ယဉ်ကျေးသော အလွှဲအပြောင်း အခင်းအကျင်း

ယဉ်ကျေးသော အလွှဲအပြောင်း အခင်းအကျင်း
Published 24 October 2015
ဒေါက်တာ ခင်မောင်ညို

ဒီနှစ်ဟာ အင်မတန် ထူးခြားတယ်ဗျ။ဗိုလ်ချုပ် ရာပြည့်နှစ် ဖြစ်သလို ရွေးကောက်ပွဲနှစ်လည်း ဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကို သတိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးအတွက် ဘာမဆို လုပ်ရဲကိုင်ရဲ ပါတယ်။ နောက်ဆုံးမှာ အသက်နဲ့ချွေးနဲ့ ပေးဆပ်ခဲ့ပါတယ်။ လွတ်လပ်ရေးကို အဓိကထားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်ကို အကူအညီ တောင်းခဲ့ပါတယ်။ ကိုယ်တိုင် ဂျပန်ပြည်မှာ စစ်ပညာကို သင်ယူခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးထဲကို ဝင်ခဲ့ပါတယ်။ ဂျပန်တွေကို ဗိုလ်ချုပ်အောင်ဆန်းက ခေါ်လာတယ်ဆိုပေမယ့် တကယ်တော့ ဆန်ရေစပါးနဲ့ ရေနံလို သယံဇာတပေါတဲ့ မြန်မာနိုင်ငံဟာ စစ်ရေးစစ်ရာမှာ အရေးပါနေတယ်။
ဗိုလ်ချုပ်အောင်ဆန်း မခေါ်လည်း ဂျပန်က မြန်မာပြည်ကိုဝင်မှာပါပဲလို့ သမိုင်းဆရာတွေက သုံးသပ်ကြတယ်။
ဒီအတိုင်းပါပဲ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရက လွတ်လပ်ရေး ပေးခဲ့ပါတယ်။
ဘာကြောင့်လဲ။ အကြောင်းရင်းတွေ အများကြီးအနက် သူရဲ့အကျိုးစီးပွားကြောင့်ပါပဲ။ တရုတ်နိုင်ငံဟာ လွတ်လပ်ရေး ရသွားပေမယ့် ဟောင်ကောင်ကို ကျတော့ လွတ်လပ်ရေး မပေးဘဲ ထားခဲ့တာ အကြာကြီးပါပဲ။
နယ်ချဲ့တွေဟာ သူတို့အကျိုးအမြတ် ရှိနေသေးတယ်ဆိုရင်တော့ တော်ရုံနဲ့ လက်မလွှတ်ဘူး။ မြန်မာနိုင်ငံဟာ နိုင်ငံရေးအမြင်ရှိတဲ့ တိုင်းပြည်ဖြစ်တယ်။ စာတတ်သူတွေလည်း များတယ်။ ဒီတော့ အင်္ဂလိပ်တွေအနေနဲ့ အကျိုးပိုပြီး ရှိတဲ့နေရာတွေကို ဖိဖိစီးစီး ဖိနှပ်ဖို့ သူတို့ရဲ့နေမဝင် အင်ပါယာကြီးကို စွန့်လွှတ်ခဲ့တာပါပဲ။
မြန်မာတို့ အိန္ဒိယတို့ဟာ မတိုက်မခိုက်ရဘဲ ဆွေးနွေးပြီး လွတ်လပ်ရေး ရခဲ့တယ်။ ဒါဟာ ယဉ်ကျေးသူတွေရဲ့အခင်းအကျင်းပါပဲ။ ဒါပေမဲ့ တကယ်တန်း မြန်မာတွေဟာ ဂျပန်ကိုခေါ်လာပြီး တိုက်ခဲ့တယ်။ အိန္ဒိယမှာလည်း ဆူဘတ်ချန်ဒရာဘိုစ်တို့ဟာ ဒီလိုတိုက်ခဲ့ တာပဲ။ ဒီတော့ ယဉ်ကျေးတယ်ဆိုတဲ့ ဗြိတိသျှ တွေဟာ မစားရတဲ့အမဲ သဲမပက်ခဲ့ပါဘူးဆိုပြီး ဆုတ်ခဲ့ပါတယ်။ (ဒါတောင် လွတ်လပ်ရေး မရခင်လေးမှာ အလုပ်အကြံခံရတဲ့ ဗိုလ်ချုပ်နဲ့ အာဇာနည်များ၊ လွတ်လပ်ရေး ရပြီးနောက် ကရင်သူပုန် အရေးအခင်းတို့ဟာ အချို့သော လူကြီးလူကောင်း မဆန်တဲ့ လုပ်ရပ်တွေ ပါဝင်နေတယ်လို့ စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်) လွတ်လပ်ရေး ရပြီးနောက် ဦးနုအစိုးရ တက်လာတယ်။ တကယ်တန်း နိုင်ငံဟာ တိုးတက်လာပေမယ့် ပြဿနာတွေ အများကြီး ရှိခဲ့တယ်။
ပြည်တွင်း သောင်းကျန်းသူ ရောင်စုံသူပုန်များ၊  တရုတ်ဖြူ(ကူမင်တန်) တို့၏ ကျူးကျော်မှုများ။ အကျင့်ပျက် ခြစားမှုများ၊ အချင်းချင်း လုပ်ကြံ သတ်ဖြတ်မှုများ များစွာကို ရင်ဆိုင်ခဲ့ရတယ်။
လွတ်လပ်ရေး ရကာစ နိုင်ငံတစ်ခုအနေနဲ့ ဒီပြဿနာတွေဟာ အကြီးကြီးပါပဲ။ အနှစ်တစ်ရာကျော် အင်္ဂလိပ်တွေရဲ့အုပ်ချုပ်မှုမှာ အသားကျနေတဲ့ ပြည်သူတွေဟာ အစိုးရလုပ်သမျှကို ကန့်ကွက် ဆန့်ကျင်တဲ့ အလေ့အထဆိုတဲ့ အစွဲတွေ စွဲနေတာကြောင့် အစိုးရကို မကူညီကြဘူး။ ထိုခေတ်က လူကြီးတွေက အစိုးရကို အချင်းချင်း ခွက်စောင်း ခုတ်နေကြတယ်ဆိုတဲ့ စကားကို သုံးခဲ့တယ်။ နယ်တွေမှာလည်း သေနတ်ကိုင် သောင်းကျန်းသူများကြောင့် မငြိမ်မသက် ဖြစ်နေတယ်။ ဒီအခါ တောနေလူထု အများစုဟာ မြို့ကြီးတွေပေါ် ပြောင်းရွှေ့လာကြတော့တယ်။
အထူးသဖြင့် တောနေလူအများဟာ ရန်ကုန်မြို့ပေါ်ကို ရောက်လာတယ်။ ရန်ကုန်မြို့မှာ စည်းမရှိကမ်းမရှိ ကျူးကျော်တဲများ ဖြစ်လာတယ်။ မြို့ပတ်လမ်းတစ်လျှောက်နဲ့ ကွက်လပ် မှန်သမျှတွေမှာ (မင်းမနိုင်၊ ဖဆပလ) စတဲ့နေရာတွေမှာ ကျူးကျော် ကွက်သစ်တွေ ပေါ်လာတယ်။ မင်းမနိုင်ဆိုတဲ့ နေရာဟာ ယနေ့ ဦးဝိစာရ အိမ်ရာနေရာပါပဲ။ အဲဒီက ကွက်သစ်ကို ဒီနေ့ဖျက်လိုက် နောက်နေ့ ပြန်ပေါ်လာလိုက် ဖြစ်နေတဲ့အတွက် အဲဒီ အရပ်ကို မင်းမနိုင်လို့ ခေါ်ကြတာ ဖြစ်တယ်။
