ရုရှားက ပြီးခဲ့သောလမှစတင်ပြီး ဆီးရီးယား ပြည်တွင်းစစ်ပွဲကို ဝင်ရောက်လာခဲ့ပြီး IS များအပြင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ် အစိုးရအား တိုက်ခိုက်နေတဲ့ အခြားသူပုန်အဖွဲ့များကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
ဆီးရီးယား အစိုးရတပ်များဟာ နိုင်ငံအလယ်ပိုင်းရှိ ဟာမားပြည်နယ်တွင် ရုရှားရဲ့ လေကြောင်း ထောက်ကူမှုနဲ့ မဟာဗျူဟာကျတဲ့ ဆာအယ်ဂါ လွင်ပြင်သို့ ချီတက်နိုင်ခဲ့ပါတယ်။ အစိုးရတပ်များက ဟာမားရှိကာ နာဘူဒါရွာကို သိမ်းယူနိုင်ခဲ့ပြီး ဒမတ်စကတ်-အလက်ပို အဝေးပြေး လမ်းမတစ်ဝိုက်သို့ ချီတက်နိုင်ခဲ့ကြောင်း ဆီးရီးယားစစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားကလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဟာမား၊ ဟွမ်၊ လာတာကီယာနှင့် အီဒလက်ပြည်နယ် လေးခုတွင် လေကြောင်းမှနေ၍ ပစ်မှတ် ၅၃ ခုကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။
အဗ္ဗဒူရာဟင် ဟေတော့ဗ်က ဆိုဗီယက် ပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံဟောင်းဖြစ်တဲ့ တာဂျစ်ကစ္စတန်နိုင်ငံမှာ နေထိုင်တဲ့ အစ္စလာမ္မစ်တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ အပြောကတော့ ရုရှားတို့က ဆီးရီးယားနိုင်ငံမှာ ရှိနေတဲ့ IS အဖွဲ့တွေကို ဗုံးကြဲ တိုက်ခိုက်နေတာ ကြာပါပြီ။
IS အဖွဲ့တွေဟာ မိမိတို့ရဲ့ ယုံကြည်ချက်ကို ငွေကြေးအတွက် ရောင်းစားနေကြတာ ဖြစ်ပါတယ်။ ဟေကော့ဗ်က တစ်ချိန်က ဆိုဗီယက် ပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့တဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ထောင်ပေါင်းများစွာသော အစ္စလာမ္မစ်တွေဟာ ဂျီဟတ်တွေနဲ့ ပူးပေါင်းပါဝင်မှုတွေ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒါကြောင့်မို့ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ပြည်တွင်းမှာ IS အန္တရာယ်တွေ ရင်ဆိုင်ရမယ့် အခြေအနေ ရှိနေပါတယ်။
တာဂျစ်ကစ္စတန်နိုင်ငံ အပါအဝင် ဆိုဗီယက် ပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံဟောင်း နိုင်ငံတွေဟာ တည်ငြိမ်မှု ကင်းမဲ့နေတဲ့ အာဖဂန်နစ္စတန်ကြောင့် IS တွေရဲ့ အန္တရာယ်ကို ထိတ်လန့်နေရပါတယ်။ ဆီးရီးယားနိုင်ငံမှာ ရှိနေတဲ့ IS တွေကို ဦးတည်ပြီး ရုရှားလေတပ်ဟာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာမို့ ဗဟို အာရှနိုင်ငံတွေဟာ ရွေးချယ်စရာ မရှိတဲ့ အခြေအနေမျိုး ကြုံတွေ့နေရပါတယ်။
