ဖိအားအောက်မှာ အလုပ် လုပ်နိုင်ပါစေ

ဖိအားအောက်မှာ အလုပ် လုပ်နိုင်ပါစေ
Published 12 October 2015
မောင်တင်ဦး(မြောင်းမြ)

ဘဝအစ နင်းမိခြင်း
လူငယ်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဘဝရဲ့အစကို နင်းမိကြပြီ။ ရှေ့မှာ ရှည်လျားတဲ့ ဘဝလမ်းက မှန်းဆရ ခက်နေတယ်။ ဖြောင့်တန်းသလား။ ကွေ့ကောက်သလား။ အမြင့် တက်ရမှာလား။ အနိမ့်ဆင်း ရမှာလား။ ဖဲမွေ့ရာလား။ ဆူးခင်းလမ်းလား။ ဘယ်လိုသော ဘဝလမ်း ဖြစ်နေပါစေ။ အစကို နင်းမိမှ အဆုံးထိ လျှောက်ရတော့မယ်။ ဒါဟာ လူတစ်ယောက်အတွက် ရှောင်လွှဲလို့ မရတဲ့ သဘာဝပဲ။ ထို့အတူ ရှေ့မှာ တွေ့သမျှ အဆိုးအကောင်း အားလုံးကို ခံစားရမယ်။ စံစားရမယ်။ အကောင်းတွေကို မျှော်လင့်ရင်း အဆိုးတွေကို ရင်ဆိုင်ရမယ်။ ဒီဘ၀ ခရီးလမ်း မဆုံးမချင်း ကောင်းလိုက်၊ ဆိုးလိုက် လောကဓံကို  ရင်ဆိုင်ပေတော့။
ဖိအား
ဖိအား အမျိုးမျိုးရှိတယ်။ အကြမ်းဖျင်း သိသလောက် ရေးပြရရင် လေဖိအား၊ ရေဖိအား၊ ဝန်ဖိအား စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိအားများ၊ နောက်တစ်မျိုးက စိတ်ဖိအား။ ရုပ်ဖိအားက အခြေအနေကို လိုက်ပြီး ကောင်းတာလည်းရှိ၊ ဆိုးတာလည်းရှိ။ လေဖိအားနဲ့ အတော်များများ အလုပ်ကို လွယ်လွယ်ကူကူ လုပ်နိုင်တယ်။ လုပ်သားအများကြီး သုံးရမယ့် ဝန်ချီစက် တွေနေရာမှာ လေဖိအားသုံး ကိရိယာတွေနဲ့ အလွယ်လေး ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်လာရင်တော့ မကောင်းဘူး။ မုန်တိုင်းဖြစ်တော့မယ်။ အန္တရာယ် ဖြစ်စေတယ်။
ထို့အတူ ရေဖိအားနဲ့ လျှပ်စစ်ဓာတ် ထုတ်နိုင်တယ်။ ဒါပေမဲ့ ရေဖိအားကြောင့် လယ်တွေ၊ အိမ်တွေ ရေမြုပ် နိုင်ပြန်တယ်။လူ့ခန္ဓာကိုယ်မှာလည်း Pressure တက်တယ်ဆို သွေးတိုးတာ။ ၁၂၀/၈၀ ထက်ကျော်ပြီဆို သတိထားရပြီ။ လေဖြတ်တော့မယ်။ ဦးနှောက် သွေးကြောပြတ် နိုင်တယ်။ ဆိုတော့ ဖိအားဆိုတာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေတယ်။ ဒါဆို ဖိအားကို ရှောင်လို့ရ မလား။ မရဘူး။ လူတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာ ဖိအားတွေထက် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေက