လက်နက်နဲ့ အမှန်တရား

လက်နက်နဲ့ အမှန်တရား
Published 11 October 2015
နီမင်းဆွေ

‘လူတစ်ယောက် အသက်နဲ့ခန္ဓာကိုယ် အိုးစား ကွဲသွားအောင် သေနတ်နဲ့ ပစ်ရဲတာကို သတ္တိရှိတယ်လို့ မခေါ်ပါဘူးကွာ၊ အဲဒီလူကို လမ်းမှန်ပေါ် ရောက်အောင် ဆွဲတင်ချင်တယ် ဆိုရင်လည်း တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုလိုက်တာသာ အမှန်ကန်ဆုံး အကောင်းဆုံး နည်းလမ်းပါပဲ။ အဲဒီလို အမှန်တရားကို ထုတ်ဖော် ပြောဆိုရဲတာကိုမှ တကယ့်သတ္တိလို့ခေါ်တာကွ။ အမှန်ကို သိလျက်နဲ့ ထုတ်မပြောရဲတဲ့ လူတွေ၊ အများတကာတွေ ဖြစ်ချင်ရာဖြစ် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လက်ပိုက်ကြည့် နေတတ်တဲ့လူတွေဟာ အမှန်တကယ်တော့ သတ္တိမရှိတဲ့ လူတွေပဲကွ။ ဒီလူတွေဟာ အလွန်ကြီးလေးတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်နေကြ တာနဲ့ ဘာမှမထူးဘူး။ ကဲပါ အဲဒီသေနတ်ကြီး ငါ့ကို ပေးစမ်းပါကွာ’ဆိုတဲ့ စကားတစ်ခွန်း ပြောသွားတာကို ကြားခဲ့ဖူးပါတယ်။ အဲဒီစကားကတော့ ၁၉၅၄ ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ၁၀၀ ထဲမှာ အဆင့် ၁၉ နေရာကလိုက်နေတဲ့ ‘ကမ်းနားပိုင်းမှာ’ On The Waterfront ဆိုတဲ့ ဇာတ်ကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီး ‘ဘယ်ရီ’ က ‘တယ်ရီ’ လို့ခေါ်တဲ့ ဆိပ်ကမ်း လုပ်သားတစ်ယောက်ကို ပြောသွားခဲ့တဲ့ စကားပဲ ဖြစ်ပါတယ်။ လောကမှာ အမှန်တရားဘက်က ရပ်တည်ဖို့ ငါ့မှာလည်း တာဝန် ရှိပါလားလို့ ထင်ကြတဲ့ သူတွေရှိပေမယ့် တကယ်တမ်းကျတော့ ဒီလိုလူမျိုးတွေဟာ အရေအတွက်အားဖြင့် သိပ်မများလှတဲ့ အကြောင်း၊ အဲဒီလို လူတွေရဲ့လုပ်ရပ်တွေဟာ အင်မတန်မှ ဂုဏ်ယူ လေးစားထိုက်တဲ့ အကြောင်းတွေကို ဖော်ညွှန်းချင်လို့ ဒီဇာတ်ကားကို ရိုက်ကူး တင်ဆက် ခဲ့ကြတာလို့ ဆိုပါတယ်။ ရည်ရွယ်ခဲ့တဲ့အတိုင်းလည်း ဒီအကြောင်းတွေကို ကွက်ကွက်ကွင်းကွင်း သိမြင်လာအောင် ရိုက်ပြနိုင်လို့ ဒီဇာတ်ကားဟာ အကောင်းဆုံး ဇာတ်ကား၊ အဓိက အမျိုးသား ဇာတ်ဆောင်နဲ့ အမျိုးသမီး ဇာတ်ပို့ဆု အပါအဝင် အော်စကာဆု ရှစ်ဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ်မှာ ‘ဟိုဘိုကန်’ Hoboken ဆိုတဲ့ ဆိပ်ကမ်း မြို့လေး တစ်မြို့ ရှိပါတယ်။ အဲဒီမြို့ရဲ့ ကမ်းနားလမ်းမှာ မာဖီးယား ဂိုဏ်းက ကျောထောက်နောက်ခံ ပေးထားတဲ့ အသင်းတစ်သင်း ရှိပါတယ်။ အဲဒီအသင်းဟာ ဆိပ်ကမ်းလုပ်သားတွေကို တရားမဝင် အုပ်ချုပ်နေပြီး အသင်းရဲ့ခေါင်းဆောင်ကတော့ ‘ဂျွန်နီ’ ဆိုသူဖြစ်ပါတယ်။ဂျွန်နီဟာ ဆိပ်ကမ်းမှာရှိတဲ့ ကုန်တင်ကုန်ချ အလုပ်သမားတွေကို အကြောက်တရားနဲ့ အနိုင်ကျင့် အုပ်ချုပ်ပြီး ဆင်းရဲနွမ်းပါးတဲ့ အလုပ်သမားတွေဆီက အသင်းအတွက် ပုံမှန် ဆက်ကြေးငွေတွေကို ကောက်ခံလေ့ရှိပါတယ်။ဒီလိုမှ ဆက်ကြေး မပေးနိုင်ဘူးဆိုရင်တော့ အဲဒီအလုပ်သမားဟာ နောက်တစ်နေ့မနက်မှာ အလုပ်ဆင်းလို့ မရတော့ပါဘူး။ အဲဒီလို ကောက်ခံလို့ ရတဲ့ငွေကလည်း တစ်နှစ် တစ်နှစ်ကို ဒေါ်လာ ခုနစ်သောင်း နီးပါးလောက် ရှိပါတယ်။ ဂျွန်နီတို့ အဖွဲ့ကတော့ အသင်း ရေရှည် တည်တံ့အောင်နဲ့ တရားဝင်လည်း ဖြစ်အောင် အာဏာပိုင် အဖွဲ့အစည်းတွေကို ငွေပေးရတဲ့အတွက် အခုလို အလုပ်သမားတွေဆီက ငွေကောက်ခံ ရတာပါလို့ အမြဲပဲ ဝါဒ ဖြန့်လေ့ရှိပါတယ်။ ဒီလို လုပ်ရပ်မျိုးအပြင် ဂျွန်နီဟာ လူတွေအများကြီးကို သတ်ထားတာကိုလည်း ဆိပ်ကမ်း မှုခင်း ပပျောက်ရေး ကော်မရှင်အဖွဲ့က တာဝန်ရှိသူတွေ အားလုံးက သိထားကြပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ရဲစခန်းကိုလာပြီး မတိုင်ကြလို့ ဘာမှ လုပ်လို့မရ ဖြစ်နေပါတယ်။ ဒီကိစ္စကို အသိဆုံးသူတွေဟာ ဆိပ်ကမ်း အလုပ်သမားတွေ ကိုယ်တိုင် ဖြစ်နေကြပေမယ့် အကုန်လုံးက အကြောက်လွန်ပြီး ဆွ့ံ့အ နားမကြားတဲ့ ပုံစံမျိုး လုပ်နေကြလို့  ရဲကလည်း ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့ပါဘူး။ အမှန်တွေကို သက်သေထွက်ဆို လိုက်လို့ အသတ်ခံရမှာ၊ မိသားစု ဘဝပျက်သွားမှာနဲ့စာရင် ဒီလိုပဲ ဂျွန်နီတို့အဖွဲ့ကို ပူဇော်ပသပြီး မဝရေစာကို စားနေရတာကမှ တော်သေးတယ်လို့ ခံယူပြီး ရိုရိုကျိုးကျိုးလေး နေနေကြတာပဲ ဖြစ်ပါတယ်။
