အနီရောင်

အနီရောင်
Published 21 October 2015
မောင်ကြည်

ကဗျာဆရာ ဟင်နလေ၏ ‘အနိုင်မခံ’ (Invictus) ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်ခဲ့ဖူးတာ အားလုံးသိကြသည်။ ထိုကဗျာထဲမှာ ဗိုလ်ချုပ် အကြိုက်ဆုံးကား ‘My Head is bloody but unbowed’  ‘ငါ၏ ဦးခေါင်းသည် သွေးများဖြင့် ခြင်းခြင်းနီသော်လည်း ငါကား ဦးမညွတ်’ ဟူသည့် ကဗျာစာသား ဖြစ်လေသည်။
အနီရောင်ကား ဦးမညွတ်ခြင်း၏ သင်္ကေတ။ အရှုံးမပေးခြင်း၏ နိမိတ်ပုံ။ လက်မလျှော့ နောက်မတွန့်ခြင်း၏ ဝိသေသ အမှတ်လက္ခဏာ။ အနီရောင်က ပြောနေသည်။ ‘ဘယ်တော့မှ အရှုံးမပေးနဲ့’ တဲ့။ အနီရောင်က လက်သီးဆုပ်ပြသည်။ အားတင်းထားတဲ့။ ဤသို့ဖြင့် အနီရောင်က အနီရောင် ဝတ်စုံဝတ်ကာ သီချင်းတစ်ပုဒ် ကောက်ဆိုသည်။
“ရဲရဲတောက် တို့မြန်မာတွေ” တဲ့။
ညက အိပ်မက်မက်သည်။ ကျွန်တော် အနီရောင် တိမ်တွေထဲမှာ ဝဲပျံနေသတဲ့။ အို အံ့သြစရာ ကောင်းလိုက်တာ။ တိမ်တိုက်တွေက အနီရောင်တွေ။ နီစွေးစွေး တိမ်တိုက်တွေ။ ကျွန်တော့်အပေါ်မှာ အောက်မှာ နံဘေးနှစ်ဖက်မှာ။ ကြည့်လေရာရာ အနီရောင်တွေ။ အနီရောင်တွေ။ အနီရောင် တိမ်တိုက်တွေကြားမှာ ကျွန်တော် စိတ်လွတ်ကိုယ်လွတ် ပျော်ပါးနေမိသည်။ ချစ်စရာ ကောင်းလိုက်တာ အနီရောင် တိမ်တိုက်တွေရယ်...။
ဟော ရုတ်တရက် ကျွန်တော့်အသည်းထဲ အေးသွားသည်။ ကိုယ်ခန္ဓာက အောက်ဖက်သို့ တရိပ်ရိပ် ထိုးဆင်းနေသည်။ ဘုရားရေ..။ အသည်းထဲမှာ တအေးအေး။ ရင်ထဲမှာ တလှပ်လှပ်။ ပြောမပြတတ်သည့် ပီတိအဟုန်ဖြင့် တသိမ့်သိမ့် တငြိမ့်ငြိမ့်။ နောက်ဝုန်းခနဲ ပြုတ်ကျသွားသည်။ အားပါးပါး အေးလှချည်လား။ ရုတ်တရက် မျက်လုံးအစုံက ဘာမှမမြင်။ အလုံးအရင်းနှင့် တိုးဝင်လာသည့် ရေတွေဖြင့် မွန်းကျပ် ပိတ်လှောင်သွားသလို ခံစားလိုက်ရသည်။
