မဲပြားတွေကို ထပ်လျက်သား ထည့်မယ်လူတစ်ယောက်ကို မဲတစ်ပြားပဲ ခွင့်ပြု တဲ့နေရာမှာ လူတစ်ယောက်တည်းနဲ့ မဲတစ်ပြားထက်ပိုပြီး တစ်ပြိုင်နက် ထည့်သွားတာကို Ballot stuffing လို့ ခေါ်ပါတယ်။ အဲဒီအခေါ်အဝေါ်ဟာ ဟိုးရှေးယခင်ကတည်းက တစ်ပြားထက်ပိုတဲ့ မဲတွေကို ထပ်လျက်သား ပူးပြီး ထည့်သွားတာကို ခေါ်ဆိုရာကနေ ဖြစ်လာတာပါ။အဲဒီလို မဲပြားတွေ ထပ်လျက်သားထည့်တာဟာ မှတ်တမ်းတင်တာကို ဘယ်လောက်ကောင်းကောင်း ကိုင်တွယ်နိုင်သလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။ ရွေးကောက်ပွဲစနစ် အများစုမှာ မဲထည့်ဖို့ တကယ်ရောက်လာတဲ့ လူအရေအတွက်ဟာ ထည့်သွားတဲ့ မဲပြားအရေအတွက်နဲ့ ကိုက်ညီရပါတယ်။ မသမာမှုတွေလုပ်ဖို့ ခက်ခဲသွားအောင် ပြင်ဆင်ထားတာပါ။ အမေရိကန်ပြည်ထောင်စုတစ်ဝန်းက ရွာငယ်လေးတွေမှာလုပ်တဲ့ ရွေးကောက်ပွဲတွေမှာတော့ မဲတစ်ပြားထည့်ဖို့ကိုပဲ မဲပုံးနှစ်ပုံး ထားပါတယ်။ မဲပြားပေါ်မှာ အမှတ်အသားတွေ လုပ်ပြီးတဲ့အခါ မဲစာရွက်ကို ခေါက်ချိုးချိုးပြီး အလယ်ကနေ ဖြဲလိုက်ရပါတယ်။ ခေါင်းပိုင်းကို မဲပုံးတစ်ပုံးမှာ ထည့်ပြီး ကျန်တဲ့အပိုင်းကို တခြားပုံးမှာ ထည့်ရပါတယ်။ မဲပြားရဲ့ ခေါင်းပိုင်းအရေအတွက်နဲ့ ကျန်တဲ့ပုံးမှာရှိတဲ့ အမှတ်အသားလုပ်ထားတဲ့ မဲပြားအရေအတွက် ကိုက်ညီမှုရှိရပါတယ်။ မဲထပ်လျက် ထည့်သွားတာကို ကာကွယ်ဖို့ပါ။ တကယ်တော့ မဲပြားထပ်လျက် ထည့်သွားဖို့ဆိုတာကလည်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကိုယ်တိုင်က မသမာလို့သာ လုပ်လို့ရတာပါ။Ballot stuffing ကို တခြားပုံစံတွေ အများကြီးနဲ့လည်း လုပ်လို့ရပါသေးတယ်။ တစ်မဲထက် ပိုထည့်သူဟာ မဲရုံကို လာမထည့်နိုင်သူတွေရဲ့ ကိုယ်စားမဲထည့်ပေးရတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကွယ်လွန်သွားတာ ကြာပြီဖြစ်တဲ့လူတွေ ဒါမှမဟုတ် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို တကယ်မရှိဘဲ လုပ်ကြံဖန်တီးထားတဲ့ လူတွေရဲ့ နာမည်နဲ့မဲတွေ ထည့်တာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလိုလုပ်တာမျိုးကို Personation လို့ ခေါ်ပါတယ်။ ရှေးယခင်ကဆိုရင် မှတ်တမ်းမှတ်ရာတွေကလည်း အားနည်းတော့ လူသာသေသွားတယ်၊ နာမည်က မသေဘူး။ အဲဒီ မသေသေးတဲ့နာမည်နဲ့ မဲတွေထည့်ကြတော့တာပဲ။ ကွယ်လွန်သွားသူတွေရဲ့ မိသားစုဝင်တွေက သူတု့ိထောက်ခံတဲ့ပါတီကို ကူညီဖို့ ဒါမှမဟုတ် ငွေကြေးရရှိဖို့ သေသွားတဲ့သူတွေရဲ့ နာမည်ကို အသုံးချကြတာပါ။မဲတွေကို မှားယွင်းပြီး မှတ်တမ်းတင်မယ်ရွေးကောက်ပွဲတော်တော်များများမှာ မသမာတဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ အကူတွေအတွက် မဲဆန္ဒရှင်တွေ ရည်ရွယ်တဲ့သူမဟုတ်ဘဲ တခြားသူကို မှားယွင်း မှတ်တမ်းတင်လိုက်ဖို့ အခွင့်အလမ်းပေါင်းစုံ ရှိနေတတ်ပါတယ်။ မဲပေးရာမှာ အကူအညီလိုတဲ့လူတွေဟာ ဒီလိုနည်းတွေနဲ့ မဲခိုးခံရဖို့ ပိုပြီးဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ မျက်မမြင်တစ်ယောက် ဒါမှမဟုတ် မဲပြားပေါ်မှာ ရေးထားတဲ့ ဘာသာစကားကို မဖတ်တတ်တဲ့သူတစ်ယောက်ကို သူထည့်ချင်တဲ့ ပါတီ/ကိုယ်စားလှယ်မဟုတ်ဘဲ တခြားသူကို ထည့်မိသွားအောင် အကူတွေက လမ်းလွှဲနိုင်ပါတယ်။ ဒီလိုနည်းဟာ ကိုယ်စားထည့်တဲ့မဲကို အလွဲသုံးစားလုပ်ခြင်းနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ လူတစ်ဦးရဲ့ကိုယ်စား တခြားသူက မဲပေးတာထက်စာရင် အဲဒီလူကိုပဲ ကိုယ်တိုင်မဲပေးဖို့ တခြားတစ်ယောက်က ကူညီတာမျိုးပါ။မဲတွေကို အီလက်ထရွန်နစ် ဒါမှမဟုတ် တခြားစက်ကိရိယာတွေနဲ့ မှတ်တမ်းတင်မယ်ဆိုရင် လူတစ်ယောက်ကို ရည်ရွယ်ပြီး ထည့်ထားတဲ့ မဲကို တခြားတစ်ယောက်အတွက် ပြောင်းလဲပြီး မှတ်တမ်းတင်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ကိုယ်စားမဲတွေကို အလွဲသုံးစားလုပ်မယ်မဲထည့်ပေးတဲ့သူအပေါ်မှာ ဘယ်လောက် ယုံကြည်ရသလဲဆိုတဲ့အပေါ် မူတည်ပြီး အထူးသဖြင့် ကိုယ်စားမဲတွေဟာ ရွေးကောက်ပွဲ မသမာမှုလုပ်ဖု့ိ ပိုပြီး ဖြစ်နိုင်ပါတယ်။ နိုင်ငံများစွာမှာ အငြိမ်းစားတွေနေတဲ့ အိမ်ရာတွေကိုလာပြီး မဲပေးတဲ့ပုံစံတွေကို ဖြည့်ခိုင်းတယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပါတယ်။ အဲဒီပုံစံတွေကို လက်မှတ်ထိုးခိုင်းပြီး စုဆောင်းသွားတယ်။ ပြီးတော့ အဲဒီပုံစံတွေကိုယ်စား မဲတွေအဖြစ် ထည့်သွင်းလိုက်တယ်။ ပါတီတစ်ခုရဲ့ တက်ကြွလှုပ်ရှားသူတွေ ဒါမှမဟုတ် ယူသွားတဲ့သူတွေရဲ့ မိတ်ဆွေ/ဆွေမျိုးတွေကို ကိုယ်စားလှယ်တွေအဖြစ် အမည်တပ်လိုက်တယ်။ အဲဒီသူတွေဟာ တကယ်တော့ မဲဆန္ဒရှင်ကိုတောင် မသိပါဘူး။ အဲဒီမဲဆန္ဒရှင်ကို အသုံးချပြီး သူတို့ကြိုက်တဲ့ပါတီကို မဲပေးသွားတာပါ။ ဒီလိုလှည့်ဖြားမှုက စိတ်ထဲမှာ ဘာမှမရှိတော့တဲ့ ဒါမှမဟုတ် ဦးနှောက်ယိုယွင်းမှု ဝေဒနာခံစားနေရတဲ့ ဘိုးဘွားရိပ်သာလို နေရာမျိုးတွေမှာ နေထိုင်နေသူတွေကို အထူးသဖြင့် အသုံးချနိုင်ပါတယ်။မဲပြားတွေကို ဖျက်ဆီးမယ်ဒါမှမဟုတ် ပယ်မဲဖြစ်အောင် လုပ်မယ်ရွေးကောက်ပွဲ မသမာမှုတွေထဲမှာ အရိုးရှင်းနည်းတစ်ခုကတော့ သူတို့မကြိုက်တဲ့ ပါတီ/ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားတဲ့ မဲတွေကို ဖျက်ဆီးပစ်လိုက်တာပါပဲ။ တကယ်ဆိုရင် ဒီမိုကရေစီစနစ် ခိုင်မြဲနေတဲ့ နိုင်ငံတွေမှာ ဒါမျိုးကို တွေ့ရလေ့မရှိပါဘူး။ဒီမိုကရေစီစနစ် နေသားကျနေတဲ့နိုင်ငံတွေမှာ ဒါမျိုးဖြစ်အောင် လူတွေကို လှည့်စားရခက်ခဲလွန်းလို့ပါပဲ။ ဒါပေမဲ့ နိုင်ခြေ မတိမ်းမယိမ်းရှိနေတဲ့ ရွေးကောက်ပွဲတစ်ခုမှာ မဲပြားအနည်းငယ်ကို ဖျက်ဆီးပစ်လိုက်ရုံနဲ့ ရွေးကောက်ပွဲရလဒ်ဟာ ပြောင်းလဲသွားနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ် မဲပြားတွေကို ဗြောင်ကျကျ ဖျက်ဆီးပစ်လိုက်တာဟာ ရွေးကောက်ပွဲကို တရားမဝင် ဖြစ်သွားစေပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ဖိအားပေးတာမျိုးနဲ့ ကြုံ တွေ့ရပါလိမ့်မယ်။ ပါတီတစ်ခုဟာ ပြန်လည်ကျင်းပတဲ့ ရွေးကောက်ပွဲမှာမှ ပိုပြီး အခြေအနေကောင်းနိုင်တယ်လို့ ယူဆရင် အဲဒီလိုရွေးကောက်ပွဲ ပြန်လည်ကျင်းပတာကနေ အကျိုးအမြတ် ရယူသွားနိုင်ပါတယ်။မဲတွေကို ဖျက်ဆီးပစ်တဲ့နေရာမှာ ပိုသိမ်မွေ့ပြီး အလွယ်တကူ အောင်မြင်အောင် လုပ်နိုင်တဲ့နည်းကတော့ မဲပေးသူကိုယ်တိုင်မသိဘဲ သူ့မဲက ပယ်မဲဖြစ်သွားအောင် လုပ်တဲ့နည်းပါပဲ။ မဲပြားစာရွက်ပေါ်မှာ အမှတ်အသား နောက်ထပ်တစ်ခုဖြစ်အောင် လုပ်လိုက်တဲ့ အခါ / လုပ်မိတဲ့အခါ မဲပေးသူဟာ သူပေးရမယ့် ကိုယ်စားလှယ်အရေအတွက်ထက် ပိုပြီးပေးထားတဲ့ သဘောရောက်သွားပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိအောင် သူများမဲပြားတွေကို ပယ်မဲဖြစ်အောင် လုပ်ဖို့တော့ ခက်ခဲပါတယ်။ ဒါပေမဲ့ မဲပေးပုံနည်းလမ်းတွေ ရှုပ်ထွေးအောင်လုပ်ပြီး