ရွေးကောက်ပွဲ

ရွေးကောက်ပွဲ
Published 19 October 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
အရှင်မဟာကဿပက ဤသို့ မိန့်တော်မူလိုက်သည်။
“ငါ့ရှင်တို့၊ ငါကဲ့သို့သော ဘုရား တပည့်သား ရဟန်းတစ်ပါးလုံး ရှိနေခဲ့ပါလျက်၊ ဤမကောင်းမှုသည် ဤမြေအပြင်၌ ကြီးထွားမလာစေရ။ ငါ့ရှင်တို့၊ လောက၌ မသူတော်တရားတို့ တောက်ပမလာသေးမီ၊ သူတော် ကောင်းတရားတို့ အရောင်မဖျော့သေးမီ၊ အကျင့်ပျက်တရားတို့ ထွန်းကား မလာသေးမီ၊ အကျင့်ကောင်းတို့ အလင်းဓာတ် မပြယ်သေးမီ၊ အဓမ္မ ဘက်တော်သားများ အားကောင်း မလာသေးမီ၊ ဓမ္မဘက်တော်သားများ အင်အားမချည့်နဲ့သေးမီ၊ ဓမ္မနှင့်ဝိနယကို သင်္ဂါယနာ တင်ကြကုန်စို့”
အရှင်မြတ်၏ မိန့်ခွန်းတော်ကို စုဝေးရောက်လာသမျှ ရဟန်းတော်အားလုံးက “ကောင်းပါပြီဘုရား”ဟု ခွန်းတုံ့ပြန်ကာ ထောက်ခံကြလေကုန်၏။ သင်္ဂါယနာ တင်ရန်ကိစ္စကို ရဟန်းတော်အားလုံး သဘောတူ ဆန္ဒပေးကြပြီးနောက် သံဂီတိကာရက (သင်္ဂါယနာဝန်ဆောင်) ပုဂ္ဂိုလ်တို့ကို ရွေးချယ်ရမည့် တာဝန်ရှိလာသည်။ ထိုတာဝန်ကိုလည်း အရှင် မဟာကဿပကိုပင် သံဃာထုက နှင်းအပ် ကြလေကုန်၏။ ဤသည်ပင်လျှင် ‘ရွေးကောက်ပွဲ’ ၏ နိဒါန်းဖြစ် တော့သည်။
(၂)
ဘုရားမြတ်စွာ ခန္ဓာဝန်ကို ချတော်မူအံ့သော ကာလက ပါဝါမှ ကုသိနာရုံသို့ အရှင်မဟာကဿပတို့ အဖွဲ့ ကြွတော်မူလာကြသည်။ ထိုအုပ်စု၌ ရဟန်းငါးရာပါသည်။ ခရီးလမ်းရှိ တောအုပ်တစ်ခု၌ နားနေကြစဉ် မန္ဒာရ၀ နတ်ပန်းပွင့်ကို ထီးလုပ်ဆောင်းလာသူ တက္ကတွန်း တစ်ဦးကို မြင်လိုက်ကတည်းက ‘ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူလေပြီ’ ဟု အရှင်မဟာကဿပ သိလိုက်ပြီ။ သို့သော် နောက်ပါရဟန်းတို့ကို အသိပေးလိုစိတ်ဖြင့် တက္ကတွန်းအား အကျိုးအကြောင်းကို မေးမြန်းလိုက်သည်။
တက္ကတွန်း၏ စကားအရ ဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူလေပြီဟု ကြားသိလိုက်ရသော ရဟန်းတို့တွင် အချို့ရဟန်းများက တရားနှင့်ဖြေ နိုင်ကြသော်လည်း ဒေါသ မကင်းသေးသော ရဟန်းဟူသရွေ့ ရှိုက်ကြီးတငင် ငိုကြွေးလေကုန်၏။ ထိုအဖြစ်ကို မြင်သော သုဘဒ္ဒမည်သော သက်ကျားအို ရဟန်းကြီးက“ဤကိစ္စသည် ငိုစရာမဟုတ်၊ ရဟန်းဂေါတမ သက်ရှိထင်ရှား ရှိခဲ့စဉ်က ဤအရာသည် အပ်၏၊ ဤအရာကား မအပ်စသည်ဖြင့် ချုပ်ချယ်ခဲ့သည် မဟုတ်လော၊ ယခုမူ ရဟန်းကြီး ဂေါတမ မရှိတော့ပြီ။ ငါတို့သည် သူ့ချုပ်ချုပ်မှု အောက်မှ လွတ်မြောက်ကြပြီ မဟုတ်တုံလော” ဟု ဆို လိုက်သည်။
