ပဉ္စလက်ကကြိုး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၆)

ပဉ္စလက်ကကြိုး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၆)
Published 15 October 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

၁၉၉၀ ချောက်အိပ်မက် ...၊ တပ်မတော်နှင့် ပြည်သူခေါ်သောလမ်း
၁၉၉၀ ရွေးကောက်ပွဲ ကျင်းပသည့် မေ ၂၇ ရက်တွင် မဲပေးရန်လာသော န.ဝ.တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်အား နိုင်ငံတကာ သတင်းဌာနများက “ရွေးကောက်ပွဲတွင် NLD အနိုင်ရပါက ဘာလုပ်မလဲ” ဟု မေးမြန်းသည့်အခါ “အာဏာလွှဲပြီး စစ်တန်းလျား ပြန်သွားမှာပေါ့” ဟု မဆိုင်းမတွ ဖြေခဲ့သည်။ သို့ရာတွင် တကယ်တမ်း NLD က သောင်ပြိုကမ်းပြို အနိုင်ရတော့ အာဏာမလွှဲ စစ်တန်းလျားမပြန်။
ယခုလည်း NLD အနိုင်ရပါက ထိုသမိုင်းဆိုး တစ်ကျော့ပြန်လာမည်ကို ပြည်သူများသာမက နိုင်ငံတကာကပါ စိုးရိမ်နေကြသည်။ သို့ရာတွင် ၁၉၉၀ နှင့် ၂၀၁၅ ခုနှစ် အခြေအနေ အခင်းအကျင်း မတူညီပါ။ ၁၉၉၀ က န.ဝ.တ စစ်ခေါင်းဆောင်များသည် စစ်အာဏာသိမ်း ခေါင်းဆောင်များသာဖြစ်ပြီး ဥပဒေအရ တရားဝင်မှု မရှိသည့် (De-facto) အစိုးရတစ်ရပ်သာ ဖြစ်သည်။ ယခုဦးသိန်းစိန် အစိုးရမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၁၀ ရွေးကောက်ဖြင့် (မည်မျှ အငြင်းပွားဖွယ်ဖြစ်စေ) တက်လာသည့် တရားဝင်အစိုးရ(De-Jury) ဖြစ်သည်။ ထို့ကြောင့် အနိုင်ရသူအား အာဏာလွှဲရမည့် စည်းနှောင်အား (Binding Power) ရှိနေသည်။ တပ်မတော်အနေဖြင့် ကြည့်ပါကလည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်တွင် မည်သူ့ကိုမဆို ဘာမှအာဏာ မလွှဲနိုင်စရာမရှိ။
သမ္မတအထက်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၂၀၁ အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ရှိနေသည်။ ကာ/လုံတွင် သမ္မတ၊ ဒု-သမ္မတ နှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် နိုင်ငံခြားရေး ဝန်ကြီး စုစုပေါင်း ခြောက်ဦးပါဝင်သည်။ စစ်ဘက်မှ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု/ကာချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး ပါဝင်သည်။ သမ္မတနှင့် ဒု-သမ္မတနှစ်ဦး၊ စုစုပေါင်း သုံးဦးတွင် တပ်မတော်က တင်သွင်းသူတစ်ဦး ပါဝင်မည်ဖြစ်သည်။ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများကို ကာချုပ်က တိုက်ရိုက်ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။  ထို့ကြောင့် ကာလုံတွင် တပ်ဘက်မှ (၆)ဦးနှင့် အရပ်ဘက်မှ ငါးဦးပါဝင်သည်။ မဲခွဲလျှင် တပ်ဘက်က နိုင်မည်ဖြစ်သည်။ အခြားဝန်ကြီး ဌာနများတွင်လည်း တပ်မတော်သားများကို ပုဒ်မ-၂၃၂(၂)အရ ပြည်ထောင်စုဝန်ကြီး ခန့်အပ်ခွင့်ရှိသည်။          ပုဒ်မ-၄၁၈(က) အရ အရေးပေါ် အခြေအနေတွင် ကာကွယ်ရေး ဦးစီးချုပ်သည် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို အလယ်ခေတ်ရောမ ဧကရာဇ်သဖွယ် ကျင့်သုံးခွင့်ရှိသည်။ ဤအခြေအနေအောက်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သမ္မတ ဖြစ်လာပါကလည်း ဘာမှမဖြစ်နိုင်ပါ။
