ညစ်ညမ်းစာများ ဖြန့်ဝေကြော်ငြာခြင်းနှင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသခြင်းတို့ကြောင့် တရားစွဲခံထားရသော တော်ဝင်နှင်းဆီ ဆေးရုံကို စည်ပင်သာယာရေး ကော်မတီက ပြန်လည်သိမ်းယူ

ညစ်ညမ်းစာများ ဖြန့်ဝေကြော်ငြာခြင်းနှင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသခြင်းတို့ကြောင့် တရားစွဲခံထားရသော တော်ဝင်နှင်းဆီ ဆေးရုံကို စည်ပင်သာယာရေး ကော်မတီက ပြန်လည်သိမ်းယူ
Published 14 October 2015
ယဉ်မျိုးသွယ်

ညစ်ညမ်းစာများ ဖြန့်ဝေကြော်ငြာခြင်းနှင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသခြင်းတို့ကြောင့် တရားစွဲခံထားရသော ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ တော်ဝင်နှင်းဆီ ဆေးရုံကို အောက်တိုဘာ ၁၃ ရက် ညနေက စည်ပင်သာယာရေး ကော်မတီမှ ပြန်လည် သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။စာချုပ်ပါ စည်းကမ်းများကို ဖောက်ဖျက်သဖြင့် ပြန်လည်အပ်နှံရန် အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်သိမ်းယူခဲ့ခြင်းနှင့် ပတ်သက်၍ စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်တင်မှ “ပလာဇာ အနေနဲ့ ငါးထပ်ပဲ ခွင့်ပြုတာကို နှစ်ထပ် တိုးဆောက်တာက တစ်ချက်၊ နောက်တစ်ချက်က တတိယထပ်ကို တရုတ် ဆရာဝန်တွေ၊ သူနာပြုတွေကို ငှားပြီး ဆေးခန်းဖွင့်တယ်။ သတ်မှတ်ထားတာက ပလာဇာ အနေနဲ့ပဲ ခွင့်ပြုထားပေမယ့် စာချုပ်ထဲမှာ မပါတဲ့ ဆေးရုံအနေနဲ့ ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် စာချုပ်ပါ စည်းကမ်းကို ဖောက်ဖျက်လို့ ပြန်လည်သိမ်းယူခြင်း ဖြစ်ပါတယ်။ ဆေးရုံ အဆောက်အအုံနဲ့ မြေနေရာကိုပဲ သိမ်းယူခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။ဆေးရုံ တတိယအလွှာတွင် Health News အထူးကု ဆေးခန်း အမည်ဖြင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသနေခြင်း၊ ညစ်ညမ်းစာ၊ ညစ်ညမ်းဓာတ်ပုံများပါသော လက်ကမ်းစာစောင် ဖြန့်ဝေမှုများနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီက အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ ဆေးရုံပိုင်ရှင်များဖြစ်သော ဂရိတ်ဝေါလ် ဦးတင်မောင် (ခ) လီစန်းရှင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကိုပါ ထည့်သွင်း တရားစွဲဆိုခဲ့သော်လည်း ဇွန် ၃ ရက်က တရားခံပြေးအဖြစ် ကြေညာရာတွင် တရုတ်နိုင်ငံသားများနှင့် ဒေါ်နန်းလှစိန်သာ ပါဝင်ခဲ့ပြီး ဦးတင်မောင်မှာ မပါဝင်တော့ဘဲ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည်။ဒေါ်နန်းလှစိန်ကိုလည်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၂ (က)/၁၀၉ ကျင့် ၅၁၂ ဖြင့်သာ တရားခံပြေးအဖြစ် ကြေညာခဲ့ပြီး ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ၃၅/ ကျင့် ၅၁၂ ဖြင့် တရားစွဲဆိုထားမှုတွင် ဦးတင်မောင်နှင့်အတူ မပါဝင်ခဲ့ပေ။ ဒေါ်နန်းလှစိန်မှာ တရားရုံးသို့ လာရောက်သည့်နေ့မှာပင် ချက်ချင်း အချုပ်လွတ် ထုချေခွင့် အာမခံပေးခဲ့ပြီး ရုံးရှေ့ လာရောက်ခြင်းမှ ကင်းလွတ်ခွင့် အာမခံကို ထပ်မံလျှောက်ထားခဲ့ရာ ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ပယ်ချခဲ့သည်။ ဆက်လက်၍ ခရိုင် တရားရုံးကို အယူခံ ထပ်မံဝင်ခဲ့ရာ ခရိုင်မှလည်း ပယ်ချခဲ့ပြီး မြို့နယ် တရားရုံးသို့ အမှုတွဲ ပြန်လည်ချထားပေးခဲ့ရာတွင် ၎င်းပိုင်ဆိုင်သော နန်းတော်ဆေးရုံ ဆေးစာဖြင့် ကျန်းမာရေး မကောင်းသောကြောင့် ရုံးချိန်းနှစ်ပတ် ခွင့်ယူခဲ့ကြောင်း၊ ထပ်မံ၍ ရုံးချိန်းလာရောက်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သဖြင့် အာမခံ ပေးထားသူများကို ပြန်လည်ဆင့်ခေါ်ခဲ့ရကြောင်း၊ နောက်ဆုံးတွင် တိုင်းတရားရုံးသို့ ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်၍ ထုချေခွင့်ကို ထပ်မံလျှောက်ထားသည်ဟု သိရသည်။တော်ဝင်နှင်းဆီဆေးရုံ တည်ရှိရာ နေရာသည် ၇၇ လမ်းနှင့် ၇၈ လမ်း၊ လမ်း ၃၀ နှင့် ၃၄ လမ်းကြားတွင်ရှိသည့် ဧရိယာ ၁၅ ဒသမ ၄ ဧကရှိသော မူလက မီးရထားအိမ်ရာဖြစ်ကြောင်း၊ အဆိုပါ မြေနေရာကို စည်ပင်သာယာရေး ကော်မတီမှ စီးတီးမင်း ကုမ္ပဏီအား နှစ် ၃၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး၊ အဆိုပါ မြေကွက်ပေါ်တွင် ဟိုတယ်၊ ပလာဇာ၊ ကွန်ဒိုမီနီယံနှင့် Super Market & Office တို့ကို ဆောက်လုပ်ရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားပြီး၊ စီးတီးမင်း ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ နေရာတွင် ဦးတင်မောင် (ခ) လီစန်းရှင်က လက်မှတ်ရေးထိုးထားသည်။ဦးတင်မောင် (ခ) လီစန်းရှင်သည် စာချုပ်ပါ စည်းကမ်းဖောက်ဖျက်၍ တော်ဝင်နှင်းဆီ အမည်ရှိ ဆေးရုံအား တည်ဆောက်သည်ဟု ဆိုသော်လည်း တော်ဝင်နှင်းဆီဆေးရုံ ဖွင့်ပွဲတွင် မြို့တော်ဝန်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent