ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါ

ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါ
Published 23 October 2015
သဲသီရိကျော်

‘အခုနောက်ပိုင်းမှာ နည်းပညာတွေ၊ လူနေမှုပုံစံတွေ အစစအရာရာ ပြောင်းလဲလာတာနဲ့ အညီ နေရာတကာမှာ ယှဉ်ပြိုင်မှုတွေ၊ အပြိုင်အဆိုင်တွေ ဆိုတာကလည်း ပိုမိုပြင်းထန်လာတာကို တွေ့ရတယ်။ ဟိုတစ်လောကပဲ ဂျပန်ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေတဲ့ ကျွန်မသူငယ်ချင်းမလေးက သူတို့လုပ်ငန်းခွင်မှာ တွေ့ကြုံနေရတဲ့ လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာတွေ၊ သူဘယ်လောက်ပဲ အလုပ်ကို ကြိုးစားပြီး လုပ်လုပ်၊ အားလုံးနဲ့ အဆင်ပြေအောင် သည်းခံပြီး ဘယ်လိုပဲနေနေ တစ်ခုခု အလွဲအမှားလေး ဖြစ်သွားတာနဲ့  အရမ်းစိတ်ထိခိုက်ပြီး ဘာအလုပ်မှ ဆက်မလုပ်ချင်လောက်အောင် အပြောအဆို ခံရတယ်၊ ကဲ့ရဲ့ပြစ်တင်ခံရတဲ့ အတွက် သူအရမ်းကို စိတ်ညစ်တယ်ဆိုတဲ့ အကြောင်း၊ သူရတဲ့ လစာပမာဏက များသလို သူ့လုပ်ငန်းခွင် အတွင်းက စိန်ခေါ်မှုတွေ၊ အချင်းချင်းကအစ ယှဉ်ပြိုင်မှုတွေ၊ ထိခိုက် နစ်နာအောင် ပြောဆို တိုက်ခိုက်မှုတွေကလည်း အရမ်းကို များပြားလွန်းလှတယ်လို့ သူက စိတ်ပျက်လက်ပျက်နဲ့ ရင်ဖွင့် ပြောရှာပါတယ်။
ကျွန်မ သူငယ်ချင်းမလေးမှ မဟုတ်၊ သူ အလုပ်လုပ်နေတဲ့ ဂျပန် ကုမ္ပဏီ တစ်ခုတည်းမှာမှ မဟုတ်၊ လုပ်ငန်းခွင် တစ်ခုအတွင်းမှာ လည်ပတ်နေကြရတဲ့ သူတွေမှမဟုတ်၊ လူတိုင်းမှာ၊ နေရာတိုင်းမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ ယှဉ်ပြိုင်မှုတွေ များစွာ ရှိနေတာပါပဲ။ လောကမှာ လူတွေ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာ၊ ခံယူချက်တွေ၊ စိတ်ဓာတ်တွေ၊ အပြုအမူ အနေအထိုင်တွေ မတူညီတာ၊ အကျင့်စရိုက်တွေ မတူညီတာ ဆန်းကြယ်တဲ့ ကိစ္စတစ်ခု မဟုတ်ပေမယ့် အဲ့ဒီအရာတွေ ပေါ်မူတည်ပြီးတော့ပဲ ယှဉ်ပြိုင်ကြတယ်၊ တိုက်ခိုက်ကြတယ်။ စိတ်ဆင်းရဲ နေကြရတယ်။ သူစိမ်းတစ်ယောက်ကို မဆိုထားနဲ့၊ ဒီမိဘကပဲ မွေးဖွားလာတဲ့ သွေးသားရင်းချာ အချင်းချင်းတောင် အရာရာ မတူညီနိုင်တာ။ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း အရာရာက အဆင်ပြေ ထပ်တူကျဖို့ ဆိုတာ မလွယ်ကူကြောင်းတွေကို ကျွန်မသိသလောက်လေး ပြောပြပြီး၊ စိတ်ဓာတ်ကျနေတဲ့ ကျွန်မသူငယ်ချင်းကို အားပေး နှစ်သိမ့်ခဲ့ပါတယ်။
