နောက်သက်တမ်းအတွက် စဉ်းစားမယ်ဆိုရင် ဒီကိန်းဂဏန်းတွေကို တာဝန်ယူရလိမ့်မယ် (၁)

နောက်သက်တမ်းအတွက် စဉ်းစားမယ်ဆိုရင် ဒီကိန်းဂဏန်းတွေကို တာဝန်ယူရလိမ့်မယ် (၁)
Published 20 October 2015
ကျော်ဇောလင်း

(၁)နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး အနေနဲ့လည်း မဲဆွယ် စည်းရုံးမှုတွေကို အင်နဲ့အားနဲ့ လုပ်ဆောင်နေကြသလို တစ်ဖက်မှာလည်း ပြည်ခိုင်ဖြိုးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ သမ္မတကြီးရဲ့ ခရီးစဉ်တွေကိုလည်း ခပ်စိတ်စိတ် တွေ့နေရပါတယ်။အရင်နှစ်တွေတုန်းကလို မဟုတ်ဘဲ ရွေးကောက်ပွဲ နီးချိန်မှာ သာမန် ခရီးစဉ်ဆိုပြီး ဆက်တိုက် လှည့်လည်နေတာဟာ ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်တာပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ (သာမန်ခရီးစဉ် အနေနဲ့ ထွက်တယ်ဆိုပေမယ့် သမ္မတရဲ့ ခရီးထွက်မှုတွေနဲ့ ပတ်သက်လို့တော့ နောက်မှ ဆက်ပြီး တင်ပြပါမယ်။)ဒီနေ့ဆိုရင်လည်း The Global New Light of Myanmar သတင်းစာမှာ အောက်တိုဘာ ၁၈ ရက်က ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် ဦးသန်းဌေးရဲ့ KEEP IT UP, MR.PRESIDENT ဆောင်းပါးကို ကြေးမုံသတင်းစာမှာ ပြန်လည်ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီဆောင်းပါးထဲမှာ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အငြိမ်းစားဝန်ထမ်း အများစု အနေနဲ့ လေးစား ချီးကျူးထားတယ်။ အထူးသဖြင့် သမ္မတကြီးရဲ့ ရိုးသားမှု စေတနာ၊ သဒ္ဓါတရားနဲ့ သတ္တိတို့ကို အခြေပြုပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တာ၊ အငြိမ်းစား လစာတွေကို တိုးမြှင့်ပေးတာ၊ ကုလသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ OIC အဖွဲ့နဲ့ မွတ်စလင်နိုင်ငံ အချို့ရဲ့ ဖိနှိပ်မှုတွေကို ကြံကြံခိုင်ခိုင်ပြီး ဘင်္ဂါလီအရေးမှာ ပြတ်သားစွာ တုံ့ပြန်ပေးခဲ့လို့ သူရဲကောင်းအဖြစ် ချီးကျူးဖော်ပြထားတာ တွေ့ရပါတယ်။ဒီလို သမ္မတကို ထောက်ခံတဲ့ အကြောင်းတွေကို အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာတွေဟာ သမ္မတဘက်ကို သွယ်ဝိုက်တဲ့ အနေနဲ့ မဲဆွယ်လိုက်တာပဲလို့ ပြောချင်ပါတယ်။ အစိုးရ သတင်းစာတွေက သမ္မတရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ ကောင်းတာတွေကို ဆက်တိုက် ထည့်သွင်းဖော်ပြနေပါတယ်။ ဒါဟာ တိုက်ရိုက် မဟုတ်ရင်တောင် သွယ်ဝိုက် မဲဆွယ်တာပါပဲ။ ပြန်ကြားရေး ဝန်ကြီးလည်းဖြစ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာမှာလည်း ဒါတွေကို ပြန်လည်ဖြန့်ေ၀ ဖော်ပြထားပါတယ်။ ဒါဟာ မဲဆွယ်တာပါပဲ။ ဒီလို လုပ်ဆောင်တဲ့ နေရာမှာ ဦးရဲထွဋ်ရဲ့ အာဘော်တွေ ပါဝင်နေတယ် ဆိုတာလည်း သိသာစေပါတယ်။ပြည်ခိုင်ဖြိုးရဲ့ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းကလည်း BBC နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး အနိုင်ရရင် ဦးသိန်းစိန်ကိုပဲ သမ္မတအဖြစ် တင်မြှောက်မယ်လို့ ပြောထားပြီးသားပါ။ ဒီတော့ ကျွန်တော် ပြောချင်တာက အစိုးရ သတင်းစာတွေဟာ သမ္မတအတွက် ဒီလို မဲဆွယ်ပေးတယ်ဆိုရင် သမ္မတဟာ ပြည်ခိုင်ဖြိုးရဲ့ ဥက္ကဋ္ဌဖြစ်လို့ ပြည်ခိုင်ဖြိုးကို မဲဆွယ်တာနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ 
(၂)သမ္မတကြီးကို ထောက်ခံနေကြတဲ့ သူတွေက မြစ်ဆုံအရေးတို့၊ ဘင်္ဂါလီအရေးတို့ကို အဓိက ပြောနေကြတယ်။ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ သမ္မတကြီးရဲ့ အစိုးရ အဖွဲ့ဝင်တွေ ရွေးကောက်ပွဲအတွက် အကြို မဲဆွယ်စည်းရုံးတဲ့ အခါမှာ မိုဘိုင်းဖုန်းတွေ ပေါပေါလောလော သုံးနိုင်တာ၊ ကားတွေ ပေါလာတာတွေ ပြောပြီး မဲဆွယ်စည်းရုံးနေတာ တွေ့ရပါတယ်။ဘဏ္ဍာနှစ် သုံးနှစ်အတွင်း လူမှုဘဝအတွက် လိုအပ်သည့် အခြေခံပစ္စည်းများ မြင့်တက်မှုအခြေအနေ (Source: CSO)
ဒါပေမဲ့ အခြေခံ ပြည်သူတွေအတွက် ဒါတွေဟာ တကယ့်တိုးတက်မှု အစစ်အမှန်တွေလား။ နေ့စဉ် ကြုံတွေ့နေရတဲ့ စားဝတ်နေရေး ပြဿနာတွေကရော ဘယ်လို ဖြစ်နေသလဲ ဒီအစိုးရ လက်ထက်အတွင်းမှာ ပြည်သူတွေအတွက် လုပ်ပေးရမယ့် အခြား ကဏ္ဍတွေ ဘယ်လိုတွေ ဖြစ်နေသလဲဆိုတာ ကြည့်ရပါမယ်။နောက်သက်တမ်းအတွက် စဉ်းစားတော့မယ်ဆိုရင် အခြေခံ ပြည်သူတစ်ဦး အနေနဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ စားဝတ်နေရေး ပြဿနာဟာ အခြေခံ စားသောက်ကုန် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး သမ္မတကြီးရဲ့ လက်ထက် အခြေအနေမှန်တွေကို ကြည့်စေချင်ပါတယ်။ တကယ့် ဘဝတွေထဲက အဖြစ်မှန် ကိန်းဂဏန်းတွေကို နောက်သက်တမ်းအတွက် စဉ်းစားတော့မယ် ဆိုရင် တာဝန်ယူရပါလိမ့်မယ်။ 
(၃)ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားပြီး အခြေခံ လူတန်းစားများတဲ့ ကျွန်တော်တို့ နိုင်ငံမှာ အမှန်တကယ် တိုးတက် ပြောင်းလဲလာမှု ရှိ၊ မရှိကို ပြည်သူတွေရဲ့ လူမှုဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကြည့်ပြီး အဖြေထုတ်လို့ ရပါတယ်။ ငါးနှစ်တာအတွင်း တစ်ဦးချင်းဝင်ငွေ တိုးတက်မှု သိသိသာသာ မရှိပေမယ့် စားဝတ်နေရေးအတွက် ကုန်ကျစရိတ်တွေကတော့ တစ်နေ့တခြား ကြီးမြင့်လာတယ် ဆိုတာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။ တိုင်းပြည်မှာ အခြေခံပြည်သူတွေ ချောင်လည်မှု ရှိ၊ မရှိ ဆိုတာကို မိုးထိအောင် တက်နေတဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေရယ် ပြည်သူတစ်ဦး ရရှိတဲ့ ဝင်ငွေရယ် ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။သမ္မတ ဦးသိန်းစိန်အစိုးရ တာဝန်မယူမီ ငါးနှစ်တာ ကာလက အခြေခံ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှု အခြေအနေရယ် အခု သမ္မတကြီးလက်ထက် ငါးနှစ်တာအတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်း မြင့်တက်လာခဲ့တဲ့ အခြေအနေတွေ အပေါ်ကို စားသုံးသူ တစ်ဦး အနေနဲ့ မေးခွန်းထုတ်ပါရစေ။သမ္မတကြီးတို့ အနေနဲ့ ဖုန်းတွေ ပေါပေါလောလော သုံးလာနိုင်တာကို ပြောမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ လူတစ်ဦးချင်း ဝင်ငွေ ပမာဏ ဘယ်လောက်ထိ တိုးတက်ခဲ့သလဲ။ တစ်နေ့ လုပ်ခလစာ ကျပ် ၃၆၀၀ ရရှိဖို့ ရုန်းကန်နေရတဲ့ ပြည်သူတစ်ဦးအတွက် နေ့စဉ် စားသောက်စရိတ်၊ နေထိုင်စရိတ်၊ အထွေထွေ ကုန်ကျစရိတ်တွေကို ချိန်ထိုးကြည့်မယ်ဆိုရင် တကယ်တော့ ဘဝအတွက် အပိုစုဆောင်းငွေ မပြောနဲ့ ဖုန်းဘေလ်ငွေဖြည့်ဖို့ အတွက်တောင် မလွယ်ပါဘူး။ ကျန်းမာရေး စောင့်ရှောက်စရိတ်ဆိုတာ ဝေလာဝေးပါပဲ။ကားဈေးတွေ ကျသွားတယ်လို့ ပြောရင် ပြည်သူ အများစုအတွက် အမှန်တကယ် လိုအပ်တဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဘယ်လောက်အထိ ပြောင်းလဲတိုးတက် ခဲ့သလဲ ဆိုတာကို ဖြေပေးစေချင်ပါတယ်။ လူအများစု မှီခိုနေရတဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ မြို့တွင်း ဘတ်စ်ကားဈေးနှုန်းတွေ၊ ဘယ်လောက် ပြောင်းလဲခဲ့သလဲ၊ အဝေးပြေး ခရီးစဉ်တွေအတွက် စရိတ်စကတွေကရော အစိုးရသစ် မတိုင်မီ ရှိခဲ့တဲ့ ဈေးနှုန်းတွေနဲ့ အခု လက်ရှိမှာ ဘယ်လောက်တောင် ကွာခြားသွားသလဲ ဆိုတာကို သိစေချင်ပါတယ်။ 
(၄)
ဦးသိန်းစိန် အစိုးရ တာဝန်မယူခင် ငါးနှစ်တာ ကာလက ကုန်ဈေးနှုန်း အခြေအနေနဲ့ အခု သမ္မတကြီးလက်ထက် ငါးနှစ်တာအတွင်း အခြေအနေကို မနှိုင်းယှဉ်ခင် ဒီငါးနှစ်အတွင်း အဆိုးရွားဆုံး ကုန်ဈေးနှုန်း မြင့်တက်ခဲ့တဲ့ အခြေအနေ တစ်ရပ်ကို အရင် ပြောချင်ပါတယ်။ သမ္မတကြီး အနေနဲ့ အစိုးရ ဝန်ထမ်းတွေကို လစာတိုးတာတွေ လုပ်ခဲ့ပေမယ့် လူထုရင်ဆိုင်နေရတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှု အပိုင်းကိုတော့ ထိန်းညှိမပေးနိုင်ခဲ့ပါဘူး။အစိုးရ ဝန်ထမ်းတွေကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှာ လစာကျပ် ၂၀၀၀၀ တိုးပေးခဲ့တယ်။ အဲဒီနောက်မှာ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေဟာ ၂၀၁၃ ဇွန်လက စပြီး သိသိသာသာ တိုးမြင့်သွားခဲ့တယ်။ ၂၀၁၃ ဒီဇင်ဘာမှာတော့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဟာ အံ့သြစရာကောင်းတဲ့ အခြေအနေအထိ ရောက်သွားခဲ့တယ်။ တစ်နှစ်အတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေဟာ ဆယ်ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုး