နီပေါနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို အတည်ပြုခဲ့ပြီးနောက် ဝန်ကြီးချုပ် ဆူရှေးခိုအီရာလာသည် ရာထူးမှ နုတ်ထွက်မည်ဟု ကတိပေးခဲ့သည်။ အောက်တိုဘာ ၁၂ ရက်တွင် အစိုးရသစ် ဖွဲ့စည်းရေး စတင်ရန် သမ္မတကို တောင်းဆိုမည်ဟု ကြေညာခဲ့သည်။ နိုင်ငံရေးပါတီ အားလုံးက သဘောတူညီသော ဝန်ကြီးချုပ်ကို ရွေးချယ်ရန် မဆောင်ရွက်နိုင်ခဲ့သဖြင့် သမ္မတ ရမ်ဘာရန်ယာဒက်က ပါလီမန်ကို မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခဲ့သည်။
နီပေါနိုင်ငံမှ ပါတီများသည် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအတွက် အမည်စာရင်း တင်သွင်းရန် အချိန်တစ်ရက်သာ ရခဲ့သည်။ မည်သည့် ကိုယ်စားလှယ်ကမျှ အမတ်နေရာ အများစု မရရှိပါက ပါလီမန် ဥက္ကဋ္ဌက ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် နောက်တစ်ကြိမ် သတ်မှတ်ရက်ကို ကြေညာရမည် ဖြစ်သည်။
နီပေါပါလီမန်က ကွန်မြူနစ်ခေါင်းဆောင် ကေပီရှာမန်အိုလီကို ဝန်ကြီးချုပ် အသစ်အဖြစ်အောက်တိုဘာ ၁၁ ရက်က ရွေးချယ် တင်မြှောက်ခဲ့သည်။ နီပေါကွန်မြူ နစ်ပါတီမှ အိုလီသည် ၃၃၈ မဲ ရရှိပြီး ဝန်ကြီးချုပ်ဟောင်း ဆူရှေးခိုအီရာလာမှာ ၂၄၉ မဲသာ ရရှိခဲ့သည်။ ခိုအီရာလာသည် စက်တင်ဘာ ၂၀ ရက်က အတည်ပြုလိုက်သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ကွန်မြူနစ် ပါတီခေါင်းဆောင် အိုလီသည် အသက် ၆၃ နှစ်ရှိပြီး ဧပြီလက လေယာဉ်ပျက်ကျမှုကြောင့် လူပေါင်း ၈၉၀၀ သေဆုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ သန်းချီဖြစ်ခဲ့ရသော နီပေါနိုင်ငံကို ပြန်လည်ဦးဆောင်ရမည့် ခေါင်းဆောင်ဖြစ်သည်။ မာ့ခ်လီနင်ဝါဒ လက်ခံသည့် နီပေါကွန်မြူနစ် ပါတီခေါင်းဆောင် အိုလီသည် သဘောထား မျှတမှုကြောင့် လူသိများသူဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်က အိုလီသည် ဆင်းရဲသော နီပေါနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန် အခြားပါတီများနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
နီပေါငလျင်ကြီး လှုပ်ခတ်ပြီးချိန်တွင် လက်ရှိ အစိုးရသည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို နှေးကွေးစွာ လုပ်ဆောင်နေသည်ဟု စွပ်စွဲမှုများကို ခံနေရသည်။ ဤ အချိန်တွင် အိုလီသည် ပါလီမန်မှ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
အိုလီသည် မာ့ခ်လီနင်ဝါဒကို ငယ်စဉ်ကတည်းက ယုံကြည်ခဲ့သူဖြစ်သည်။ အသက် ၂၁ နှစ် အရွယ်၌ နီပေါဘုရင် မဟိန္ဒရာကို ဆန့်ကျင်သော ကွန်မြူနစ် မြေအောက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဤသို့ ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရသည်။ ထောင်မှ လွတ်မြောက်လာပြီးသည့် အခါ၌ အိုလီသည် ပါတီဝင် တစ်ဦးဖြစ်သူ ရက်ဟီကာရှာကရာနှင့် လက်ထပ်ခဲ့သည်။