ရုရှားသမ္မတ ပူတင်က ယခင်ဆိုဗီယက် ပြည်ထောင်စုနိုင်ငံများနဲ့ ကာဇက်စတန် တွေ့ဆုံပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ နှိမ်နင်းဖို့၊ ဒေသတွင်း လုံခြုံဖို့အတွက် အရေးပါကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်တွေ နှိမ်နင်းဖို့ အကြောင်းပြပြီး ပူတင်က မိမိရဲ့ သြဇာချဲ့ထွင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
“တကယ်လို့ ကျွန်တော်တို့ အနေနဲ့ အင်အားကြီးမားပြီး ညီညွတ်ကြမယ်ဆိုရင် ဆီးရီးယားနဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ အကြမ်းဖက်သမားတွေကို ဂရုစိုက်စရာ မလိုတော့ဘူး” လို့ မာဆီလီကာရှင်က ပြောကြားခဲ့ပါတယ်။ ကာရှင်က မော်စကို အခြေစိုက် မဟာဗျူဟာနဲ့ နည်းဗျူဟာဌာနက သုတေသီ ဖြစ်ပါတယ်။ အာဖဂန်နဲ့ ဆီးရီးယားမှာ ရှိနေတဲ့ IS တွေဟာ ပိုမိုကြီးထွားလာပြီး အိမ်နီးချင်း နိုင်ငံတွေသာမက ရုရှားနိုင်ငံကိုပါ ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုး ရှိနေတယ်လို့ ကာရှင်က သုံးသပ်ထားပါတယ်။
နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ရဲ့ သုံးသပ်ချက်အရ ဗဟိုအာရှနိုင်ငံက စစ်သွေးကြွ ၂၀၀၀ နဲ့ ၄၀၀၀ ခန့်ဟာ IS အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။ ဒေသတွင်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ လက်နက် မပြည့်မစုံ ဖြစ်နေတာကြောင့် အာဖဂန်နစ္စတန် နိုင်ငံထဲ ပျံ့ဝင်ဖို့ နီးစပ်နေပါတယ်။ အဲဒီလို စစ်ရေးအရ အင်အားချိနဲ့နေတဲ့ နိုင်ငံတွေထဲကို IS တပ်ဖွဲ့ဝင်တွေဟာ ခြေချဖို့ ကြိုးပမ်းနေကြပါတယ်။
ရုရှားနိုင်ငံက တာဂျစ်ကစ္စတန်နဲ့ ကာဂျစ္စတန်မှာ စစ်အခြေစိုက် စခန်းတွေ ထားရှိပါတယ်။ ဗဟိုအာရှနိုင်ငံတွေမှာ စစ်ရေး တည်ငြိမ်မှု ရှိစေဖို့အတွက် ရုရှားက စစ်အခြေစိုက်စခန်း ရှိနေခြင်းဖြစ်တယ်လို့ ရုရှားက တစိုက်မတ်မတ် ပြောကြားခဲ့ပါတယ်။
ဆီးရီးယား ပဋိပက္ခဟာ ဗဟိုအာရှနိုင်ငံတွေအပေါ် တစ်နည်းတစ်ဖုံ သက်ရောက်မှု ရှိတယ်ဆိုပေမယ့် အာဖဂန်နစ္စတန်မှာ ဖြစ်ပျက်နေတာက ပိုပြီးအရေးပါနေတယ်လို့ ရာဖယ်လိုပန်တူစီက သုံးသပ်ထားပါတယ်။ ပန်တူစီက လန်ဒန်အခြေစိုက် တော်ဝင်ယူနိုက်တက် အင်စတီကျုက ပညာရှင်တစ်ဦး ဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက်ကစပြီး ရုရှားလေတပ်က ဆီးရီးယားနိုင်ငံရှိ အမေရိကန်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ IS ရဲ့ ခြိမ်းခြောက်မှုကို လက်တုံ့ပြန်ရာမှာ မိမိတို့ ပါဝင်လာကြောင်း ရုရှားက အချက်ပြလိုက်ခြင်း ဖြစ်ပါတယ်။ မော်စကိုရဲ့ လုပ်ဆောင်မှုကို အမေရိကန်နဲ့ မဟာမိတ်တွေက ဆန့်ကျင်ခဲ့ကြပါတယ်။ ရုရှားရဲ့ လုပ်ရပ်က IS တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ မဟုတ်ဘဲ ဆီးရီးယားအစိုးရကို ဆန့်ကျင်နေတဲ့ သူပုန်တပ်ဖွဲ့တွေကို ဦးတည်နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗဟိုအာရှနိုင်ငံတွေက ရုရှားဘက်က ရပ်တည်ခဲ့ကြပါတယ်။