လူတစ်ယောက်ရဲ့မဲကို အလိုအလျောက် ပယ်မဲဖြစ်သွားအောင် ကြို တင်စီစဉ်ထားမှုတွေ ရှိနိုင်ပါတယ်။ပါလီမန်အတွင်း မဲမသမာမှုများမဲပေးရာမှာ မသမာမှုတွေက ပါလီမန်အတွင်းမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ တစ်နိုင်ငံလုံးမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ သုံးနိုင်တဲ့ ခြိမ်းခြောက်ခြင်းနဲ့ မဲဝယ်ခြင်းဆိုတဲ့ ပုံစံတွေကို ပါလီမန်ထဲမှာလည်း ဆက်ပြီး သုံးနိုင်ပါတယ်။ ပါလီမန်ထဲမှာ မဲပေးရတဲ့ ကိုယ်စားလှယ်အရေအတွက် နည်းနည်းလေးဆိုတော့ တစ်နိုင်ငံလုံးမှာလုပ်တဲ့ ရွေးကောက်ပွဲထက် ပိုလို့ အတိမ်းအစောင်းမခံပါဘူး။ ကိုယ်စားလှယ်အနည်းငယ်ရဲ့ မဲက တစ်ဖက်ကို ယိမ်းသွားတာနဲ့ ရလဒ်က ပြောင်းလဲသွားမယ်။ ဥပမာအနေနဲ့ ၁၉၃၃ ခုနှစ်မှာ အဒေါ့ဟစ်တလာက အာဏာရှင်အဖြစ် အာဏာရယူနိုင်ဖို့ Enabling Act ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းဖို့ လိုနေပါတယ်။ အဲဒီအတွက် ပါလီမန်ထဲမှာ မဲသုံးပုံနှစ်ပုံ ရဖို့လိုပါတယ်။ ဒီတော့ ဟစ်တလာက အတိုက်အခံကိုယ်စားလှယ်တွေကို ဖမ်းဆီးပစ်လိုက်ပါတယ်။ အဲဒီတော့ နာဇီပါတီဝင်တွေရဲ့ မဲတွေနဲ့ ဟစ်တလာဟာ ဥပဒေကို အတည်ပြုနိုင်ခဲ့ပါတယ်။နိုင်ငံများစွာက ပါလီမန်တွေမှာ မဲပေးရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာလို လျှို့ဝှက်စနစ်နဲ့ မဟုတ်ဘဲ ဗြောင်စနစ်နဲ့ မဲပေးရပါတယ်။ အဲဒီစနစ်ကြောင့်ပဲ ရွေးကောက်ပွဲ မသမာမှုတချို့လုပ်ဖို့ ပိုပြီးဖြစ်နိုင်သွားစေပါတယ်။ ကိုယ်စားလှယ်တစ်ယောက်ဟာ ဘာကိုမဲပေးသလဲဆိုတာ လူသိရှင်ကြားဖြစ်နေတာမို့ သူဘာကို မဲပေးမလဲဆိုတာ ကြိုသိနေတဲ့ တခြားသူတွေက အဲဒီကိုယ်စားလှယ်ကို ဖိအားပေးနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုနဲ့ မီဒီယာတွေကတော့ ကိုယ်စားလှယ်တစ်ယောက်ဟာ သူပေးသင့်တဲ့ မဲကို မပေးဘဲ မမျှော်လင့်ထားတဲ့ဘက်ကို ပေးခဲ့တယ်ဆိုတာ ဗြောင်သိမြင်နိုင်တာမို့ အဲဒီလိုပေါ်တင်မဲစနစ်ဟာ လာဘ်စားမှုနဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကို အထိုက်အလျောက်တော့ ကာကွယ်နိုင်ပါတယ်။တစ်နိုင်ငံလုံးမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေလိုပဲ ပါလီမန်အတွင်းက မဲပေးမှုကလည်း