နောက်ပိုင်းတွင် အိုလီနှင့် ဇနီးသည် တို့သည် နီပေါကွန်မြူနစ် ပါတီသို့ ဝင်ရောက်ခဲသည်။ ထိုစဉ်ကတည်းက စကားကို ပြတ်ပြတ်သားသား ပြောတတ်သူ တစ်ဦးအဖြစ် ထင်ရှားခဲ့သည်။ ပါတီတွင် အဆင့်ဆင့် တာဝန်ထမ်းဆောင်မှုများ ပြုလုပ်ခဲ့ပြီးသည့် နောက်ပါတီ၏ ဒုတိယ ခေါင်းဆောင်နေရာ ရရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် နီပေါပါလီမန်၌ ထင်ရှားသော အတိုက်အခံ နိုင်ငံရေးသမား ဖြစ်လာခဲ့သည်။
၁၉၉၀ ပြည့်နှစ်များတွင် မော်သူပုန်များသည် အားကောင်းလာပြီး တော်လှန်ရေး တိုက်ပွဲများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။ သို့သော် ၂၀၀၆ ခုနှစ်တွင် မော်ဝါဒီတို့၏ တော်လှန်ရေးများ ပြီးဆုံးသွားခဲ့သည်။ မော်ဝါဒီတို့၏ တော်လှန်ရေး စစ်ပွဲကြောင့် ပြည်သူ ၁၂၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသလို နိုင်ငံမှာလည်း စစ်တလင်း ဖြစ်ခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ကုလသမဂ္ဂ၏ ဝင်ရောက် စေ့စပ်ညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ခဲ့သည်။ နိုင်ငံကိုလည်း စည်းမျဉ်းခံ ဘုရင်စနစ်မှနေ၍ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဘက် ကူးပြောင်းနိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဘုရင်စနစ်ကို အပြီးတိုင် ဖယ်ရှားနိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မော်ဝါဒီများနှင့် တစ်ချိန်တုန်းက ခါးသီးသော ရန်ဘက်ဖြစ်သည့် နီပေါစစ်တပ်နှင့် ပူးပေါင်းမိခဲ့သည်။
စည်းမျဉ်းခံ ဘုရင်စနစ်မှနေ၍ ဖက်ဒရယ်စနစ်သို့ ကူးပြောင်းရာတွင် နိုင်ငံရေး ယဉ်ကျေးမှု ချို့တဲ့ခြင်းကြောင့် လည်းကောင်း၊ စီးပွားရေး ကျဆင်းနေခြင်းကြောင့် လည်းကောင်း လူမှုနိုင်ငံရေး အခြေအနေမှာ တည်ငြိမ်မှု မရှိခဲ့ပေ။ နိုင်ငံရေး သမားများမှာလည်း မိမိတို့ ရပ်တည်ရေးကိုသာ အဓိကထား လုပ်ဆောင်နေကြရသည်။ အစိုးရတစ်ရပ်မှာလည်း သက်တမ်း မရှည်လှ။ ဗျူရိုကရေစီ စနစ်မှာလည်း အုပ်ချုပ်ရေးပိုင်းတွင် သာမကဘဲ နိုင်ငံရေးပိုင်းတွင်ပါ အမြစ်တွယ်နေသည်ဟု ‘ပြည်ထောင်စုသစ် တိုက်ပွဲ၊ နီပေါ ခေတ်ပြိုင်သမိုင်း’ စာအုပ်ရေးသားသူ စာရေးဆရာ ပရာ့ဟန့်ဂျဟားက ရေးသားထားသည်။
အစိုးရနှင့် မော်ဝါဒီသူပုန်များ ပဋိပက္ခများကြောင့် နီပေါနိုင်ငံတွင် အခြေခံဥပဒေ ပြုပြင်ရေးဆိုင်ရာ ပြဿနာများမှာ အဟန့်အတားများ ရှိနေခဲ့သည်။ နောက်ပိုင်းတွင် မော်ဝါဒီများနှင့် အခြားနိုင်ငံရေး ပါတီများသည် လူမျိုးစု ကွဲပြားမှုများကို ပြန်လည် ပေါင်းစည်းရေးအတွက် ဖက်ဒရယ် စနစ်တစ်ခုကို ရေးဆွဲကြရန် ကြိုးပမ်းခဲ့ကြသည်။ နီပေါနိုင်ငံ၏ နိုင်ငံရေး ဗဟိုချက်မမှာ ခတ္တမန္ဒူမြို့ ဖြစ်နေသည်။ အခြားပြည်နယ်များမှာ အခြေခံ အဆောက်အအုံများမှအစ ချို့ယွင်းမှုများ များစွာရှိနေသလို ပြည်သူတို့၏ နိုင်ငံရေး အတွေးအခေါ်များမှာ များစွာနိမ့်ကျလျက် ရှိနေသေးကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လျက်ရှိသည်။