ထို့အပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အင်တာဗျူး ဖြေကြားချက်များတွင် ထူးခြားမှုများ ရှိနေသည်။ တပ်မတော်သည် တစ်ချိန်ချိန်တွင် မိမိ နေရာပြန်သွားမည်ဟု ကတိပြုသည်။ အချိန်ကိုတော့ အတိအကျ မပြောနိုင်သေး။ ပို၍ အရေးကြီးသည့်အချက်မှာ ပြည်ခိုင်ဖြိုး ၂၆ ရာခိုင်နှုန်းနှင့် တပ်မတော်က ပူးပေါင်း၍ အစိုးရဖွဲ့မည်ဆိုသည့် ကိစ္စဖြစ်သည်။ ကာချုပ်က အဆိုပါ ထင်မြင်ချက်မှာ ဦးလှဆွေ၏ ပုဂ္ဂိုလ်ရေး အယူအဆသာဖြစ်ပြီး ပါတီ၏ သဘောထား မဟုတ်ကြောင်းဖြေသည်။ ရွေးကောက်ပွဲတွင် အများစု အနိုင်ရသည့် ပါတီက ကမ်းလှမ်းလာသည့်အခါ အစိုးရဖွဲ့ရန် ကိစ္စစဉ်းစားမည်ဟု အတည်ပြုသည်။ သို့ဖြစ်လျှင် NLD ပါတီက အများစု အနိုင်ရလာခဲ့လျှင် အစိုးရဖွဲ့စည်းရန် စဉ်းစားမည်ဟူသည့် သဘောဖြစ်သည်။ ဖြစ်လည်းဖြစ်သင့်သည်။
တပ်မတော်၏ ကုတ်ခွစီးကာ ပြည်သူကို ဖိနှိပ်သတ်ဖြတ်ခဲ့သော လမ်းစဉ်ပါတီနှင့် ယင်းတစ်ဖြစ်လဲ တစညပါတီတို့ကို တပ်မတော်က သမိုင်းအမှိုက်ပုံတွင် စွန့်ပစ်ခဲ့ပြီးဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် တပ်မတော်ဘက်က (၁၄၃) ဦး အဆိုပြုခဲ့ရာ (၅၉)ဦးကိုသာ လက်ခံခဲ့ကြောင်း တွေ့ရပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ရာထူးမှ နုတ်ထွက်ပြီး အခြား ဗိုလ်ချုပ်ကြီးများနှင့် အတူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်တွင် ပါဝင်လာသည်။ ဤအချက်က ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သော ဦးအောင်သောင်း ကွယ်လွန်သွားပြီးနောက် ‘မျှခြေ’ ပျက်သွားသည့် ပါတီအတွင်း တပ်မတော်က ဝင်ရောက် ထိန်းသိမ်းထားခြင်း ဖြစ်ပုံရသည်။
ထို့ကြောင့် နိုင်ငံတကာ အခင်းအကျင်းများ၊ ပြည်တွင်းအခြေအနေနှင့် လက်ရှိတပ်မတော်၏ ရပ်တည်ချက်အရ ၁၉၉၀ သမိုင်းဆိုး တစ်ကျော့ပြန်စရာ အကြောင်းမရှိ..။ အာဏာသိမ်းရန် မလို။ အကြောင်းမူ အာဏာမှာ တပ်မတော်၏ လက်ထဲတွင်သာ ရှိနေသောကြောင့် ဖြစ်သည်။
တပ်မတော် တည်ထောင်ခဲ့ကြသူများမှာ ကိုအောင်ဆန်း၊ ကိုလှဖေ၊ ကိုရွှေ၊ ကိုလှမောင်၊ ကိုထွန်းရှိန်စသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံတွင် ဗိုလ်ဝင်ခံခဲ့ကြသော ကျောင်းသားခေါင်းဆောင်များ ဖြစ်သည်။ နောင်တွင် ဗိုလ်အောင်ဆန်း၊ ဗိုလ်လကျ်ာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော စသည်ဖြင့် ထင်ရှားသော စစ်ခေါင်းဆောင်များ ဖြစ်လာသည်။ ဗမာ့တပ်မတော်ကို ၁၉၄၂ ၊ ဒီဇင်ဘာ ၂၆ ရက်တွင် ထိုင်းနိုင်ငံ၌ တည်ထောင်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ လုံးဝလွတ်လပ်ရေးအတွက် ဖြစ်သည်။