ထိုစကားကို အရှင်မဟာကဿပ ကြားမိသည့်ခဏ၌ “ဟယ် ..၊ ဘုရားမြတ်စွာ၏ ရုပ်အလောင်းတော်ကို မီးပင်မကူးသေး၊ သာသနာ့ မြေအပြင်၌ ဆူးငြောင့် ခလုတ်ကန်သင်းတို့ ပေါ်ခဲ့လေပြီတကား” ဟု  သံဝေဂပြင်းစွာ ဖြစ်တော်မူခဲ့သည်။ တစ်ဆက်တည်းပင် “အဓမ္မဝါဒီတို့ အင်အား ကောင်းမလာသေးမီ ဘုရား မြတ်စွာ၏ ဓမ္မ၊ ဝိနယ သာသနာတော်ကို သင်္ဂါယနာတင်မှ သင့်ချိမ့်မည်” ဟုလည်း စိတ်အကြံ ဖြစ်တော်မူခဲ့ သည်။ ထိုအစီအစဉ်ကို သံဃာထုသို့ တင်ပြ ကြေညာရာ၌ သံဃာအားလုံး၏ သဘောတူညီမှုကို ရခဲ့ရုံမျှမက  ဝန်ဆောင်ပုဂ္ဂိုလ် ရွေးချယ်ရေး တာဝန်ကိုပင်  မိမိလက်သို့ နှင်းအပ်လိုက် ကြလေကုန်၏။
သင်္ဂါယနာတင်ခြင်း ကိစ္စသည် သာသနာတော်၏ အခြေခံ ရေသောက်မြစ်တစ်ခု ဖြစ်သည်။ ဤကိစ္စသည် ပေါ့ပေါ့ပါးပါး လုပ်ဆောင်ရမည့် ကိစ္စမျိုး မဟုတ်သည်ကိုလည်း အရှင်မဟာကဿပ သိသည်။ ဤပွဲ တော်အတွက် အရည်အချင်းအရှိဆုံး၊ အရေးအပါဆုံး ပုဂ္ဂိုလ်များကို လက်ချိုး ရေတွက်ကြည့်မိ၏။ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊  အနာဂါမ်ရဟန်းများကို အသာထား။ ရဟန္တာပုဂ္ဂိုလ် တို့ကိုက မနည်းမနော ဖြစ်သည်။ သို့သော် ရဟန္တာဖြစ်ကာမျှဖြင့် အရှင်က ဝန်ဆောင်ပုဂ္ဂိုလ်အဖြစ် မရွေးချယ်။ ပိဋကတ်သုံးပုံကို နှံ့နံှ့စပ်စပ် တတ်ကျွမ်းပါဦးမှ ပဋိသမ္ဘိဒါလေးပါးနှင့်လည်း ပြည့်စုံပါမှ၊ အရှိန်အဝါလည်း ကြီးမားပါမှ ရွေးချယ်အံ့ဟု နှလုံးပိုက်တော်မူခဲ့သည်။ သို့ဖြင့် အရှင်မဟာကဿပက အရည်အချင်းပြည့် ရဟန္တာပုဂ္ဂိုလ် ၄၉၉ ပါးကို စိတ်တိုင်းကျ ရွေးချယ်တော်မူလိုက်သည်။
(၃)
သင်္ဂါယနာ ပွဲတော်ကြီးအတွက် သံဂီတိကာရက သံဃာ ၅၀၀ တို့ တစ်ပြိုင်နက် စုပေါင်းရွတ်ဆို၍ သင်္ဂါယနာတင်ကြရန် အစီအစဉ် ဆွဲပြီးသားဖြစ်သည်။ ယခု ၅၀၀ ပြည့်ဖို့ တစ်ပါး လိုနေပါသေး၏။ ထိုပွဲတော်အတွက် ထိုက်ထိုက်တန်တန် အရည်အချင်းမီ ပုဂ္ဂိုလ်တို့လည်း ရွေးချယ်စရာအဖြစ် ကျန်ရှိပါသေး၏။ သို့သော် မဖြစ်မနေ ထည့်သွင်းရမည့် တစ်ပါးစာအတွက် တစ်ပါး ကွက်လပ်ကို ချန်မြဲ ချန်ထားလိုက်သည်။ ထိုတစ်ပါးသည်ကား ‘အရှင်အာနန္ဒာ’ ဖြစ်ပါ၏။