သတိရလို့ မျက်လုံး ဖွင့်ကြည့်လိုက်ချိန်မှာ အို အံ့သြ မှင်တက်မိသွားသည်။ ရေတွေ ရေတွေ။ အနီရောင် ခြင်းခြင်းနီလို့။ အနီရောင် ရေပြင်ကြီးပါလား။ တစ်ခါမှ မကြုံစဖူး ထူးကဲလှတဲ့ အနီရောင် ရေပြင်ကျယ်ကြီး။ လှေမပါ၊ ဘောကွင်းမပါ၊ သက်ကယ်အင်္ကျီ မပါဘဲ ကျွန်တော် ရေပြင်ထဲမှာ မျောပါနေသည်။ မြုပ်မသွား၊ နစ်မသွား။ ဟိုး သမုဒ္ဒရာ ကြမ်းပြင်အောက်သို့ ရောက်မသွား။ အံ့သြစရာ။ ကြည့်စမ်းပါဦး။ အနီရောင် ရေပြင်ကြီးက တစ်မျှော်တစ်ခေါ်။ ဟော နားထောင်စမ်း။ တဝေါဝေါ နဲ့။ ဘာသံကြီးပါလိမ့်။ ခပ်ဝေးဝေးမှာ တလိမ့်လိမ့် တက်လာနေသည့် လှိုင်းလုံးတွေကို မြင်နေရသည်။ ကြည့်..ကြည့်၊ လှိုင်းတွေ အနီရောင် လှိုင်းလုံးတွေ။ ကျွန်တော့်ဆီ တရွေ့ရွေ့ ချဉ်းကပ်လာနေပြီကို မြင်နေရသည်။ မကြာပါ။ ဝုန်းခနဲ အသံနှင့်အတူ ကျွန်တော့် တစ်ကိုယ်လုံး မြောက်တက်သွားသည်။ နိမ့်လိုက်မြင့်လိုက် အနီရောင် လှိုင်းလုံးတွေ ကြားထဲမှာ။
သတိရလို့ ကြည့်လိုက်ချိန်မှာ ကျွန်တော်ဟာ ကမ်းစပ်ပေါ်မှာ ပက်လက်ကလေး။ အနီရောင်လှိုင်းတွေက ကျွန်တော့်ကို ကမ်းခြေဆီ တွန်းတင်လိုက်ကြတာပါလား။ ပင်လယ်ဘက်ဆီသို့ ပြန်လိမ့်ဆင်းသွားသည့် လှိုင်းတွေက ကျွန်တော့်ကို လက်ပြ နှုတ်ဆက်သွားကြသည်။
ရေစပ်စပ် ကမ်းခြေဆီမှ မတ်တတ်ထရပ်လိုက်သည်။ ကျွန်တော် ဆက်သွားရဦးမည်။ ဆက်သွားရမည့် ခရီးတွေ ရှိသေးသည်။ မှန်းကြည့်စမ်း။ ဟိုးရှေ့မှာ ပန်းခင်းကြီးပါလား။ ဧရာမ ပန်းခင်းကြီး။ အိုး အူလှိုက်သည်းလှိုက် ဝမ်းသာစိတ်နှင့် ကျွန်တော် ပြေးထွက်သွား သည်။ ဝိုး ပန်းတောကြီး အနီရောင် ပန်းတောကြီးပါလား။ ပျော်စရာကြီး။ လူသွားလမ်း မြောင်မြောင်လေး ကြားထဲကနေ လျှောက်သွားလိုက်သည်။ ကြည့်လေရာရာ အနီရောင် ပန်းတွေသာ ဖုံးလွှမ်းနေသည်။ အနီရောင်တွေ အနီရောင်ပန်းတွေ။ ပန်းအနီရောင်တွေ။ ကျွန်တော့် မျက်လုံးထဲမှာ အနီရောင်တွေ။ အနီရောင်တွေထဲမှာ ကျွန်တော်။ အနီရောင်တွေကိုပဲ ကျွန်တော်မြင်နေမိသည်။ အနီရောင်တွေ...အနီရောင်တွေ။
အဲဒီနေ့က မနက် မိုးစင်စင်လင်းမှ အနီရောင် အိပ်မက်ထဲက ကျွန်တော် နိုးထလာခဲ့သည်။ အိပ်ရာမှထကာ မျက်နှာသစ်ဖို့ ရေခပ်လိုက်တော့ အနီရောင်။ သွားပွတ်တံပေါ် သွားတိုက်ဆေးကို ညှစ်ထုတ်လိုက်တော့ အနီရောင်။ ရေစိုမျက်နှာကို သုတ်ဖို့  တဘက်လှမ်း ယူလိုက်တော့ အနီရောင်။ လက်ဖက်ရည်ဆိုင် ထွက်မလို့ အင်္ကျီကောက် စွပ်လိုက်တော့ အနီရောင်။ အိမ်ထဲကနေ လမ်းမပေါ် ထွက်လိုက်တော့ အနီရောင်။ လမ်းမှာ တွေ့သမျှ နှုတ်ဆက်သူတိုင်းကလည်း အနီရောင်အင်္ကျီတွေ ဝတ်ထားကြသည်။