အဓိကဇာတ်ဆောင် တယ်ရီ Marlon Brando ဟာလည်း အဲဒီဆိပ်ကမ်းက ကုန်တင်ကုန်ချ အလုပ်သမား တစ်ယောက်ပါပဲ။ တယ်ရီရဲ့အစ်ကိုအရင်းဖြစ်တ ‘ချာလီ’ Rod Steiger ကတော့ လူဆိုးခေါင်းဆောင် ဂျွန်နီ ရဲ့ ညာလက်ရုံး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်တုန်းကတော့ တယ်ရီဟာ အလွန် ထူးချွန်တဲ့ လက်ဝှေ့သမား တစ်ယောက် ဖြစ်ခဲ့ပါတယ်။ လက်ဝှေ့ ပြိုင်ပွဲတစ်ခုမှာ တယ်ရီဟာ သူ့ရဲ့ ပြိုင်ဖက်ကို အလွယ်တကူ အနိုင်ယူနိုင်တဲ့ အခြေအနေရှိပြီး အဲဒီပွဲနိုင်ရင် တယ်ရီဟာ နာမည်ကြီးသွားပြီး ငွေကြေးပြည့်စုံတဲ့ နာမည်ကျော် ကြေးစား လက်ဝှေ့သမား တစ်ယောက် ဖြစ်သွားဖို့လည်း သေချာနေပါတယ်။ ဒါပေမဲ့ လက်ဝှေ့ပြိုင်ပွဲ မစခင် အချိန်လေးမှာ ချာလီရောက်လာပြီး’မင်းဒီပွဲကို အနိုင်မထိုးနဲ့၊ ငါ့ဆရာ ဂျွန်နီက မင်းရဲ့ပြိုင်ဘက်ဘက်က ငွေတွေ အများကြီး လောင်းထားတယ်၊ ဒါ့ကြောင့် မင်း အရှုံးပေးလိုက်’လို့ လာပြောပါတယ်။ ဒါ့ကြောင့် အစ်ကို့မျက်နှာကို ထောက်ပြီး အဲဒီပြိုင်ပွဲကို တယ်ရီ အနိုင်မထိုးဘဲ အရှုံးခံလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး တယ်ရီဟာ ဘဝရဲ့တန်ဖိုးကြီးမားလှတဲ့ မျှော်မှန်းချက်တွေ ဆုံးရှုံး ပျောက်ကွယ်သွားပြီး သာမန် မထင်မရှားတဲ့ ဘဝနဲ့ပဲ လက်ဝှေ့ လောကကနေ အနားယူ သွားခဲ့ရတာပါ။
တယ်ရီဟာ အဲဒီဆိပ်ကမ်းက လူချစ်လူခင်များပြီး ဖြောင့်မတ်တဲ့ ‘ဂျိုးအီ’ဆိုသူ ဘဝတူ ဆိပ်ကမ်း အလုပ်သမား တစ်ယောက်ရဲ့ ညီမဖြစ်တ ‘အီးဒီ’ Eva Marie Saint ဆိုတဲ့ ကလေးမလေးနဲ့ မေတ္တာ သက်ဝင် ချစ်ခင်နေ ပါတယ်။ ဂျိုးအီဟာ ဂျွန်နီရဲ့လျှို့ဝှက်ချက်တွေကို ရဲစခန်းမှာ တိတ်တဆိတ် ဖွင့်ချဖို့ စီစဉ်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် ဂျွန်နီတို့အဖွဲ့က ဂျိုးအီကို တိုက်ခေါင်မိုးပေါ်ကနေ တွန်းချလိုက်ကြလို့ ဂျိုးအီ ကွယ်လွန်သွားပါတယ်။ ဒီကိစ္စမှာ တာဝန် မကင်းသလိုဖြစ်ခဲ့တဲ့ တယ်ရီလည်း တော်တော် တုန်လှုပ်သွားပါတယ်။