ရုရှားလိုလားတဲ့ ကာဂျစ္စတန်ခေါင်းဆောင် အေတမ်ဘာရက်က ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံကို ဗုံးကြဲ တိုက်ခိုက်မှုအား ထောက်ခံခဲ့ပါတယ်။ ကာဇက်စတန် နိုင်ငံကတော့ အကြမ်းဖက် တိုက်ခိုက် နှိမ်နင်းရေးအတွက် အခြားနိုင်ငံတွေကပါ ရုရှားနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ကတော့ ဂျီဟတ်တွေကို နှိမ်နင်းဖို့အတွက် ဆွန်နီအများစုရှိတဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံနဲ့ ပင်လယ်ကွေ့နိုင်ငံတွေ ပူးပေါင်းနေကြပါတယ်။
ကာဇက်စတန် ခေါင်းဆောင် နာဇာဘာရက်ကတော့ ပူတင်နဲ့ တွေ့ဆုံခိုက်မှာ မော်စကိုရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကို တစ်လုံးတစ်ပါဒမျှ ဝေဖန်မှု မပြုခဲ့ပါဘူး။ ဆွန်နီနဲ့ ရှီယိုက်ပြဿနာကို ပြောကြားနေမယ့်အစား ဆီးရီးယားနိုင်ငံမှာ ရှိနေတဲ့ IS တွေဟာ အားလုံးကို ခြိမ်းခြောက်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဗဟိုအာရှ နိုင်ငံတွေမှာ ဆွန်နီအများစုတွေ နေထိုင်နေကြပါတယ်။ သူတို့ကိုယ်သူတို့ အစ္စလာမ္မစ်တွေလို့ ယူဆထားကြပါတယ်။ ဆိုဗီယက် ပြည်ထောင်စုဟောင်း နိုင်ငံတွေဖြစ်ကြတဲ့ ဗဟိုအာရှမှ ဥဇဘက်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန် နိုင်ငံတွေကတော့ ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ မူဝါဒသစ်ကို နှုတ်ဆိတ်နေကြပါတယ်။ ယူကရိန်းနိုင်ငံကို ရုရှားတွေက ကျူးကျော် ဝင်ရောက်မှု ပြုလုပ်ခဲ့တယ်ဆိုတာ အဲဒီနိုင်ငံတွေ သိထားကြပါတယ်။ ရုရှားဟာ နိုင်ငံတကာက လက်ခံထားတဲ့ နှုန်းစံတွေကို ချိုးဖောက်နေတယ်လို့ ယူဆထားကြပေမယ့် အဲဒီနိုင်ငံတွေ အနေနဲ့ မော်စကိုကို မဆန့်ကျင်ဝံ့ကြပါဘူး။ သူတို့တစ်တွေဟာ ပူတင်ရဲ့ အမျက်ဒေါသကို စိုးရိမ်နေကြရတယ်လို့ ပြင်သစ်အခြေစိုက် လွတ်လပ်သော ဥဇဘက်နိုင်ငံရေး ပညာရှင် ရာဘီမော့ဖ်က သုံးသပ်ခဲ့ပါတယ်။
ဆီးရီးယားတွင် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အာဆတ်အုပ်စိုးမှုကို အသွင်ကူးပြောင်းမှု မပြုလုပ်ဘဲ ဖြစ်နိုင်ခြေ မရှိကြောင်း အဖွဲ့ဝင် ၂၈ နိုင်ငံ ပါဝင်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက အောက်တိုဘာ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လေးနှစ်ခွဲကြာ မြင့်လာပြီဖြစ်တဲ့ ဆီးရီးယား ပဋိပက္ခမှာ သေဆုံးသူ ၂၄၀၀၀၀ ကျော် ရှိလာခဲ့ပါတယ်။