စီးပွားရေးနယ်ပယ်၊ ပညာရေးနယ်ပယ်ကစလို့ ဘယ်လိုနယ်ပယ်၊ ဘယ်လို အခန်းကဏ္ဍတိုင်းမှာပဲ ဖြစ်ဖြစ် ပြိုင်ပွဲတွေ၊ ယှဉ်ပြိုင်မှု တွေဆိုတာ ရှိနေတာပါပဲ။ ယှဉ်ပြိုင်မှုတွေထဲမှာမှ ကောင်းသော ယှဉ်ပြိုင်မှု ဆိုတာက ကိုယ်တိုင် အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း အတွက်ရော နောက်ဆုံး ကုန်ကုန်ပြောရရင် ပြိုင်ပွဲရဲ့ တန်ဖိုးပေါ်မူတည်ပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး တိုးတက်ဖို့အတွက် အခုထက် ပိုမိုကောင်းမွန်ပြီး အရည်အသွေး ပြည့်ဝတဲ့၊ အောင်မြင်တဲ့ ဘဝတွေကို ရရှိစေနိုင်တဲ့အထိ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါပေမဲ့ ယှဉ်ပြိုင်နေကြတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေ၊ အပြုအမူတွေ၊ ယှဉ်ပြိုင်မှု ပုံစံတွေ ပေါ်မူတည်ပြီး ပြိုင်ပွဲတစ်ခုရဲ့ ရလဒ်က ပျော်ရွှင်စရာ ဂုဏ်ယူကျေနပ်စရာ ကောင်းနိုင်သလို၊ စိတ်ဓာတ်ကျစရာ စိတ်ပျက် ရွံရှာစရာလည်း ကောင်းနိုင်ပါတယ်။ ယှဉ်ပြိုင်မှုတိုင်းမှာ လူတိုင်းက နိုင်ချင်ကြတာ ချည်းပါပဲ။ ကိုယ်အနိုင်ရဖို့အတွက် ကြိုးစားကြတာ ချည်းပါပဲ။ ဒါက အပြစ်တစ်ခု မဟုတ်ပါဘူး။ အဲ့ဒီလို ယှဉ်ပြိုင်ကြတဲ့အခါ အတူတူ ပူးပေါင်း လုပ်ဆောင်ပြီး အောင်မြင်မှုကို အတူတကွ ရရှိအောင် စည်းစည်းလုံးလုံး လုပ်ဆောင်နိုင်တာ မျိုးတွေလည်း ရှိသလို၊ ကိုယ်နဲ့ စိတ်ဓာတ်၊ ခံယူချက်တွေ၊ အကျင့်စရိုက်တွေ မတူတဲ့ လူတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ   ကိုယ့်ယုံကြည်ချက်တွေကို ကိုယ်ဆုပ်ကိုင်လို့ ကိုယ်အနိုင်ရဖို့ အတွက် မှန်ကန်စွာ ကြိုးစား ယှဉ်ပြိုင်နိုင်ဖို့ပဲ အရေးကြီးတာပါ။
ဒါပေမဲ့ လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျတဲ့အတွက် ကိုယ်က ရိုးရိုးသားသား မှန်မှန်ကန်ကန် ကြိုးစား ယှဉ်ပြိုင်လည်း တစ်ဖက်လူက ညစ်မယ်၊ မရိုးသားတဲ့ နည်းနဲ့ ယှဉ်ပြိုင်မယ်၊ နောက်ဆုံး ကိုယ့်ကို ချုံခို တိုက်ခိုက်မယ်၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်၊ ကိုယ့်ရဲ့ စိတ်ဓာတ်တွေ လဲပြိုအောင် ပြောဆိုကဲ့ရဲ့ တိုက်ခိုက်မယ်၊ အဲ့ဒီလို အခြေအနေ မျိုးတွေနဲ့ ကြုံတွေ့လာတဲ့အခါ ကိုယ့်စိတ်နဲ့ ထပ်တူ မဖြစ်တဲ့ လူတွေအတွက် ကျွန်မတို့ စိတ်ထိခိုက် ကြေကွဲဝမ်းနည်းပြီး ဘာအလုပ်မှ ဆက်မလုပ်နိုင်လောက်အောင် အရှုံးပေး စိတ်ဓာတ်ကျနေမှာလား။ ဒါဟာ ကိုယ့်အတွက် ထိုက်တန်ပါရဲ့လား။ ပြန်စဉ်းစားဖို့ လိုပါတယ်။ သူတို့က ဒီလိုနည်းလမ်းတွေ သုံးလို့ အောင်မြင်တယ်၊ ချမ်းသာတယ်၊ အနိုင်ရတယ်ဆိုပြီး ကိုယ်လည်း မကောင်းတဲ့ လမ်းကို မလိုက်မိစေဖို့ အရေးကြီးပါတယ်။ ရိုးသားစွာ ကြိုးစားလို့ ရရှိလာတဲ့ အောင်မြင်မှု တိုင်းကသာ တန်ဖိုး အရှိဆုံးပါ။ သူတို့ ယုတ်မာတိုင်း ကိုယ်ယုတ်မာစရာ မလိုပါဘူး။ သူ ယုတ်မာတိုင်း ကိုယ်က ပြန်ယုတ်မာရင် ကိုယ်ကပါ သူတို့နဲ့ အဆင့်အတန်း တူသွားမှာပေါ့လေ။ သူများအပေါ် ယုတ်မာတဲ့ သူတွေက သေရင်တောင် သူများအပေါ် လုပ်ခဲ့တဲ့ ဒဏ်တွေအတိုင်း ထပ်တူညီတဲ့ ပေးဆပ်မှုတွေ၊ စိတ်ဆင်းရဲ ဝေဒနာတွေ ခံစားပြီး ဝဋ်လည်ပြီး အသေဆိုးနဲ့ သေကြရတာမျိုးကို ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း ဒုနဲ့ဒေး တွေ့မြင်နေရတာပါပဲ။
ဒီလို သူများကို အပုပ်ချ စော်ကား တိုက်ခိုက်ပြီး သူတို့နေရာ တစ်ခုရဖို့ ကြိုးစားကြတဲ့သူတွေက တစ်နည်းအားဖြင့် စိတ်ဓာတ်တည်ငြိမ်မှု မရှိတဲ့ စိတ်ဓာတ် အင်အား ချို့ယွင်းတဲ့ သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့သူတွေ၊ အသိဉာဏ် အားနည်းပြီး ကိုယ့်ထက် သူတစ်ပါးက သာသွားမှာ မနာလို စိုးရိမ်ပြီး အကြောက်တရား သိပ်များလွန်းတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ရှုံးမှာကြောက်တဲ့စိတ်၊ ကိုယ့်နေရာ သူများယူသွားမှာ စိုးတဲ့စိတ်၊ ကိုယ့်ထက်သာမှာ စိုးတဲ့စိတ်တွေနဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ၊ပြောသင့်တာနဲ့ မပြောသင့်တာတွေကို ဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲ တစ်ဖက်လူကို ဝေဖန် တိုက်ခိုက်ဖို့ပဲ စဉ်းစား လုပ်ဆောင်နေကြတော့တယ်။ စိတ်ရင်း စေတနာမှန်နဲ့ ရိုးရိုးသားသား ကိုယ်အနိုင်ရဖို့အတွက် ကြိုးစားဖို့ကိုတော့ မေ့နေကြတဲ့ သူမျိုးတွေပါ။ နိုင်ချင်စိတ်တွေ အားကြီးလွန်းတဲ့အခါ၊ အလို လောဘရမ္မက်တွေ များလွန်းတဲ့အခါ၊ အောင်မြင် ကျော်ကြားမှု၊ ရာထူးဂုဏ်ဒြပ၊် ငွေကြေး အာဏာတွေအပေါ် အလွန်အကျွံ ယစ်မူးသွားတဲ့အခါ အသိဉာဏ်နဲ့ ဆင်ခြင်တုံတရား အားနည်းတဲ့ သူတွေက အဲ့ဒီလို မဟုတ်မမှန်တဲ့ လမ်းကြောင်းတွေ နောက်လိုက်တော့တာပါပဲ။ အဲ့ဒီလိုလူတွေအတွက် ကိုယ့်စိတ်ကလိုက်ပြီး ခံစားနေရင် ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေလုပ်ဖို့ နှောင့်နှေးသွားပါလိမ့်မယ်။
ဒီလိုအဖြစ်အပျက်တွေကို ကိုယ်တိုင်ရော၊ တခြားသူတွေပါ တွေ့ကြုံ ခံစားနေကြရတာ တွေ့မြင်ရတော့ ကျွန်မ တက္ကသိုလ်ဝင်တန်း ကျောင်းသူ အရွယ်တုန်းက ဆရာတစ်ယောက်က သူများ ဖယောင်းတိုင်မီးတွေ ငြိမ်းသွားဖို့ မီးလိုက်မှုတ်နေလို့လည်း ကိုယ့်ဖယောင်းတိုင် မီးပိုလင်း မသွားဘူး။ အဲ့ဒီလိုပဲ သူများ အရှက်ကွဲ၊ သိက္ခာကျအောင် လိုက်နှောင့်ယှက်နေလို့လည်း ကိုယ်ပိုပြီး ဂုဏ်မတက်သွားဘူး။ သူများကို တစ်ခါနှိမ့်ချတိုင်း ကိုယ်ပါ အလိုလို နိမ့်ကျသွားတယ်” လို့ မကြာခဏ ပြောဆို ဆုံးမခဲ့ဖူးတဲ့ စကားတွေကိုတောင် ပြန်အမှတ်ရမိပါရဲ့။
ဘာတွေပဲဖြစ်ဖြစ်ပါ။ တစ်ချိန်မှာ ကောင်းတဲ့လူက ကောင်းတဲ့အကျိုးကို ခံစားရမှာပဲ။ မကောင်းတဲ့လူက မကောင်းတဲ့အတိုင်း  ပြန်ပေးဆပ်ရမှာပါပဲ။ အချိန်အတိုင်းအတာ တစ်ခုကပဲ အရာရာကို အဆုံးအဖြတ် ပေးသွားမှာပါ။ ယှဉ်ပြိုင်မှုတိုင်းမှာ နိုင်ရင်လည်း ဂုဏ်သိက္ခာ ရှိရှိနိုင်ဖို့ လိုသလို ရှုံးခဲ့ရင်တောင် သိက္ခာရှိရှိ အရှုံးခံနိုင်တဲ့သူဖြစ်ဖို့ လိုပါတယ်။ သူများဂုဏ်ဖျက်လို့ ကိုယ့်ဂုဏ်မတက်ပါဘူး။ ဒါတွေကို နားမလည်လို့ပဲဖြစ်ဖြစ်၊ နားလည်ရက်နဲ့ လုပ်နေတဲ့ သူတွေပဲဖြစ်ဖြစ် အဲ့လိုလူတွေအတွက် ကျွန်မတို့ စိတ်ခံစားမှုတွေကို ဖြုန်းတီး ပစ်စရာ မလိုပါဘူး။ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေဖို့ပါပဲ။ ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ပါဘူး။ လောကမှာ ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်ဖို့ပဲ အရေးကြီးပါတယ်ဆိုတာ ပြောကြားရင်း နေရာတိုင်းမှာ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုများနဲ့ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်တဲ့ သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Most Read

Most Recent