၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စင်ကာပူရောက် မြန်မာနိုင်ငံသားများ အတွက် ကြိုတင်မဲပေးခွင့် သုံးရက် ထပ်တိုးကြောင်း အောက်တိုဘာ ၁၇ ရက် ညပိုင်းက စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင် မဲပေးရမယ့်ရက်ကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ရက်အထိ တရားဝင် ခွင့်ပြုခဲ့ပြီး မဲပေးမည့် ဦးရေ များပြားသည့်အတွက် ကြိုတင်မဲပေးရာတွင် အဆင်ပြေစေရန် အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကြိုတင်မဲပေးခွင့် သုံးရက် ထပ်တိုးပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။ အောက်တိုဘာ ၁၈ရက်တွင် စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန်အတွက် တိုကင်နံပါတ် ၃၀၀၀ ထုတ်ပေးလိုက်ကြောင်း စေတနာ့ဝန်ထမ်းများထံမှ သတင်းရရှိသည်။
“တိုကင်နံပါတ် အခု ၃၀၀၀ ထုတ်ပေးလိုက်တာ။ အဲတော့ အဲဒီတိုကင် နံပါတ်ရတဲ့ နေရာက မနက်ဖြန်ကျရင် အဲဒီနံပါတ်ကို ယူပြီးတော့ မဲလာပေးရမှာ။ ညအိပ်ပြီး မစောင့်ရတော့ဘူးပေါ့။ ညအိပ်ပြီး မစောင့်စေချင်တဲ့ သဘောပါမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့လမ်းတွေမှာ အိပ်နေတာတွေက မြင်မကောင်းဘူးလေ”ဟု စေတနာ့ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ မအိဝေက “တိုကင်နံပါတ်ပေးတာ ရပ်လိုက်တဲ့အချိန်မှာ လူတွေက တိုကင်နံပါတ်ကို ၃၀၀၀ ထုတ်ပေးလိုက်ရင် မရတဲ့လူတွေက ဘယ်လို လုပ်ရမလဲ။ သူတို့တွေလည်း စောင့်နေတာကြာပြီပေါ့။ အဲဒီလိုပြောတယ်။ ရဲက ဖြစ်စေချင်တာကတော့ သူတို့လက်ထဲမှာ တိုကင်နံပါတ် ၃၀၀၀ ပဲရှိတယ်။ ရက်သုံးရက် ထပ်တိုးတာက အတည်ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ နံပါတ်မရပေမယ့်လည်း စိတ်ပူစရာမလိုဘူး။ဗုဒ္ဓဟူးနေ့အထိ မဲပေးလို့ရတယ်လို့ အဲဒီလိုမျိုး ရဲတွေက ပြောတယ်။ အဲဒါနဲ့ လူတွေက ပြန်ပြောတာပေါ့နော်။ နင်တို့ ဒီလို ပြောလို့မရဘူး။ သံရုံးက ငါတို့ကို မကြေညာသေးတဲ့အတွက် ပြောတာကို ယုံလို့ မရပါဘူးပေါ့။ ရဲတွေပြန်ပြောတာတော့ သံရုံးကို အတည်ပြုပြီး သွားပြီ။ မထုတ်ပြန်တာတော့ သူတို့နဲ့ မဆိုင်ဘူးပေါ့လို့ ပြန်ပြောတယ်”ဟု ပြောကြားသည်။
လက်ရှိတွင် လာမည့် တနင်္လာနေ့တွင် ကြိုတင် မဲပေးရန်အတွက် တိုကင်နံပါတ်ကို အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် ထုတ်ပေးရန်ရှိကြောင်း သိရသည်ဟု စေတနာ့ဝန် ထမ်းတစ်ဦးက ပြောကြားသည်။
ရွေးကောက်ပွဲအတွက် တတိယမြောက်နေ့အဖြစ် အောက်တိုဘာ ၁၇ ရက်တွင် စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရာတွင် လူဦးရေ ၆၀၀၀ကျော်ခန့် လာရောက်ခဲ့ပြီး ၃၀၀၀ကျော်သာ မဲပေးခဲ့ရ ကြောင်း စေတနာ့ဝန်ထမ်းများက ပြောကြားသည်။ အောက်တိုဘာ ၁၇ ရက်တွင် ကြိုတင်မဲပေးရန်အတွက် စင်္ကာပူရောက် မြန်မာနိုင်ငံသားအများအပြား သံရုံးဝန်ကျင်း၌ ညပိုင်းမှစပြီး စောင့်ဆိုင်း တန်းစီမှုများ ရှိကြောင်း စေတနာ့ ဝန်ထမ်းများကဆိုသည်။
စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲ ပေးရန်အတွက် ပုံစံ ၁၅ ဖြင့် အပြည့်အစုံ လျှောက်ထားခဲ့သော်လည်း သံရုံးမှ ထုတ်ပြန်သည့် စာရင်းများတွင် အမည်စာရင်း ပါဝင်မှု မရှိသည့်အတွက် မဲမပေးခဲ့ရသည့် နိုင်ငံသားတစ်ချို့ ရှိကြောင်း သတင်း ရရှိသည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရန် ပုံစံ ၁၅ ဖြင့် လျှောက်ထားသူ နှစ်သောင်း ကျော်ရှိကြောင်း သိရသည်။