ပိုများတယ်။ အိမ်ရှင်မ တစ်ယောက်အနေနဲ့ ဈေးဖိုး ပိုက်ဆံကို လောက်ငအောင် စားကောင်းအောင် သားအကြိုက်၊သမီးအကြိုက်။ အိမ်ဦးနတ် အကြိုက် ဖြစ်အောင် စီစဉ် ဝယ်ခြမ်းရတာလည်း ဖိအားရှိတာပဲ။ ကျောင်းသား တစ်ယောက်အတွက် အိမ်စာပြီးအောင်၊ ဆရာမရှေ့မှာ အပြစ်မဖြစ်အောင်၊ စာမေးပွဲ ကောင်းကောင်း ဖြေနိုင်အောင်၊ ဒါတွေကလည်း သူ့အတွက် ဖိအားတွေပဲ။
ဝန်ထမ်း တစ်ယောက်အနေနဲ့ အလုပ်ကို အချိန်မှန် ရောက်ဖို့၊ လူကြီး မငြိုငြင်ဖို့။ (အလုပ်ဝတ္တရား ကျေပွန်ဖို့ထက် လူကြီး မငြိုငြင်ဖို့က ပိုအရေးကြီးတယ်။) ရာထူးတိုး စာမေးပွဲ အောင်မြင်ဖို့၊ ဒါတွေကလည်း ဝန်ထမ်း တစ်ယောက်အတွက် ဖိအားတွေပဲ။
ဘောလုံးပွဲ တွေမှာလည်း ဖိအားဟာ အတော် အရေးကြီးတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ချယ်လ်ဆီး နည်းပြ မော်ရင်ဟိုဟာ ရှုံးပွဲတွေများလာရင် သူ့မှာ ဖိအားတွေ ရှိလာတယ်။ နောက်တစ်ပွဲနိုင်အောင် ဘယ်လို နည်းစနစ်ကို သုံးမလဲ။
ဆိုတော့ လူတိုင်း ကိုယ်စီမှာ ဖိအားတွေက ရှိနေတယ်။ သောက ရောက်တတ်သူ၊ စိတ်ပူပင်တတ်သူမှာ ဖိအားက ပိုများတတ်တယ်။ ပေါ့ပျက်ပျက်နေသူ၊ ရူးနေသူတွေမှာသာ ဖိအား မရှိဘူးလို့ ဆိုရမယ်။ ဒါတောင် ထင်မှတ်မထားတဲ့ ဖိအားက ရှိနေဦးမှာ။ ပေါ့ပျက်ပျက်နေသူကို ကြွေးရှင် က အကြွေး ပြန်ဆပ်ရမယ့်နေ့ သတ်မှတ်ပေးလိုက်ရင် သူ့အတွက် ဖိအား ဝင်သွားတာပဲ။ ပြန်ဆပ်နိုင်တဲ့ အခြေအနေမှ မရှိတာကိုး။
ယနေ့ မျက်မှောက်ကာလဟာ ဈေးကွက် စီးပွားရေးကို ကျင့်သုံးတဲ့ စီးပွားရေးစနစ် ဖြစ်တယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ အရည်အချင်း ဦးစားပေးလာတယ်။ ဒီအခြေအနေမှာ ဖိအားတွေ ဝင်လာကြတယ်။ ဖိအားတွေ များလာတယ်။ ဒီဖိအားတွေရဲ့ ဒဏ်ကို ယနေ့ခေတ် လူငယ်တွေ ပိုရင်ဆိုင်လာရတယ်။
မြန်မာလူငယ် အတော်များများဟာ အလုပ်ကို ပြင်းပြင်းထန်ထန် မလုပ်ချင်ကြဘူး။ ပေါ့ပေါ့ပါးပါး လုပ်ချင်ကြတယ်။ သဲကားပေါ်ကို သဲဆွဲတင်၊ မှာတဲ့ဆိုက် (Site) ထဲလိုက်ပို့တဲ့ အလုပ်ကိုလုပ်တဲ့ လူငယ်တစ်ယောက်။ သဲဒိုင်က သဲတွေကားပေါ် တင်ပြီးတာနဲ့ ကားပေါ်က သဲပေါ်မှာ ပုဆိုးပိုင်း