ဒီနေရာမှာ အစိုးရအဖွဲ့တွေထဲမှာ အကွဲအပြဲတွေ အများကြီးရှိခဲ့တယ်။ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအတွက် ၁၉၅၈ ခုနှစ်မှာ ဝန်ကြီးချုပ်ဦးနုဟာ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထဲကို အာဏာ လွှဲပေးလိုက်တယ်လို့ ဆိုတယ်။ အိမ်စောင့်အစိုးရပဲပေါ့။ အိမ်စောင့် အစိုးရ လက်ထက်မှာ ရန်ကုန်မြို့တော်ကို ဗိုလ်မှူးကြီး ထွန်းစိန်က မြူနီစီပယ် မင်းကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ရန်ကုန်မြို့ သန့်ရှင်းစေဖို့ သူကိုယ်တိုင် တံမြက်စည်း ဝင်လှည်းခဲ့တယ်။ ဒါကို သတင်းစာတွေက လော်ဘီလုပ်ကြတယ်။ မူလကတည်းက စစ်တပ်ဟာ နိုင်ငံတော်ကို လွတ်လပ်ရေးရအောင် လုပ်ပေးတယ်ဆိုတဲ့ အစွဲရှိနေတဲ့ ပြည်သူတွေဟာ စစ်တပ်ကို ထောက်ခံခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ၁၉၆၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်ပြီး အာဏာ လွှဲပေးခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး သန်ရှင်းဖဆပလ (ပထစ) က နိုင်သွားတယ်။ ဝန်ကြီးချုပ် ဦးနုပဲ ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ရသွားတယ်။ အခြေအနေတွေ ပိုရှုပ်ထွေးလာတယ်။ စစ်တပ်က နိုင်ငံရေးထဲမှာ အတော်လေး ပါဝင်လာတယ်။ သူတို့က တည်မြဲကို ထောက်ခံတယ်။ သူတို့ထောက်ခံတဲ့ တည်မြဲအဖွဲ့ဟာ အာဏာ မရဘူး။ ဒီနောက် ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာ သိမ်းလိုက်တော့တယ်။
ပြည်သူတွေဟာလည်း သဘောရိုးနဲ့ စစ်တပ်ကို ထောက်ခံတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ၁၉၄၇ ခု အခြေခံဥပဒေကို ဖျက်ပစ်လိုက်တယ်။ ၁၉၆၄ ခုနှစ်မှာ ပြည်သူပိုင် သိမ်းတယ်။ ၁၉၇၄ ခုနှစ်မှာ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီး ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဦးနေဝင်း ဖြစ်လာပါတယ်။ (ဗိုလ်ချုပ်သိန်းစိန်ဟာလည်း သမ္မတဦးသိန်းစိန် ဖြစ်လာသလိုပါပဲ)
ဦးနေဝင်း အစိုးရဟာ ချမ်းသာတဲ့ မြန်မာနိုင်ငံကို ဆိုရှယ်လစ် စီးပွားရေးစနစ် ပုံစံသွင်းကာ ဖိနှိပ် အုပ်ချုပ်ခဲ့တဲ့အတွက် တစ်ပြည်လုံး ဆင်းရဲသွားကြရပါတယ်။ ၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံဟာ လူမွဲစာရင်းထဲ ပါသွားပြီး အဆင်းရဲဆုံးနိုင်ငံ (Least Developping Country-LDC) ဖြစ်သွားခဲ့ပါတယ်။
