာ့ဒ်နှင့် လက်ဝဲပါတီများ ညီညွတ်ရေး ရယူထားသည့် HDP ပါတီကို လူထု ထောက်ခံမှုသည် ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ ကာ့ဒ် လိုလားသော အတိုက်အခံအဖွဲ့များနှင့် လက်ဝဲအဖွဲ့များက ဦးဆောင်ကျင်းပသော ငြိမ်းချမ်းရေး ချီတက်ပွဲ၌ တက်ကြွ လှုပ်ရှားသူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်သည်။
ပြီးခဲ့သည့် သုံးလအတွင်း တူရကီအစိုးရ တပ်ဖွဲ့ဝင်များနှင့် ကာ့ဒ် စစ်သွေးကြွများ တိုက်ပွဲများကြောင့် လူရာချီ၍ သေဆုံးခဲ့ရသည်။ ဤသို့ လုံခြုံရေး အခြေအနေ ဆိုးရွားနေမှုကို အကြောင်းပြပြီး တူရကီနိုင်ငံ အရှေ့ တောင်ဘက်ရှိ မြို့များတွင် နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ခဲ့သည်။
လမ်းမများပေါ်တွင် စစ်ဆေးရေးစခန်းများ ထားရှိသလို လက်နက် ကိုင်ထားသော ရဲတပ်ဖွဲ့ဝင်များကလည်း နေရာအနှံ့တွင် ရှိနေသည်။ အထူးသဖြင့် ဆီးရီးယားနှင့် အီရတ် နယ်စပ်တွင်ရှိသော ဆီဇရီမြို့လေးတွင် တူရကီ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကာ့ဒ် အလုပ်သမားပါတီ PKK တို့ ပြီးခဲ့တဲ့လအတွင်းက ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် သွေးထွက် သံယိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ကိုးရက်ကြာ နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ထားစဉ် ကာလတွင် ကာ့ဒ်စစ်သွေးကြွ ၃၂ ဦးကို ပစ်သတ်ခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။ တကယ်တမ်းတွင် သေဆုံးသူ ၂၁ ဦးမှာ အရပ်သားတွေ ဖြစ်နေကြသည်။ ယင်း ၂၁ ဦးအနက် တစ်ဦးမှာ အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်တစ်ဦး ဖြစ်သည်။
ဇွန်လက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် AKP ပါတီသည် ရှုံးနိမ့်ခဲ့ပြီး ကာ့ဒ် လိုလားသည့် ပြည်သူ့ဒီမိုကရက်တစ်ပါတီ HDP က အနိုင်ရရှိခဲ့သည်။ တူရကီအစိုးရက HDP ပါတီကို အကြမ်းဖက်သမားများနှင့် ဆက်နွှယ်နေသည့် ပါတီ တစ်ရပ် အဖြစ် လည်းကောင်း၊ အကြမ်းဖက်ဝါဒ ဖြန့်ချိမှုများ ပြုလုပ်နေသည်ဟု လည်းကောင်း စွပ်စွဲထားသည်။
ယခုကဲ့သို့ မတည်ငြိမ်မှုများမှာ တူရကီနိုင်ငံ၏ နိုင်ငံရေး အရည်ပျော်ကျမှုကို ဖော်ညွှန်းနေခြင်း ဖြစ်သည်။ အာဒိုဂန်သည် မီးတောက်များကို ငြှိမ်းသက်မည့်အစား ပိုမိုလောင်ကျွမ်းစေရန် လောင်စာများ ထည့်သွင်းနေသည်ဟု ဝေဖန်ချက်များ ထွက်ပေါ်နေသည်။ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစိုးရက ဖြစ်စဉ်များကို မီဒီယာများမှနေ၍ မဖော်ပြရန် တိုက်တွန်းခဲ့သလို သေဆုံးသွားသူများ၏ အသုဘကို အစိုးရ အရာရှိများအနေဖြင့် လိုက်လံ ပို့ဆောင်ခြင်းများ မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
တိုင်းပြည် မတည်မငြိမ် ဖြစ်နေခြင်းကို အာဒိုဂန်က ခွင့်ပြုထားရခြင်းမှာ မိမိနှင့် AKP ပါတီကသာလျှင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်နိုင်သည် ဟူသောအချက်ကို ပြသလို၍ ဖြစ်သည်။
“AKP ပါတီဟာ ပြည်သူ့ပါတီဆိုပြီး အစပြုခဲ့ပေမယ့် ပြည်သူလူထု သတ်ဖြတ်ခံရ ပြီးတဲ့နောက်ပိုင်းမှာ လူထုက AKP ပါတီကို ထောက်ခံမှု ပိုမိုလျော့ကျသွားတယ်” ဟု နိုင်ငံရေး အကဲခတ်တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေမှုကို အကြောင်းပြပြီး အစိုးရက လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ထားရှိခဲ့သည်။ ထို့ပြင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်နေမှုကိုလည်း ဟန့်တားသည့် အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ဟန့်တားခြင်း မပြုခဲ့ပေ။
နယ်စပ်ဒေသရှိ မြို့များတွင် ပြည်သူလူထုများမှာ လုံခြုံမှု ကင်းမဲ့နေသဖြင့် သဲအိတ်များ ကာရံထားသည့် နေရာများတွင် နေထိုင်ရသည်။ သူတို့တစ်တွေ သောက်သုံးရေလည်း ပြတ်လပ်နေသလို အစားအသောက်လည်း လုံလောက်အောင် မရရှိပေ။ ထို့ပြင် သူတို့အနေဖြင့် ကျန်းမာရေးအတွက် ဆေးဝါးများလည်း မရရှိကြပေ။
အစိုးရက နယ်စပ်မြို့ကလေးကို အစားအသောက်၊ ဆေးဝါးနှင့် လျှပ်စစ်မီး ဖြတ်တောက်ခြင်း ခံနေရခြင်းမှာ ယင်းမြို့တွင် နေထိုင်ကြသူများသည် ကာ့ဒ်စစ်သွေးကြွများကို လိုလားနေသူများ ဖြစ်ကြောင်း စွပ်စွဲရုံမျှသာမက ပြီးခဲ့သည့် စက်တင်ဘာလက ဆီဇရီမြို့တော်ဝန်ကို ရာထူးမှနေ၍ ထုတ်ပယ်ပစ်ခဲ့သည်။
အစိုးရ၏ လုပ်ဆောင်ချက်များမှာ ဇွန်လက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုများကို မကျေနပ်သဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးသမားများက သုံးသပ်ခဲ့သည်။
“အစိုးရက ပြည်သူလူထုကို ကြောက်လန့်အောင် ခြောက်လှန့်နေကြတယ်။ ဒါမှသာ ပြည်သူတွေအနေနဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲမပေးဝံ့ကြမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ လုံခြုံရေးကို အကြောင်းပြပြီး အဲဒီဒေသမှာ ရွေးကောက်ပွဲ မကျင်းပနိုင်အောင်လည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟု ပြည်သူတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။

Most Read

Most Recent