ခင်းပြီး အိပ်တော့တာပဲ။ နေက ကျဲကျဲတောက် ပူနေတာ မျက်လုံးပေါ် ဦးထုပ်တင်ပြီး အိပ်တယ်။ အိပ်ပျော် မပျော်တော့ မသိဘူး။ ရသမျှအချိန် အခွင့်အရေး ယူချင်နေတာတော့ သေချာတယ်။ အလုပ်သဘာဝအရ အုတ်သယ်၊ သဲသယ်၊ ဘိလပ်မြေသယ်၊ အလုပ်က ပင်ပန်းတယ်။ အဲဒီပင်ပန်းမှုကို ခံနိုင်ပေမယ့် အချောင် ခိုချင်တဲ့ စိတ်ကို မဖျောက်နိုင်ဘူး။
နိုင်ငံခြားထွက် အလုပ်လုပ်ကြတဲ့ လူငယ်တွေဟာ ပင်ပန်းတယ်ဆိုကာ ပြန်လာကြတယ်။ ဘာပင်ပန်းတာလဲ။ အလုပ်သဘာ၀ ပြင်းထန်တဲ့ အလုပ်ကို လုပ်နိုင်ပေမယ့် အချောင်ခိုဖို့ အချိန်မရှိတာကို သူတို့သည်းမခံနိုင်ဘူး။ အချိန်အားတာနဲ့ တစ်နေရာမှာ ချောင်ခိုပြီး အိပ်လိုက်ချင်တယ်။ မှေးလိုက်ချင်တယ်။
ဒါ့အပြင် အခြေအနေတစ်ခုခု ကြောင့် ဦးနှောက်သုံးရမယ်။ ပြဿ နာတစ်ခုခုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရမယ်။ ဒီလိုမျိုးဖိအားရှိလာ ရင် ထွက်ပြေးဖို့ပဲစဉ်းစားကြတယ်။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပင်ပင် ပန်းပန်းမစဉ်းစားချင်ကြဘူး။ လူပင် ပန်းတာထက် စိတ်ပင်ပန်းတာမခံ ချင်ကြဘူး။
ဒီလို လူငယ်တွေ ရှိနေတယ်ဆိုတာ ရိပ်စားမိလာတဲ့ လုပ်ငန်းရှင်တွေက ‘ဖိအား’ များအောက်မှာ အလုပ်လုပ်နိုင်သူ (be able to work under pressure) ကို သီးသန့် ရှာဖွေလာရတယ်။ အလုပ်နည်းနည်း ပင်ပန်းပြီး ဖိအား ရှိလာပြီဆိုရင် အချို့ဝန်ထမ်းတွေ ထွက်ပြေး ကုန်ကြတယ်။ အလုပ်ပြောင်း ကုန်ကြတယ်။
ဖိအားကို ဘယ်လို ရင်ဆိုင် ဖြေရှင်းမလဲ။
ဖိအားဟာ သဘာဝမှာလည်း ရှိတယ်။ နေရာတိုင်းမှာ ရှိနေသလို၊ လူတစ်ယောက် ချင်းစီမှာလည်း ရှိနေတယ်။ လူတိုင်းဟာ ဖိအားကို ဖြေရှင်းတာထက် ထွက်ပြေး ကြတာ များတယ်။ အဲဒီလိုလူမျိုးဟာ ဘယ်တော့မှ အောင်မြင်သူ ဖြစ်လာမှာ မဟုတ်ဘူး။
မန်ယူနည်းပြဟောင်း ဖာဂူဆန်၊ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါး၊ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုတို့ဟာ ဖိအားကြားမှာ အောင်မြင်မှုကို ရှာနေသူတွေ ဖြစ်တယ်။ ဖိအားပြင်းထန်လေ သူတို့ရဲ့ နည်းဗျူဟာ၊ အရည်အချင်း ပိုမို တောက်ပြောင် ပြောင်မြောက်လေပဲ။ အလွယ်တကူ လက်လျှော့ အရှုံးပေးတတ် သူတွေမဟုတ်ဘူး။ နယူတန်ရဲ့ နိယာမအရ ဖိအားများလေ ရုန်းကန်မှု များလေလေ ဖြစ်ရမယ်။