တက်သွားခဲ့ပါတယ်။အခုချိန်ထိလည်း အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေကို ထိန်းချုပ်လို့ မရဘဲ တစ်ရစ်ပြီး တစ်ရစ် တိုးတိုးလာတဲ့ ဒဏ်ကို စားသုံးသူ ပြည်သူတွေ ခံစားနေကြရပါတယ်။ဖော်ပြထားတဲ့ ဂရပ်ဖ်တွေကိုကြည့်ရင် ဘဏ္ဍာနှစ် တစ်နှစ်ထက်တစ်နှစ် အခြေခံ စားသောက်ကုန်ဈေးနှုန်း (အနိမ့်ဈေး) မြင့်တက်သွားမှု အခြေအနေကို တွေ့နိုင်ပါလိမ့်မယ်။၂၀၁၂-၂၀၁၃ မှာ ဝက်သားတစ်ပိဿာ  ၅၉၀၀ ကျော်ကနေ ၂၀၁၃-၂၀၁၄ မှာ ၆၃၂၀ ဖြစ်လာတယ်။ ၂၀၁၄-၂၀၁၅ မှာ ၇၁၀၀ ကျော်ထိ ဖြစ်သွားတယ်။ ကြက်သားဈေးက ၂၀၁၂-၂၀၁၃ မှာ ၅၄၀၀ ကျော်၊ ၂၀၁၃-၂၀၁၄ မှာ ၅၈၀၀ ကျော်၊ ၂၀၁၄-၂၀၁၅ မှာ ၆၀၀၀ ကျော် ဖြစ်သွားခဲ့ပါတယ်။အခြေခံ စားသောက်ကုန်ထဲမှာ ဆန်က အဓိက ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဆန်ထွက်တဲ့ ဒေသတွင်း အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဆန်ဈေး အတက်အကျ အမြန်ဆုံးနိုင်ငံ ဖြစ်ပြီး ဆန်ဈေး မြင့်တက်မှုဟာ ငါးနှစ်အတွင်း  ရာခိုင်နှုန်း ၄၀ ကျော် ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က သြဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒီဘက် ငါးနှစ်အတွင်းမှာ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးမြင့်တက်မှု အချိုးအစားကို ဖော်ပြပါ ဇယားတွေမှာ ကြည့်ရင် နှစ်အလိုက် ဘယ်လောက်ထိ တက်လာတယ် ဆိုတာကို သိနိုင်ပါတယ်။ 
(၅)၂၀၀၆ ကနေ ၂၀၁၀ အထိ ငါးနှစ်တာ အတွင်းမှာ အခြေခံ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုထက် အခု ၂၀၁၁ ကနေ ၂၀၁၅ အထိ ငါးနှစ်တာကာလ ကုန်ဈေးနှုန်း မြင့်တက်မှုက ရာခိုင်နှုန်း ပိုများတာ တွေ့ရပါတယ်။စစ်အစိုးရလက်ထက် နောက်ဆုံး ငါးနှစ်တာ အတွင်းမှာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအပြီး နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းတွေ ကမောက်ကမ ဖြစ်ခဲ့ဘူးပါတယ်။ အဲဒီ အခြေအနေတုန်းက ကုန်ဈေးနှုန်း မြင့်တက်မှုနှုန်းဟာ အချို့ ကုန်စည်တွေမှာ သမ္မတကြီး လက်ထက် ၂၀၁၂-၂၀၁၃ ကာလနဲ့ လက်ရှိ အချိန်မှာ ဖြစ်နေတဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုနှုန်းလောက် မရှိခဲ့တာ တွေ့ရပါတယ်။ဘဏ္ဍာနှစ် သုံးနှစ်အတွင်း အခြေခံစားသောက်ကုန်များ မြင့်တက်မှု အခြေအနေ (Source: CSO) 