ဘုရားမြတ်စွာ၏ နှုတ်ထွက်စကားတော်တို့ကို စုပေါင်းရွတ်ဆိုကြရာ၌ အကြားမှား၊ အမှတ်မှားခဲ့သော အချက်အလက်တို့ကို အသေအချာ စိစစ်ပြင်ဆင်ရဦးမည်။ အချိန်ကာလ၊ နေရာဌာနနှင့်တကွ ကြားနာ မှတ်သားခဲ့သော ပုဂ္ဂိုလ် အမည်နာမတို့ကိုပါ အတိအကျ မှတ်တမ်းတင်ရဦးမည်။ ထိုကိစ္စများကို ဆောင်ရွက် ကြရာ၌ အရှင်အာနန္ဒာကို ချန်လှပ်ထား၍မရနိုင်။ ဘုရားမြတ်စွာ နောက်တော်ပါးမှ အရိပ်ပမာ ထက်ကြပ်မကွာ လိုက်ပါခဲ့ရသူက အရှင်အာနန္ဒာ ဖြစ်သည်။ ထိုအချက်ကို ဦးဆောင်ပုဂ္ဂိုလ် အရှင်မဟာကဿပနှင့်တကွ သံဃာထုအားလုံးက သဘောတူ လက်ခံထားပြီး ဖြစ်သည်။    
သို့သော် ခက်သည်က အရှင်အာနန္ဒာက သောတာပန်အဆင့်မျှသာ ရှိနေသေးခြင်း ဖြစ်ပါ၏။ အခြားသော ရဟန္တာအရှင်မြတ်တို့ ကြွင်းကျန်ပါသေးလျက် သေက္ခ (ကျင့်ဆဲ)ပုဂ္ဂိုလ်မျှသာ ဖြစ်သော အရှင်အာနန္ဒာကို ရွေးချယ်လိုက်မည်ဆိုပါက ပွဲ၏အဓိပတိဖြစ်သူ အရှင်မဟာကဿပအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်။ ထိုအချက်ကို ခေါင်းဆောင် အရှင်မြတ်ကလည်း ကြိုတင် တွက်ဆထားပြီး ဖြစ်ပါ၏။
နောက်တစ်ချက်က အရှင်မဟာ ကဿပနှင့် အရှင်အာနန္ဒာတို့၏ ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ဖြစ်သည်။ အရှင်အာနန္ဒာ၏ ဦးခေါင်းပြင်၌ ဆံပင်အားလုံး ဖြူဖွေးနေသည့်တိုင် “ဟောဒီ သူငယ်ဟာလေ၊ အတိုင်းအရှည်ကို မသိဘူး” ဟု အရှင်မဟာကဿပက ပြောဆိုခဲ့သည်အထိ အရှင်နှစ်ပါး၏ ဆက်ဆံရေးက တရင်းတနှီး ရှိနေခဲ့သည်။ ပုဂ္ဂိုလ်ရေးအရ ထိုမျှတရင်းတနှီး ရှိနေခြင်းကြောင့်ပင် သံဂီတိအဖွဲ့ဝင်အဖြစ် ရွေးချယ်ရေး၌ အရှင်မဟာ ကဿပဘက်က ချင့်ချိန် နေခဲ့ရခြင်း ဖြစ်သည်။ “ရွေးမှာပေါ့၊ သူ့လူကိုး” ဆိုသော လောကအမြင်မျိုးမှလည်း ကင်းကင်းရှင်းရှင်းဖြစ်ချင်သည်။