ဆိုတော့ ဖိအားလို့ သဘောမထားပဲ လုပ်ငန်း သဘာဝလို့ သဘောထားလိုက်ရင် နည်းနည်း အဆင်ပြေ သွားတာပေါ့။ နောက်တစ်ချက်က လုပ်ငန်းခွင်မှာ ဖိအား ရှိလာရင် ထွက်မပြေးနဲ့။ ရင်ဆိုင်လိုက်။ ကိုယ့် အရည်အချင်း စမ်းသပ်နေတာ ဖြစ်လို့ ကိုယ့်အရည်အချင်း ကျမသွားစေနဲ့။ အရည်အချင်းကို ပြသခွင့်ရလိုက်တဲ့ အခွင့်အရေးတစ်ရပ်လို့ သဘောထားလိုက်။ တကယ်လည်း ကိုယ့်အရည်အချင်းကို ပြသနိုင်အောင် ကြိုး စားလိုက်။ လုပ်ပြလိုက်။
တစ်ခါတစ်ရံ မိမိတစ်ယောက်တည်း မဖြေရှင်းနိုင်ရင် မိတ်ဆွေ သူငယ်ချင်းကောင်းကို ရင်ဖွင့်ပြ။ ဖွင့်ဟ တိုင်ပင် အကြံဉာဏ်တောင်း ဒါဟာ ရှက်စရာမဟုတ်ဘူး။ ဖိအားကို ဖြေရှင်းဖို့ ဗျူဟာတစ်ရပ် ဖြစ်တယ်။ ဖွင့်ဟ မတိုင်ပင်ဘဲ ကျိတ်မှိတ် ဖြေရှင်းတာဟာ ဖိအားကို ပိုကြီးထွားစေတယ်။ စိတ်ဖိစီးမှု ပိုကြီးစေတယ်။ ကိုယ်ပြဿနာ ကိုယ်ဘာသာ ဖြေရှင်းမယ်ဆိုတဲ့ စိတ်မျိုးကို နေရာတကာ မထားရဘူး။ ထွက်ပေါက် (Out Let) ထားရတယ်။ မျှေ၀ ခံစားရတယ်။ ဒါမှ ဖိအားဒဏ် လျော့ပါးသွားမှာ။
ဒါကြောင့် နိုင်ငံတကာနဲ့ ရင်ပေါင် တန်းနိုင်ဖို့ဖြစ်စေ၊ မိမိ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ ဖြစ်စေ၊ မိမိ ဘဝတစ်လျှောက် အောင်မြင်ဖို့ ဖြစ်စေ၊ တွေ့လာသမျှ ဖိအားများကို မှန်ကန်စွာ ဖြေရှင်းနိုင်ရမယ်။ ရင်ဆိုင်နိုင်တဲ့ သတ္တိ၊ ကိုယ်ခံစွမ်းအား ဖြည့်ဆည်းထားရမယ်။ ဖိအားမရှိတဲ့ အရပ်ဆိုတာ မရှိဘူး။
ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့ဝေါဟာရကို ဘယ်သူက မြွက်ဟ လိုက်တာလဲ မသိဘူး။ အတော်များများ ပုဂ္ဂိုလ်တွေက နေရာ အတော်များများမှာ သုံးစွဲနေကြတယ်။ မှန်တယ်လို့လည်း ထင်ကြတယ်။ တစ်ချိန်တစ်ခါက မှန်ကောင်း မှန်လိမ့်မယ်။ ခုခေတ်မှာတော့ ဒီစကားဟာ မမှန်တော့ဘူး။
ပရဟိတခေတ်