အစိုးရက ဒါဟာ ဆင်းရဲတာကို ပြောတာ မဟုတ်ဘူး။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံလို့ ပြောတာပါဆိုပြီး ဆင်ခြင်ပေးပါတယ်။ ဒါဟာလည်း အဓိပ္ပာယ် အတိအကျဆိုရင် မှန်ပါတယ်။ သို့သော် ဖွံ့ဖြိုးမှု နည်းလိုက်တာ ကမ္ဘာ့နိုင်ငံ ၁၅၀ ကျော်မှာ အောက်နိုင်ငံ သုံးနိုင်ငံ လောက်ပဲ ကျန်တဲ့အဆင့်ကို ရောက်သွားပါ တယ်။ဒီလို ဆင်းရဲတဲ့အတွက် မြန်မာတွေကို နိုင်ငံတကာမှာ လူမလေး ခွေးမခန့်ဖြစ်ကာ စော်ကားမော်ကား ပြုကြတာကို ခံကြရတယ်။ မြန်မာ Passport ဆိုရင် ဘယ်သူမှ မလေးစားကြဘူး။ ဒီအတွက်လည်း ၁၉၈၈ ခုနှစ်မှာ အရေးအခင်း ဖြစ်ရပါတယ်။
ဒီအတိုင်း ဆက်သွားရင် မရတော့ဘူးဆိုတာကို ဦးနေဝင်း သိတယ်။ ဒါကြောင့် ပါတီညီလာခံမှာ သူက လမ်းဖွင့်ပေးခဲ့တယ်။ တစ်ပါတီ စနစ်ပဲ သွားမလား။ ဒါမှမဟုတ် ပါတီစုံ စနစ်ကိုပဲ သွားမလားဆိုပြီး လမ်းဖွင့်ပေးတယ်။ သူကိုယ်တိုင်လည်း နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျေကျေနပ်နပ်နဲ့တော့ မဟုတ်ဘူး။ စိတ်ဆိုး မာန်ဆိုး ပြောသွားတယ်။
‘စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး။တည့်တည့်ပစ်တာ’ ဆိုပြီး နှုတ်ဆက်စကား ဆိုခဲ့တယ်။ သူက သူကိုယ်တိုင်ရော ဗဟိုကော်မတီကိုရော နုတ်ထွက်ဖို့ ပြောပေမယ့် ဗဟို ကော်မီတီ အဖွဲ့ဝင်တွေ နုတ်မထွက်ဘူး။ အဲဒီမှာပါတဲ့ ဦးစိန်လွင်က သမ္မတ တက်လုပ်လေတော့တယ်။ ဒီနေရာမှာ ၈၈ အရေးအခင်းပေါ် လာတော့တာပါပဲ။ သမ္မတဦးစိန်လွင်ကိုလည်း အမျိုးမျိုး အပုပ်ချတယ်။
တစ်ပြည်လုံး အုန်းအုန်းထသွာတဲ့ အရေးအခင်းပါပဲ။ ဦးစိန်လွင်၊ ပြီးတော့ ဒေါက်တာမောင်မောင် တက်လာတယ်။ ထိန်းလို့မရဘူး။ စစ်တပ်က အာဏာသိမ်းလိုက်ပြန်တယ်။ အမှန်က ဦးနေဝင်းက အထွက် မှန်ပါတယ်။ အချိန်ရောက်နေပြီဆိုတာကို သူသိတယ်။ သူထွက်တယ်။ ဒါပေမဲ့ ဒီလိုထွက်လို့ မရတတ်ဘူး။ မူလက အခွင့်အလမ်းကို စောင့်နေတဲ့သူတွေဟာ သူတို့အလှည့်ရောက်နေပြီ။ တို့အလှည့်ကျမှ မထွက်နိုင်ဘူးဆိုပြီး ပေကတ်နေချင်ကြတယ်။ ဒီလို ပေကတ်နေတာကို နိုင်ငံတကာက အတွေ့အကြုံတွေနဲ့  နှိုင်းယှဉ်သင့်တယ်။