တယ်ရီတို့ အလုပ်လုပ်ကြတဲ့ ဆိပ်ကမ်းမှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ရှိပြီး ဘုန်းတော်ကြီးကတော့ ဖာသာဘယ်ရီ ဖြစ်ပါတယ်။ ဆိပ်ကမ်း အလုပ်သမားတွေ အကြောက်လွန်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖာသာဘယ်ရီကတော့ ဘယ်လိုမှ ဘဝင် မကျနိုင်ပါဘူး။ ဒါကြောင့်လည်း ‘မင်းတို့ အဖြစ်မှန်ကို ထွက်ဆိုကြပါ။ အဲဒီလိုမှ မထွက်ဆိုရဲကြဘူးဆိုရင်တော့ မင်းတို့တစ်တွေ တစ်ယောက်ပြီးတစ်ယောက်  ဂျိုးအီနောက်ကို လိုက်ကြရမှာပဲ။ အမှန်တရားကို မထုတ်ဖော်ရဲတာဟာ တရားတော်နဲ့ကြည့်ရင်လည်း ကြီးစွာသော အပြစ်ဖြစ်တယ်’လို့ ဆိုပြီး အမျိုးမျိုး ဖျောင်းဖျ တရားပြ နားချပေမယ့် ဆိပ်ကမ်း အလုပ်သမား တွေကတော့ ဘယ်လိုမှ သက်သေ မထွက်ရဲကြပါဘူး။ ဂျိုးအီ သေသွားတာ ငါ့စနက် မကင်းဘူးလို့ ထင်ထားတဲ့ တယ်ရီတောင်မှ နောင်တသာ ရမိပေမယ့် သူလည်းပဲ ဆွံ့အ နားကြားအသင်းကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ ဆိပ်ကမ်း အလုပ်သမားတွေထဲက ‘ကေယို’ဆိုတဲ့ လူစွမ်းကောင်းတစ်ယောက် ပေါ်ထွက် လာပြန်ပါတယ်။ သူကတော့ ဂျွန်နီရဲ့အကြောင်းတွေကို ဆိပ်ကမ်း ရဲစခန်းရုံးမှာ သူသိသလောက် တိတ်တဆိတ် သတင်းပို့ နေသူဖြစ်ပါတယ်။ ဒီအကြောင်းကိုသိသွားတဲ့ ဂျွန်နီတို့ အဖွဲ့ဟာ ကေယို့ ကိုယ်ပေါ်ကို သင်္ဘောပေါ်မှာရှိတဲ့ ဝန်ချီစက်နဲ့ ချီမနေတဲ့ ဝီစကီ သေတ္တာတွေ မတော်တဆ ပြုတ်ကျသွားလေဟန် လုပ်ပြီး ကေယို့ကို ဇီဝိန် ချွေလိုက်ကြပါတယ်။