တချို့မသမာမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တချို့ပါလီမန် မဲပေးတဲ့စနစ်တွေမှာ ပါတီတွေအနေနဲ့ ပါလီမန်ကို မတက်ရောက်နိုင်တဲ့ တခြားသူတွေရဲ့ကိုယ်စား မဲပေးခွင့်ရှိပါတယ်။ဒီစနစ်က ပါလီမန်ကို တက်ရောက်ခွင့်မရအောင် ပိတ်ဆို့ခံထားရတဲ့ ကိုယ်စားလှယ်တွေရဲ့မဲတွေ မဆုံးရှုံးရအောင် ကာကွယ်ထားတာပါ။ အဲဒီလိုမတက်ရောက်နိုင်တဲ့ ကိုယ်စားလှယ်ရဲ့ဆန္ဒကို ဆန့်ကျင်ပြီး မဲမပေးနိုင်အောင် သူ့ပါတီကို ကိုယ်စားမဲပေးခွင့်ပြု ထားတာပါ။ တချို့ပါလီမန်တွေမှာတော့ ကိုယ်စားမဲပေးခြင်းကို ခွင့်မပြုပါဘူး။ ဒါပေမဲ့ တချို့ကိုယ်စားလှယ်တွေဟာ ပါလီမန် မတက်ရောက်တဲ့ ကိုယ်စားလှယ်တွေရဲ့ မဲကို တစ်နည်းနည်းနဲ့ ခလုတ်ခိုးနှိပ်ပြီး မသမာမှုတွေလည်း လုပ်တတ်ပါတယ်။ရွေးကောက်ပွဲ မသမာမှုတွေကို ဘယ်လိုကာကွယ်ကြမလဲလူထုအတွင်းမှာ ရွေးကောက်ပွဲ မသမာမှုတွေကို ကာကွယ်ဖို့ အဓိက မဟာဗျူဟာနှစ်ရပ် ရှိပါတယ်။ ပထမမဟာဗျူဟာကတော့ မသမာမှုတွေကို အဆက်မပြတ် ထိထိရောက်ရောက် တရားစွဲဆိုမှုပါပဲ။ ဒုတိယမဟာဗျူ ဟာကတော့ ခြစားမှုတွေကို ရွံမုန်းတဲ့ ဓလေ့ထုံးတမ်းကို ပျိုးထောင်ပေးဖို့ပါ။နည်းဗျူဟာအနေနဲ့ပြောရရင်တော့ ရွေးကောက်ပွဲမသမာမှုတွေကို ကာကွယ်ဖို့ အဓိကဗျူဟာနှစ်ခုရှိပြီး အဲဒီနှစ်ခုဟာ ဆန့် ကျင်ဘက်ဖြစ်လို့ နေပါတယ်။ ပထမတစ်ခုက လျှို့ဝှက်ခြင်းဖြစ်ပြီး ဒုတိယတစ်ခုက ပွင့်လင်းမြင်သာခြင်းဖြစ်ပါတယ်။ကိုယ်ဘယ်သူ့ကို မဲထည့်ခဲ့သလဲဆိုတာ ဘယ်သူမှမသိအောင် လျှို့ဝှက်စနစ်နဲ့ မဲပေးခြင်းက ခြိမ်းခြောက်ခြင်းနဲ့ မဲဝယ်ခြင်းဆိုတဲ့ မဲမသမာမှုတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မဲပေးခြင်းကလွဲလို့ တခြားရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအားလုံးမှာတော့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို ပွင့်လင်းမြင်သာမှုရှိမှသာ မသမာမှုတွေနဲ့ ဝင်ရောက်စွက်ဖက်တာကို ကာကွယ်ဖို့နဲ့ စုံစမ်းတွေ့ရှိရဖို့ လွယ်ကူမှာဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
နိုင်မယ်လို့ အပိုင်တွက်နေပြီလား (၁) ကို ဖတ်ရှူရန် >>>>>>>
နိုင်မယ်လို့ အပိုင်တွက်နေပြီလား (၂) ကို ဖတ်ရှူရန် >>>>>>>