ထို့ကြောင့် တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲအတွင်းမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ဤတပ်မတော်ကြီးသည် ၁၉၄၈ ၊ မတ် ၂၈ ရက် ၊ ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားခဲ့သည့်အခါ အင်အားတချို့ ပဲ့ထွက်သည်။ တပ်မတော်တပ်ရင်း လေးရင်း အနက်တပ်ရင်းသုံးက တောခိုသွားပြီး၊ “တော်လှန်သော ဗမာ့တပ်မတော်” RBA(Revolutionary Burmar Army) အဖြစ် ဖဆပလ အစိုးရကို ပုန်ကန်သည်။ ကျန်တပ်ရင်းသုံးရင်းက ဖဆပလကို ကာကွယ်ပြီး ပြည်တွင်းစစ်ကို တိုက်ရသည်။
၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ၁၉၈၈ ထိ တပ်မတော်သည် ဗိုလ်နေဝင်းနှင့် လမ်းစဉ်ပါတီကို ကာကွယ်ပြီး ပြည်တွင်းစစ် ဆက်တိုက်သည်။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရများ ပေါ်ပေါက်လာသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၁၁ ခုနှစ်တွင် သမ္မတကြီး ဦးသိန်းစိန် အစိုးရ ပေါ်ပေါက်လာသည့်အခါ တပ်မတော်သည် ပြည်ခိုင်ဖြိုးပါတီနှင့် သက်ဆိုင်ခြင်း မရှိသော ဝန်ထမ်းအဖွဲ့အစည်း ဖြစ်လာသည်။
အမှန်စင်စစ် ပြည်ခိုင်ဖြိုးပါတီမှာ တပ်မတော်က ထူထောင်ခဲ့သော ပါတီဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်သည် ပြည်သူ့ဝန်ထမ်းဖြစ်၍ ပါတီနိုင်ငံရေးတွင် ပါဝင်ပတ်သက်ခွင့်မရှိ။ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တပ်မှထွက် အငြိမ်းစားယူပြီး နိုင်ငံရေးပါတီသို့ ဝင်ရောက်ခြင်းမှာ သဘာဝကျသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း ကိုက်ညီသည်။ နိုင်ငံရေး လုပ်လိုပါက တပ်မှထွက်သင့်သည်။ တပ်ကို အာဏာနိုင်ငံရေးတွင် အသုံးမချကောင်း။
ယခု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ထိပ်တန်း ခေါင်းဆောင်များမှာ မျိုးဆက်သစ်များဖြစ်သည်။ ယခင် စစ်အစိုးရများတွင် တာဝန်ကြီးကြီးယူခဲ့သူများမှာ အစိုးရအဖွဲ့တွင် အနည်းအကျဉ်းနှင့် လွှတ်တော် နှစ်ရပ်တွင် အများစု ရောက်ရှိနေကြသည်။ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ရောက်ရှိနေခြင်း ဖြစ်ပါသည်။ ၎င်းတို့ အာဏာရှိစဉ်က ပြည်သူအပေါ် ဆက်ဆံပြုမူချက်များ၊ အုပ်ချုပ်ခဲ့ပုံများအရ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ထောက်ခံနိုင်သည့် အခြေအနေမရှိပေ။ တိုင်းပြည်၏ သယံဇာတများကို ဘိုးဘွားပိုင်သဖွယ် သုံးဖြုန်းကြခြင်း၊ အခွင့်ထူး ဆီဦးထောပတ် မှန်သမျှ ခူးခပ်စားသုံးကာ (သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ကျပ် ၁၅၀၀ ဖြင့် ရောင်းချနိုင်သော တယ်လီဖုန်းဆင်းမ်ကတ်ကို ၎င်းတို့ အာဏာရှိစဉ် ကျပ်သိန်း (၆၀) မှစတင်ပြီး သိန်း (၂၀) ကျော်ထိ ဂုတ်သွေးစုတ် ရောင်းချခဲ့ခြင်း) တိုင်းပြည်က စစ်မီးဟုန်းဟုန်းတောက်၊ ဗုံးဗုံးလဲ မွဲနေသလောက် ၎င်းတို့နှင့် စာကြွင်းစားခရိုနီများမှာ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် စားမကုန် ချမ်းသာနေကြသည်။