ဒါပေမဲ့ ဂျွန်နီဟာ ရတက် မအေးနိုင်သေးလို့ တယ်ရီကိုပါ ဆက်ပြီး လုပ်ကြံဖို့ စဉ်းစားလာပါတော့တယ်။ ဂျွန်နီဟာ လုပ်ကြံဖို့ မစီစဉ်ခင် တယ်ရီရဲ့အစ်ကို ချာလီနဲ့အရင် ညှိနှိုင်းပါတယ်။ ချာလီ့ကိုခေါ်ပြီး ညီဖြစ်သူ တယ်ရီကို ရဲစခန်း သွားမတိုင်ဖို့ မရရအောင် ညှိပေး၊ မညှိနိုင်ရင်တော့ ချာလီ့ အသက်ကိုလည်း ချမ်းသာ မပေးဘူးလို့ ပြောပါတယ်။ ချာလီလည်း မတတ်သာတဲ့အဆုံး ညီဖြစ်သူ တယ်ရီ့ဆီကိုသွားပြီး ဖျောင်းဖျရပါတယ်။ ဖျောင်းဖျလို့ မရတဲ့အဆုံး တယ်ရီ့ကို ခြောက်လုံးပြူးနဲ့ ချိန်ပြီး ခြိမ်းခြောက်ပါတယ်။ အဲဒီအခါမှာ တယ်ရီက ‘‘အစ်ကို စဉ်းစားကြည့်ပါ၊ အစ်ကို့အတွက် ကျွန်တော့်ဘဝကို အရင်တစ်ခါက စတေး ပေးခဲ့ပြီးပြီပဲ။ အခု ကျွန်တော် အစ်ကို့အတွက် နောက်ထပ် ဘာလုပ်ပေးဖို့ လိုသေးလို့လဲ၊ လိုတယ်ဆိုရင်လည်း လုပ်ပေးပါ့မယ်၊ အစ်ကို့ သေနတ်ကြီးကို ဘေးဖယ်ထားလိုက်စမ်းပါ’လို့ သနားစဖွယ် ပြောခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချာလီက သူ့ခြောက်လုံးပြူး သေနတ်ကို ညီဖြစ်သူ တယ်ရီ့ကို ပေးပြီး လွတ်ရာကျွတ်ရာကို အမြန်ဆုံး ထွက်ပြေးဖို့ ပြောလိုက်ပါတယ်။
ဒီလိုနဲ့ မကြာခင်မှာ ချာလီ အသတ်ခံရပြီး ချာလီရဲ့အလောင်းကို နောက်ဖေး လမ်းကြားထဲက တိုက်နံရံမှာ ချိတ်နဲ့ ချိတ်ဆွဲထားတာကို တယ်ရီ တွေ့လိုက်ရပါတယ်။ ဒါ့ကြောင့် တယ်ရီလည်း ဂျွန်နီ့ကို ပစ်သတ်ပြီး လက်စားချေဖို့ အစီစဉ် ဆွဲပါတော့တယ်။ ဒါကို သိသွားတဲ့ ဘုန်းတော်ကြီးဘယ်ရီက မင်းသူ့ကို အခုလို ထိပ်တိုက် ရင်ဆိုင်မယ်ဆိုရင် မှားသွားမှာပေါ့၊ တရားဥပဒေနဲ့အညီ ရုံးတော်မှာ အမှန်အတိုင်း ထွက်ဆိုပြီး ဆိပ်ကမ်း အလုပ်သမားတွေ အားလုံးကို ကယ်တင် လိုက်စမ်းပါ။ အမှန်တရားဘက်မှာ ဘုရားသခင် ရှိတယ်။ ဒီသေနတ်ကြီးကို အသုံးမချချင်းစမ်းပါနဲ့။ သေနတ်ကိုင်တဲ့အလုပ်က သတ္တိမရှိတဲ့ လူတွေရဲ့အလုပ်ပါကွာ’လို့ ဖျောင်းဖျပါတယ်။ ဒါကြောင့် တယ်ရီဟာ ရုံးတော်မှာ ဂျွန်နီ့အကြောင်းတွေကို အကုန်ဖွင့်ချလိုက်လို့ ဂျွန်နီရဲ့ သရုပ်မှန်တွေဟာ နောက်တစ်နေ့မနက် သတင်းစာ မျက်နှာဖုံးမှာ ပါလာပါတော့တယ်။ တရားရုံးက အထွက်မှာ ဂျွန်နီက တယ်ရီ့ကို ‘‘မင်းဟာ ကိုယ့်သေတွင်း