သို့သော်  ထိုနယ်မြေသည် လောကအညစ်အကြေးတို့ဖြင့်>ပမ်း သောနယ်မြေမဟုတ် ထိုထိုအညစ် အကြေးတို့မှ ကင်းဝေးရာနယ်မြေ အထူးဖြစ်သည်။ ထို့ကြောင့်ပင် အ ရှင်မဟာကဿပအနေဖြင့် အရွေး ချယ်ရခက်နေရသည့်အဖြစ်ကို နားလည် ထားကြသည့် ရဟန်းတော်များက “အရှင်မဟာကဿပဘုရား အရှင်အာနန္ဒာသည်  ကျင့်စရာလမ်း မဆုံးသေးသော သေက္ခပုဂ္ဂိုလ်ဖြစ်သည်ကားမ ှန်ပါ၏။ သို့သော် သေက္ခ ပုဂ္ဂိုလ်ဖြစ်ကာမျှဖြင့် အဂတိလိုက်စားရန် အကြောင်းမရှိပါ။ အရှင်အာနန္ဒာသည် ဘုရားမြတ်စွာထံတော်ပါးမှ တရားဒေသနာတော် အမြောက်အမြားကို သင်ယူထားသူလည်း ဖြစ်ပါသည်။ ထို့ကြောင့် လစ်ဟာနေသော တစ်ပါးနေရာအတွက် အရှင်အာနန္ဒာကို ထည့်သွင်း ရွေးချယ်တော်မူပါဘုရား” ဟု တညီတည်း၊ တစ်သံတည်း လျှောက်ထား ကြလေကုန်၏။
(၄)
အရှင်ပုဏ္ဏထေရ်၏ ကျေးဇူးကြောင့် အရိယာနယ်မြေသို့ အရှင်အာနန္ဒာ ခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ခွာ၍သော တာပန်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ တန်းတူရည်တူ သီတင်းသုံးဖော် အရှင်တို့ ရဟန်းကိစ္စ ပြီးသွားကြသော်လည်း အရှင်အာနန္ဒာကား ထိုအဆင့်မှ မတက်နိုင်ခဲ့။ “အာနန္ဒာ၊ သွားချေ၊ သင်ကား အလုပ်များသူ ဖြစ်ချေ၏” ဟု အရှင်မဟာကဿပ ပြောယူရလောက်အောင်လည်း အရှင်အာနန္ဒာက အလုပ်များခဲ့သူဖြစ် သည်။
ဘုရားမြတ်စွာ သက်တော်ထင်ရှား ရှိတော်မူစဉ်က မြတ်စွာဘုရား နောက်တော်ပါးမှ ဖဝါးခြေထပ်လိုက်ပါပြီး ၂၅ နှစ်တို့ပတ်လုံး အလုပ်အကျွေး ပြုခဲ့သူဖြစ်သည်။ နောက်ပြီး အရှင်အာနန္ဒာက အများသူငါကို ရှေ့တန်းတင်လွန်းသော ဆက်ဆံရေးမျိုး ရှိသည်။ သို့မဟုတ် အားနာတတ်သည်။ အခြားသော တပည့်များ ထက်ပို၍ ဘုရားမြတ်စွာအပေါ် အချစ်အခင်လည်း အားကြီးသည်။ ဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူမည့် ညခင်းက တံခါးတိုင်ကိုမှီကာ သင်္ကန်း ခေါင်းမြီးခြုံပြီး ငိုကြွေးနေခဲ့၍ မကြာခင် နိဗ္ဗာန်ဝင်တော့မည့် ဘုရားကပင် အနားခေါ်ပြီး နှစ်သိမ့်ခဲ့ရသူ ဖြစ်သည်။
ခုတော့ မနက်ဖြန်ဆို သင်္ဂါယနာပွဲကြီးကို ကျင်းပတော့မည်။ သံဃာထု၏ ဆန္ဒအရ ထိုပွဲကြီး၏ ဝန်ဆောင် စာရင်းဝင်လည်း ဖြစ်ခဲ့ပြီ။ သို့သော် ရဟန္တာပုဂ္ဂိုလ်များ အကြား၌ သေက္ခအဆင့်မျှဖြင့် ပါဝင်ရမည့် အဖြစ်မျိုးကိုလည်း အရှင်က မလိုချင်။ အရှင်၏ စိတ်အစဉ်၌ ‘မနက်ဖြန်’ ဆိုသော စကားလုံးက