၁၉၉၁ ခုနှစ်မှသည် ၂၀၀၈ ခုနှစ် ပါလီမန် ရွေးကောက်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော အိုလီမှာ အောင်မြင်မှု မရှိခဲ့ပေ။ တစ်ချိန်တုန်းက မော်ဝါဒီကွန်မြူနစ်များ လွှတ်တော် နိုင်ငံရေး၌ ပါဝင်လာခဲ့ပြီးသည့် နောက်တွင် လူထုထောက်ခံမှု များစွာကို ရရှိခဲ့သည်။ သို့ပေမဲ့ မော်ဝါဒီများသည် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက် အခြေခံ ဥပဒေနှင့်အညီ နိုင်ငံကို ပြန်လည် တည်ဆောက်ရေး ပြုလုပ်မည်ဟူသော ကြွေးကြော်သံများကြောင့် အိုလီသည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ရောက်ရှိခဲ့သည်။ ဤသို့ဖြင့် အိုလီ၏ နီပေါကွန်မြူနစ် ပါတီသည် နီပေါလွှတ်တော်တွင် အရေးပါသော အခန်းကဏ္ဍတစ်ခုကို ရရှိခဲ့သည်။
ယမန်နှစ်က ပါတီ၏ ခေါင်းဆောင်နေရာကို ရယူထားသော အိုလီသည် ပြည်နယ်ခွဲထွက်ရေးများကို တောင်းဆိုနေသည့် ဆန္ဒပြသူများကို နီပေါနိုင်ငံ၏ လူမှုရေးဆိုင်ရာ ဟန်ချက်ပျက်စီးအောင် လုပ်ဆောင်နေကြသူ ဖြစ်ကြောင်း၊ လူမျိုးရေး ဖြစ်တည်မှုများကို တောင်းဆိုနေခြင်းမှာ အန္တရာယ်ကြီးမားသော စကားလုံး ကစားနည်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးသည့်နောက် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရသော နီပေါနိုင်ငံတွင် ပြန်လည် ပြုပြင်ရေး လုပ်ငန်းများကို ပြုလုပ်ရန် နီပေါ အစိုးရအနေဖြင့် များစွာခက်ခဲခဲ့သည်။ ထို့ထက်ပို၍ ခက်ခဲသည်က နိုင်ငံရေး အကျပ်အတည်းများကို ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ် ဖြစ်သည်။
နီပေါပြည်သူများက ပျက်စီးဆုံးရှုံးခဲ့ရသော အပိုင်းအစများကို တစ်စစီ ကောက်ယူပြီး အသစ်တစ်ဖန် တည်ဆောက်ရေးအတွက် ကြိုးပမ်းရန် ဆုံးဖြတ်ထားကြသလို နိုင်ငံရေး သမားများ အနေဖြင့်လည်း အတိတ် နိုင်ငံရေးဖြစ်စဉ်များကို ပြန်လည် သုံးသပ်ပြီး နိုင်ငံ၏ လူမှုနိုင်ငံရေး အခြေအနေများကို ပြန်လည် တည်ဆောက်ရန် လိုအပ်နေကြောင်းကိုလည်း သိမြင်လာကြပြီ ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် အတည်ပြုမှုကြောင့် လူသေဆုံးမှုများရှိသည့် ဆန္ဒပြမှုများ၊ နယ်စပ်ပိတ်ဆို့မှုများ၊ လောင်စာဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံကို ပြန်လည်စည်းလုံး ညီညွတ်စေရန် လုပ်ဆောင်ပေးရမည့် တာဝန်သည် အိုလီပေါ်တွင် ကျရောက်လာပြီ ဖြစ်သည်။