ခုခေတ်က ပရဟိတ ခေတ်ကို ရောက်လာပြီ။ တစ်ယောက်တည်း နေတဲ့ခေတ်၊ တစ်နိုင်ငံတည်း ရပ်တည်တဲ့ခေတ် မဟုတ်တော့ဘူး။ ကိုယ့်မှာ ဒုက္ခဖြစ်လို့ ကယ်သူမဲ့ အထီးကျန် ခံစားနေရတဲ့ ခေတ်မဟုတ်တော့ဘူး။ အသိုင်းအဝိုင်းနဲ့ နေတယ်။ ပတ်ဝန်းကျင် ရှိတယ်။ သူကိစ္စ၊ ကိုယ့်ကိစ္စ ခွဲမနေတော့ဘူး။ တိုးလျှိုပေါက် ပွင့်လင်းတဲ့ လူမှုဆက်ဆံရေး ကာလရောက်လာပြီ။ သူကိစ္စ ကိုယ့်ကိစ္စ ဆိုတာထက် ကိစ္စကို ဖြေရှင်းရေးသာ အဓိက ဖြစ်လာပြီ။ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရေဘေးကို ပြည်သူတွေ တက်ညီလက်ညီ ဝိုင်းဝန် ဖြေရှင်း ပြသွားတာ ထင်ရှားတဲ့ သာဓကပဲ။
ဖိအား များလာလို့ စိတ်ဓာတ် ကျစရာမလိုဘူး။ အဲဒီ ဖိအားကို ရင်ဖွင့် ပြလိုက်ဖို့ပဲ လိုတယ်။ အချို့နိုင်ငံတွေမှာ Counselling ခေါ်တဲ့ အကြံပေး Centre တွေရှိတယ်။ အကြံပေး ပညာရှင်တွေ ရှိတယ်။ ထိုသူတို့ထံ သွားရောက်ပြီး မိမိရင်ဆိုင်နေရတဲ့ ဖိအား၊ အခက်အခဲတွေကို ရင်ဖွင့် တိုင်ပင်နိုင်တယ်။ အကြံဉာဏ် ရယူ နိုင်တယ်။ ဒီနည်းနဲ့လည်း ဖိအားကို ဖြေရှင်းနိုင်တယ်။
နောက်တစ်နည်းက ဖိအားကို မိမိအတွက် လေ့ကျင့်ခန်း အသစ်များအဖြစ် မှတ်ယူနိုင်ရမယ်။ ဖိအားအသစ်များ အတွေ့အကြုံသစ်များဟာ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ မိသားစုမှာဖြစ်ဖြစ် တစ်နည်းနည်းနဲ့ တွေကြုံနေရမှာပဲ။ တွေ့ကြုံတိုင်းသာ တုန်လှုပ်နေရရင် နေစရာ နေရာတောင် ရှိမှာ မဟုတ်ဘူး။ ဖိအား အသစ်တိုင်းကို သင်ခန်းစာ အသစ်လို့ မှတ်ယူရင်း ရင်ဆိုင် ဖြေရှင်းနိုင်အောင် ကြိုးစားရမယ်။ တုန်လှုပ်ခြင်း ကင်းမဲ့တဲ့ တည်ငြိမ်ခြင်းဟာ ဖိအားကို တွန်းလှန်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ။
ယနေ့လူသားတွေ ကမ္ဘာပေါ်မှာ တည်မြဲ နေနိုင်တာဟာ ကမ္ဘာမြေ ဆွဲအားအပြင် လေဖိအားတွေ ရှိနေလို့ဖြစ်တယ်။ လူအချင်းချင်း ဖိအားတွေရှိလို့။ ထို့အတူ လူအချင်းချင်း ဆွဲဆောင်မှုတွေ ရှိလို့။ ဒီဖိအားတွေ၊ ဆွဲဆောင်မှုတွေဟာ လူ့ဖြစ်စဉ်မှာ မရှိမဖြစ် ရှိနေကြမယ့် အရာများသာ ဖြစ်တယ်။ ဒီဖိအားတွေကို ရှောင်ရှား နေမယ်ဆိုရင် လူ့လောကမှာ နေရာမရှိ ဖြစ်သွားမယ်။
ဒါကြောင့် ဖိအားဟာ ကြောက်လန့်စရာ မဟုတ်ဘူး။ ရင်ဆိုင်ရမယ့် အရာသာ ဖြစ်တယ်။ ဖိအားအောက်မှာ အောင်မြင်စွာ အလုပ်လုပ်နိုင်တဲ့ လူငယ်များ ဖြစ်ကြပါစေ။

Most Read

Most Recent