နေရာအပြည့် ယူထားသည်။ ထိုညက ကျောင်းတိုက် အစွန်းရှိ ကမ္မဋ္ဌာန်းကျောင်းလေးသို့ အရှင်တစ်ပါးတည်း ထွက်လာခဲ့သည်။ ဝီရိယနှင့် သမာဓိကို မျှတစေလျက် ဝိပဿနာတရားကို အပြင်းအထန် အားထုတ်သည်။ ထိုည မိုးသောက်ယံ၌ ဣရိယာပုတ် လေးပါးမှ လွတ်သော အနေအထားဖြင့် အာသဝေါကုန်ခန်း ရဟန္တာအ ဖြစ်သို့ ရောက်ခဲ့ရသည်။
သို့ဖြင့် မဟာသက္ကရာဇ် ၁၄၈ ခု၊ ဝါခေါင်လပြည့်ကျော် ၅ ရက်မှ စတင် ကျင်းပခဲ့သည့် ပထမ သင်္ဂါယနာပွဲတော်ကြီးသည် အရည်အချင်းပြည့် ရဟန္တာ ၅၀၀ တို့ ဦးဆောင် ကျင်းပခဲ့သော သမိုင်းဝင် ပွဲတော်ကြီးအဖြစ် သာသနာသမိုင်း အဆက်ဆက် ဥဒါန်း တွင်ခဲ့ရခြင်းဖြစ်သည်။
(၅)
သာသနာတော်အတွက် အင်မတန် အရေးပါသော ပွဲကြီး၌ သင်္ဂါယနာ ဝန်ဆောင် ပုဂ္ဂိုလ်တို့ကို ရွေးချယ်ခဲ့သော အရှင်မဟာကဿပထေရ်၏ နည်းစနစ်ကို အမြွက်မျှ တင်ပြခဲ့ခြင်း ဖြစ်ပါ၏။ အရှင်မဟာကဿပသည် ဗုဒ္ဓနိုင်ငံတော်၏ သင်္ဂါယနာတင် ပွဲတော်အတွက် အမှန်တကယ် အရည်အချင်းရှိသော ပုဂ္ဂိုလ်များနှင့် မဖြစ်မနေ ပါဝင်ရမည့် ပုဂ္ဂိုလ်မျိုးကိုသာ ဦးစားပေး၍ ရွေးချယ်တော်မူခဲ့သည်။
မိမိတို့နိုင်ငံတော်၌လည်း နိုင်ငံအတွက် အင်မတန် အရေးပါသော ရွေးကောက်ပွဲကြီးကို မကြာမီရက်များအတွင်း ကျင်းပတော့မည် ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် တာဝန်ယူလိုစိတ် ပြည့်ဝသော၊ ပွင့်လင်း မြင်သာမှု ရှိသော၊ သမာသမတ်ကျ၍ ဘက်လိုက်မှု ကင်းသော၊  တော်ဝင်တန်းဝင် ရွေးကောက်ပွဲမျိုး ဖြစ်ဖို့တော့ လိုပါလိမ့်မည်။
ဒီမိုကရေစီ၏ ကျင့်ထုံးက အစိုးရ အဖွဲ့အစည်းတစ်ရပ်ကို ပြည်သူအများက မဲပေး၍ ရွေးချယ်သောစနစ် ဖြစ်သည်။ အရှေ့တွေ၊ အနောက်တွေကို အသာထား၊ ဒေသတွင်း နိုင်ငံများ အကြား၌ပင် မိမိတို့နိုင်ငံ၏ ပုံရိပ်က ကျရိပ်ကျယောင် ပြနေသည်ကို မည်သူမျှ မငြင်းသာ။ အကျဘက်သို့ မျက်နှာမူနေသော နိုင်ငံ၏ပုံရိပ်ကို မြှင့်တင် ပြောင်းလဲနိုင်စွမ်းသော၊ အရည်အချင်း ပြည့်ဝသော၊ မဖြစ်မနေ ပါဝင်သင့်သော ပုဂ္ဂိုလ်များကို ရွေးချယ် တင်မြှောက်နိုင်မှသာလျှင်  အနှစ်သာရပြည့်ဝ၍ အဓိပ္ပာယ်ရှိသော ရွေးကောက်ပွဲ ဖြစ်လာမည်ဟု မိမိက ယုံကြည်ထားပါသည်။

Most Read

Most Recent