၂၀၀၆ ကနေ ၂၀၁၀ ငါးနှစ်အတွင်း စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှု ရာခိုင်နှုန်းဟာ နှစ်ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်အတွင်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သမ္မတကြီး လက်ထက် ၂၀၁၂ နဲ့ ၂၀၁၃ ကြားမှာ ကုန်ဈေးနှုန်း မြင့်တက်မှု ရာခိုင်နှုန်းက အချို့ စားသောက်ကုန်တွေမှာ ငါးရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ အခု ၂၀၁၅ အောက်တိုဘာမှာ ရှိနေတဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေဟာ အစိုးရသစ် မတိုင်မီ ၂၀၁၁ နှစ်ဆန်းပိုင်းမှာ ရှိခဲ့တဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၅၀ ထိ မြင့်မားနိုင်တယ်လို့ ခန့်မှန်းတွက်ချက်မှုတွေ ရှိပါတယ်။ 
(၆)ဒီလို အခြေအနေနဲ့ နောက်ထပ် ငါးနှစ် သက်တမ်း ဆက်သွားမယ်ဆိုရင် စားသုံးသူ ပြည်သူတွေ ဘယ်လိုမှ ခံနိုင်ဖွယ်ရှိမှာ မဟုတ်ပါဘူး။ စီးပွားရေး ဒီထက် ချွတ်ချုံကျလာမယ် ဆိုရင် တိုင်းပြည်အနေနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ခက်ပါတယ်။ဒီအချိန်မှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်နေတယ်။ ပြည်သူတွေဘ၀ သာယာစိုပြေတယ်လို့ ဇွတ်အတင်း မပြောသင့်တော့ပါဘူး။ ဖုန်းတွေ ပေါလာတာ၊ ကားတွေ များလာတာဟာ ကျွန်တော်တို့ ပြည်သူ တစ်ဦးချင်းစီရဲ့ လူမှုဘဝတွေ တိုးတက်လာတာ မဟုတ်ပါဘူး။ ဒါဟာ ပြည်သူတွေရဲ့ Living Standard အမှန်လည်း မဟုတ်ပါဘူး။ငါးနှစ်တာ အတွင်းမှာ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာသလို အလုပ်အကိုင် အခွင့်အလမ်းကလည်း ဘယ်လောက်ထိ နည်းပါးသွားသလဲဆိုရင် အခုချိန်ထိ နိုင်ငံတကာကို ထွက်နေကြတဲ့ လုပ်သားနှုန်းကို ကြည့်ရင် သိနိုင်ပါတယ်။ အခြေခံ ပြည်သူတွေ ကြားမှာ နေ့ပြန်တိုး၊ မတ်တိုးစတဲ့ ပြဿနာတွေနဲ့ ကျပ်တည်းလာနေပါတယ်။စီးပွားရေး မပြေလည်မှုတွေနဲ့ နောက်ဆက်တွဲ ဂယက်အဖြစ် တရုတ်၊ ထိုင်း စတဲ့ အိမ်နီးချင်း နိုင်ငံတွေကို မြန်မာအမျိုးသမီးတွေ အပျော်မယားတွေအဖြစ် တင်ပို့ခံရမှုတွေ ရှိနေတာ ငွေဝယ်ကျွန်တွေလို ရောင်းစားခံနေရတဲ့ အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။ဒီလို အခြေအနေမျိုးတွေမှာ ဒီလို ကိန်းဂဏန်းတွေနဲ့ ပတ်သက်လာရင် သမ္မတကြီး အနေနဲ့ ဘယ်လို ဖြေရှင်းပေးမလဲ။ သမ္မတကြီး လက်ထက်မှာ ပြည်သူတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ၊ စားဝတ်နေရေးအတွက် နိစ္စဓူ၀ အကျပ်အတည်း ဖြစ်နေတာတွေကို ဘယ်လိုဖြေရှင်းပေးမလဲ။ နောက်သက်တမ်းအတွက် စဉ်းစားမယ်ဆိုရင် ဒါတွေကို တာဝန်ယူရပါလိမ့်မယ်။အစိုးရသစ်လက်ထက် မတိုင်မီနှင့် လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အခြေခံ ကုန်ဈေးနှုန်းများ နှိုင်းယှဉ်ချက်

မှတ်ချက်။ ။ Weekly Eleven Journal တွင် အပတ်စဉ် ဖော်ပြခဲ့သော ရန်ကုန်မြို့အတွင်း ရောင်းချလျက်ရှိသည့် လက်လီဈေးများမှ ကောက်ယူထားခြင်းဖြစ်သည်။ မြို့နယ်ဈေးများအလိုက် ရောင်းချသည့်ဈေးများ အနည်းငယ် ကွာခြားမှု ရှိနိုင်ပါသည်။
 

 

 

Most Read

Most Recent