ယခုလည်း အောက်တိုဘာ ၅ ရက်က ပြုလုပ်သည့် တနင်္သာရီမြို့နယ် ပဝကျေးရွာ၊ ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ပွဲ၌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက တပ်မတော်နှင့် အင်လိုင်းမရှိတဲ့ ပါတီက သမ္မတမဖြစ်နိုင်ဘူးဟု ပြောကြားသည်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း (၁၆.၁၂.၂၀၁၄) နေ့က အာဏာသိမ်းနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။ ယခုအောက်ခြေတွင် မဲဆွယ်ရာ၌လည်း NLD ပါတီနိုင်ပါက တပ်ကအာဏာသိမ်းမည်။ ဒါကြောင့် ငါတို့ကို မဲပေးဟူ၍ ဖြစ်သည်။
နောက်ကြောင်း ပြန်လှည့်မယ် (အာဏာသိမ်းမယ်) ဆိုသည့် ခြိမ်းခြောက် စကားလုံးများကို အများသုံးစွဲခဲ့ကြသူများကို ကြည့်ပါက သစ္စာဖောက်များ၊ အလိုတော်ရိများ၊ အိတ်ဆွဲ ဖိနပ်ကိုင်များသာ ဖြစ်ကြသည်ကို တွေ့ရပါမည်။ ဤသည်မှာလည်း အဆန်းမဟုတ်ပါ။ ၎င်းတို့အမြင်တွင် အနာဂတ်သည် ပြည်သူ့ လက်ထဲတွင်မရှိ။ အရှင်သခင်များ အလိုကျ ကျွန်ပီပီသသနေနိုင်မှ အရှင်သခင်ကြီး ရွှေဘောတော်ကျသည့်အခါ စားကြွင်းအရိုး အရင်းပစ်ပေးမည်။ ဤအချိန်ကို ရှေ့တော်မှောက်တွင် ပြားပြားဝပ် ခစားရင်း စောင့်ရမည်။ ဘယ်နိုင်ငံက ဘာဘွဲ့ရရ၊ ဘာပါရဂူ ဖြစ်ဖြစ် ရပ်တည်ချက် မမှန်လျှင် အမြင်နှင့် ဒဿန၊ နည်းနာတို့မှာ လက်တွေ့နှင့် ဦးစောက်ကျွမ်းပြန် ပြည်သူအတွက် ဘာတန်ဖိုးမှမရှိ။
တပ်မတော်သည် မိမိပိုင်ဆိုင်မှုကို ထုတ်ဖော် မကြေညာဝံ့သည့် ဤအပုပ်နံ့ တထောင်းထောင်းထနေသူများကို မကာကွယ်သင့်တော့။ တိုင်းပြည်ကို ဆင်းရဲတွင်းထဲ တွန်းချသူများနှင့် တစ်လှေတည်း မစီးသင့်တော့။  လမ်းခွဲချိန်တန်ပါပြီ။ ၎င်းတို့ဘာသာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြပါလိမ့်မည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်း ညီညွတ်ရေးနှင့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် ဒီမိုကရေစီ အင်အားစုများနှင့် လက်တွဲ ဆောင်ရွက်ချိန်တန်ပါပြီ။ ပါတီနိုင်ငံရေး ကင်းကင်းရှင်းရှင်းနေပြီး ပရော်ဖက်ရှင်နယ် ပီပီသသ ခေတ်မီအမျိုးသား တပ်မတော်တစ်ရပ် ဖြစ်ချိန်တန်ပါပြီ။
အန္တရာယ်ဟူသမျှ...ရန်စွယ်ဟူသမျှ...စုပေါင်းကာကွယ်ကြ
အဓိကအန္တရာယ်မှာ ပိုးစိုးပက်စက် မှားယွင်းနေသော မဲစာရင်းဖြစ်သည်။ ၃၀ ရာခိုင်နှုန်းသာ မှန်သည့်မဲစာရင်း အဆိုပါ မဲစာရင်းကို ပြုစုပြီး ရွေးကောက်ပွဲကို ကြီးကြပ်မည်ဆိုသူ ဒီမိုးဒီလေ ဒီလူတွေနှင့် ဖြစ်ပါ့မလား။ နိုင်ငံရေးပါတီများ အားလုံးအလေးအနက် စဉ်းစားသင့်သည်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ။ (၆.၁၁.၂၀၁၅) နေ့က နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင်လည်း အစိုးရက တာဝန်ခံ ဖြေရှင်းမည်ဟုမပါ။ အဆိုပါ မိန့် ခွန်းတွင် ကျွန်တော်ကပင် သံသယကြီးလို့လား မသိ အန္တရာယ်အနံ့များ ရနေသည်။ ရွေးကောက်ပွဲတွင် နိုင်မည်၊ မနိုင်မည် မသေချာသေးဘဲ နောင်သက်တမ်းတွင် ဖွဲ့စည်းပုံပြင်၍ ပြည်သူ့အုပ်ချုပ်ရေး ထူထောင်မည်ဟု ဆိုသည်။ ထို့အပြင် ပေါ်ထွက်လာမည့် ရွေးကောက်ပွဲ ရလဒ်ကို ပြည်သူများ သဘောထားကြီးကြီး လက်ခံရမည်ဟု သတိပေးထားသည်။ ပြောရိုးပြောစဉ် မဲဆွယ်ခြင်းဆိုက ကိစ္စမရှိပါ။ သို့မဟုတ်ဘဲ ရှုံးလည်း နိုင်ရမည်၊ နိုင်လည်း နိုင်ရမည်ဟူ၍များ စီစဉ်ထားသဖြင့် ပြောကြားခြင်း ပေလား...တစ်ခုခုကြိုသိနေသလား...စိုးရိမ်မိပါသည်။