အာဏာရှင်တွေ ဖြစ်ကြတဲ့ ယူဂန်ဒါက အီဒီအာမင်နဲ့ ဖိလစ်ပိုင်က မားကိုစ့်တို့ဟာ အခြေအနေ မကောင်းတဲ့အခါ နိုင်ငံက ထွက်ခွာသွားကြတယ်။ သူတို့ဟာ အသက်ရှည်ရှည်နဲ့ ပြဿနာ နည်းနည်းနဲ့ နေသွားခဲ့တယ်။
ဒါပေမဲ့ လစ်ဗျားကကဒါဖီနဲ့ အီရတ်က ဆက်ဒန်ဟူစိန်တို့ဆိုရင် အသေထွက်ပဲ ထွက်သွားကြရရှာတယ်။
အခြေအနေ အချိန်အခါကိုသိတဲ့ ဦးသန်းရွှေဆိုရင်လည်း ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးပြီး ဒီမိုကရေစီ အကူးအပြောင်းကို လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကူးအပြောင်းဟာ ‘ပြောင်းလဲတယ်လို့ မဆိုနိုင်တဲ့’ ပြောင်းလဲခြင်းမျိုး ဖြစ်ခဲ့တယ်။
ပထမ (၅)နှစ်အပြီးမှာ ရွေးကောက်ပွဲ ကျင်းပပါတော့မယ်။ ပြောင်းလဲချိန် တန်ပြီဆိုပေမယ့် ဘယ်လိုပြောင်းလဲမှာလဲ။ အပြောင်းအလဲကို ပြည်သူတွေ တကယ်လိုလားတာကို အားလုံး အကဲခတ်နိုင်ပါတယ်။ ဒီမဲပေးမှုဟာ အပြောင်းအလဲကို ဖြစ်စေနိုင်တယ်လို့ ယုံကြည်နေတဲ့ ပြည်သူတွေကို နိုင်ငံရပ်ခြားက မဲထည့်ပုံတွေကိုကြည့်ရင် အထင်အရှားမြင်နိုင်တယ်။
ဥပမာအနေနဲ့ စင်ကာပူကိုပဲ ကြည့်ပါ။စင်ကာပူမှာ မြန်မာထောင်ပေါင်းများစွာဟာ တန်းစီပြီး ကြိုတင်မဲ ထည့်ကြတယ်။ ဘယ်လောက်ခက်ခဲလဲ။ မနက် ၃ နာရီလောက်က တန်းစီတာ ညနေ ၄ နာရီလောက်မှ မဲထည့် ရတယ်။ အချို့ ညအိပ် စောင့်ကြရတယ်။ သူတို့က တို့မဲထည့်ပါမှ အပြောင်းအလဲ ဖြစ်မယ်လို့ ယုံကြည်တယ်။ မဲစာရင်းမှာ မပါတဲ့လူအများကလည်း ဝိုင်းရန်ကြတယ်။ တန်းစီနေသူတွေကို ထမင်းတွေ ကျွေးတယ်။ ရေတွေတိုက်တယ်။ အိမ်သာသွားဖို့ Mobile Toilet တွေကိုတောင် ငှားပြီး လာချပေးတယ်။
တစ်ယောက်က ‘ ကျွန်မတစ်ယောက် မဲထည့်လို့ အပြောင်းအလဲ မဖြစ်နိုင်ပေမယ့် အပြောင်းအလဲ ဖြစ်အောင် မဲထည့်တဲ့အထဲမှာတော့ ကျွန်မလည်း ပါချင်တယ်’ လို့ သူူ မဲထည့်ရတဲ့အကြောင်း ပြောသွားပါတယ်။
လူတွေအပြောင်းအလဲကို လိုချင်နေပါတယ်။ အပြောင်းအလဲမှာ အကောင်းဆုံး လုပ်ပေးနိုင်တဲ့ ပါတီကို သူတို့သိနေကြတယ်။ ဘယ်သူက ဦးဆောင်နိုင်တာလဲ ဆိုတာကို သူတို့သိနေကြတယ်။ ပြည်သူ့အစိုးရကို မျှော် နေကြတယ်။ ယဉ်ကျေးသော အလွှဲအပြောင်း (Changing of the Guard)ကို ပြည်သူတွေ မျှော်နေကြတယ်။ နက်ဖြန်အတွက် ခရီးဆက်ကြမယ်။

Most Read

Most Recent