လက်ဖက်ရည်ဆိုင်မှာ ဝင်ထိုင်တော့ စားပွဲထိုးက လှမ်းမေးသည်။
‘ဘာသောက်မလဲ ဆရာ’
‘အနီရောင် လက်ဖက်ရည်တစ်ခွက်’
လက်ဖက်ရည်ဆိုင်က ထတော့ မိတ်ဆွေ ပန်းချီဆရာဆီ ကျွန်တော်ထွက်လာခဲ့သည်။ သူပန်းချီဆွဲသည့် အခန်းက ခပ်မှောင်မှောင်။ ခပ်လှောင်လှောင်။ သို့သော် သူ့အခန်းထဲ ဝင်လိုက်တော့ အံ့သြသွားသည်။
‘ခင်ဗျားအခန်းကလည်း ရဲရဲတောက်ပါလားဗျ’
‘ရဲရမယ်လေဗျာ။ ဒါရဲရမယ့် အချိန်’
ပန်းချီဆရာက လက်မထောင်ပြသည်။ ဒါနဲ့ ပန်းချီဆရာ ရေးနေသည့် ပန်းချီကားကို လှမ်းကြည့်လိုက်သည်။
‘ဒါဘာလဲဗျ’
‘သေချာကြည့် နှင်းဆီပန်း’
‘အနီရောင်နှင်းဆီလား’
‘ဟုတ်တယ် တခြားအရောင်ထက် အနီရောင်ကို ပိုကြိုက်တယ်’
‘ဘာလို့လဲဗျ’
‘နီလို့လေ။ အနီက အားရှိတယ်ဗျ။ ပြင်းထန်တဲ့သဘော၊ စူးရှတဲ့သဘော၊ စွဲဆောင်တဲ့ သဘောရှိတယ်’
‘အောက်ခံကလည်း အနီရောင်ပဲနော်။ ပေါ်ပါ့မလား’
‘သိပ်ပေါ်တာပေါ့။ ပြီးရင် ခင်ဗျားကြည့်နေ၊ အနီရောင် နှင်းဆီကို အဲဒီနောက်ခံ အနီရောင်တွေက ဝန်းရံပြီး အားပေးနေကြတာကို တွေ့ရလိမ့်မယ်’
‘ပန်းချီကားကို နာမည် ဘယ်လိုပေးထားလဲ’ ‘Red’
‘Red’ နှင့်ပတ်သက်ပြီး ပန်းချီမြင့်မောင်ကျော်၏ Facebook ထဲမှာ ဟောဒီလို အဓိပ္ပာယ် ဖွင့်ထားတာကို တွေ့လိုက်ရတယ်။
          မူလဘူတ၊ ရွေ့အားပြခြင်း
          စိတ်ဓာတ်တင်းတင်း၊ ချစ်ခြင်းရဲ့ လက္ခဏာ
          မာန်ဟုန်ပြင်းပြင်း၊ ရဲဝံ့ခြင်းနဲ့
          မရမနေတောင်းဆိုမှု၊
          တက်ကြွ ခက်ထန်မှုရဲ့ သင်္ကေတ
          စိတ်လိုက်မာန်ပါ၊ ကြိုးပမ်းအားထုတ်
          ဆန္ဒအတွေ့အကြုံများနဲ့၊
          ခေါင်းဆောင် ရှေ့သွား
          စွဲစွဲမြဲမြဲ သဘောထားဟာ...
          အနီရောင်ရဲ့ သင်္ကေတများ ဖြစ်ပါတယ်...တဲ့။

Most Read

Most Recent