(၃.၆.၂၀၁၅)တွင် အခြေခံမဲစာရင်း မှားယွင်းသူများအတွက် NLD က အိတ်ဖွင့်ပေး စာထုတ်ပြန်ခဲ့သည်။ (၃.၆.၂၀၁၅)တွင် အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချဲမစ်ကွန်နဲလ်ကလည်း အလားတူ သတိပေးခဲ့သည်။
၁၉၉၀ မေလ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲဥပဒေ ထွက်လာတော့ ကျွန်တော် အလွန်ချစ်ခင် လေးစားသော တရားလွှတ်တော် ရှေ့နေကြီး ဒေါ်မြင့်မြင့်ခင်ကို ကျွန်တော့် ဝေဖန်ချက် တင်ပြသည်။ ထိုစဉ်က ကျွန်တော်သည် အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုပါတီ (မ.န.တ)၏ တွဲဖက်အတွင်းရေးမှူး(၂) ဖြစ်သည်။ဆရာမကြီးက ကျွန်တော်တို့ (မ.န.တ) နာယကတစ်ဦးလည်းဖြစ်၊ NLD ပါတီ ဗဟိုအလုပ် အမှုဆောင် (C.E.C) လည်းဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲဥပဒေတွင် စကားရပ်များကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌ “လွှတ်တော်” ဆိုသည်မှာ “ပြည်သူ့လွှတ်တော်” ကိုဆိုလိုသည်ဟုသာ ရှင်းလင်းထားသည်။ အဆိုပါ လွှတ်တော်သည် ဖွဲ့စည်းပုံရေးဆွဲမည့် တိုင်းပြုပြည်ပြု လွှတ်တော်လား၊ အစိုးရ ဖွဲ့စည်းမည့် အာဏာ(၃)ရပ် အကောင်အထည် ဖော်မည့် လွှတ်တော်လား မကွဲပြား။ အရေးအကြီးဆုံး အချက်မှာ ရွေးကောက်ပွဲဥပဒေတွင် မပါမဖြစ်ပါရှိရသည့် “အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးနောက် ရပ်ပေါင်း (၆၀) အတွင်း လွှတ်တော် ခေါ်ယူရမည်” ဟူသော စာပိုဒ်မပါရှိခြင်းပင် ဖြစ်သည်။ ဤအချက်ကို ထောက်ပြသည့်အခါ ဆရာမကြီးက “သူတို့ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတုန်းက ဝင်လိုက်တာကောင်းမယ်” ဟု ပြန်ဖြေသည်။ ဆရာမကြီး ယခုတိုင် အမေရိကန် ပြည်ထောင်စုတွင် သက်ရှိထင်ရှား ရှိပါသေးသည်။ နောင်တွင် ဤအချက်သည် “ညစ်ကွက်..” “ဟထားသည့် ထောင်ချောက်” ဖြစ်လာသည်။
ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ မဲစာရင်း အမှားတော်ပုံကိစ္စကို ပြတ်ပြတ်သားသား ရှင်းသင့်သည်။ နိုင်ငံရေးပါတီ အချင်းချင်း ပူးပေါင်းလက်တွဲ၍ ရွေးကောက်ပွဲ ကော်မရှင်ထံမှ ခိုင်မာသည့် ကတိကဝတ် ရအောင်ယူသင့်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ကလည်း ဤမဲအမှားတော်ပုံကြီးနှင့် ပတ်သက်၍ ရွေးကောက်ပွဲ မတိုင်မီကပင် ပါဝင်ဆောင်ရွက် ပေးသင့်ပါသည်။ ပြည်သူတရပ်လုံးကလည်း “ခါးသည့်အသီးကို မစားလိုက..ခါးသည့် အပင်ကို အမြစ်ကဆွဲ နှုတ်ရန်” ပူးပေါင်းပါဝင်သင့်သည်။ သို့မှသာ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး အသက်ပေး၍ ကာကွယ်မည့် ရွေးကောက်ပွဲရလဒ်သည် တရားမျှတ မှန်ကန်ပေလိမ့်မည်။ အသက်ပေးရုံမက အရှက်ကလေးလည်း ပါအောင် သတိကပ် ဆောင်ရွက်လျှင် တရားမျှတ အောင်မြင်ပါလိမ့်မည်။
(ဆက်လက်ဖော်ပြပါမည်။)
 

Most Read

Most Recent