ကိုယ်တူးတဲ့ကောင်ပဲ၊ ဘယ် ဆိပ်ကမ်းမှာမှ မင်း အလုပ်မရစေရဘူး’လို့ ကြုံးဝါးသွားပါတယ်။ တကယ်ပါပဲ နောက်တစ်နေ့ ဆိပ်ကမ်းကို အလုပ်ဝင်ကြတဲ့အခါ ကျန်တဲ့လူတွေအားလုံး လုပ်ငန်းခွင်ဝင်ခွင့် ရသွားကြပေမယ့် တယ်ရီတစ်ယောက်ပဲ အလုပ်လက်မဲ့ဖြစ်ပြီး ကျန်ခဲ့တာကို တွေ့ကြရပါတယ်။ အဲဒီအခါမှာ တယ်ရီက ဆိပ်ကမ်း အလုပ်ခွင်ရဲ့အပြင်ဘက်မှာ ဂျွန်နီ့ကို အော် ဟစ်ပြီး စိန်ခေါ်လိုက်ပါတယ်။ အဲဒီနောက် တယ်ရီနဲ့ ဂျွန်နီတို့ဟာ တစ်ယောက် တစ်ခွန်း အပြန်အလှန် စကားနိုင် လုပြောကြရာက ထွေးလုံး သတ်ပုတ်တဲ့ အဆင့်ထိ ရောက်သွားပါတယ်။ နောက်တော့ ဂျော်နီ မွေးထားတဲ့ လူမိုက်တွေ ရောက်လာပြီး တယ်ရီ့ကို ဝိုင်း ရိုက်ကြလို့ မသေရုံတမယ် မေ့မြော သွားပါ တော့တယ်။ အဲဒီအချိန်မှာပဲ ဆိပ်ကမ်း အလုပ်သမားတွေအားလုံး ဝိုင်းအုံလာပြီး ဂျွန်နီ့ကို ရေထဲ ပစ်ချ လိုက်ကြပါတော့တာပါပဲ။
နောက်တော့ တယ်ရီဟာ ဒဏ်ရာ ရနေတဲ့ကြားက ဒယိမ်းဒယိုင်နဲ့ အနိုင်နိုင်ထ လမ်းလျှောက်လာပြီး ကျန်တဲ့ ဆိပ်ကမ်း အလုပ်သမားတွေဆီကို ရောက်အောင် သွားနိုင်ခဲ့ပါတယ်။ အဲဒီအခါကျမှ ဆိပ်ကမ်း လုပ်သားတွေ အားလုံးရဲ့သတ္တိတွေ နိုးထလာကြပြီး တယ်ရီ့ကို ဂျွန်နီ့နေရာမှာ ခေါင်းဆောင်အသစ်အဖြစ် တင်မြှောက် လိုက်ကြပါတော့တယ်။ အဲဒီနောက် သူတို့အားလုံး အလုပ်ခွင်ထဲ ဝင်ရောက်သွားကြတဲ့အခါ ဆိပ်ကမ်း အလုပ်ခွင် တံခါးကြီးလည်း ပိတ်သွားပါတော့တယ်။ အဲဒီအချိန်မှာ ဂျွန်နီတစ်ယောက် ရေထဲက တက်လာပြီး မင်းတို့ငါ့အကြောင်းကို တစ်နေ့ သိစေရမယ်လို့ အော်ဟစ် ဆဲဆိုကြိမ်း မောင်းနေပေမယ့် အဖော်မဲ့ အထီးကျန်ဘဝကို ရောက်ရှိ သွားပြီဖြစ်တဲ့ သူ့ရဲ့အသံကိုတော့ ဘယ်ဆိပ်ကမ်း လုပ်သားကမှ မကြားနိုင်ကြ တော့ပါဘူး။
ဒါ့ကြောင့်မို့ အရာရာ အောင်နိုင်တဲ့ မင်္ဂလာ တစ်ပါးကို ပိုင်ဆိုင်ဖို့ဆိုတဲ့ နေရာမှာ တုတ်၊ ဓား၊ သေနတ်ဆိုတဲ့ လက်နက်တွေကို အားမကိုးဘဲ အမှန်တရားကို ကိုးကွယ် ဆည်းကပ်မှသာ ဖြစ်နိုင်မှာပါလားဆိုတာ ဒီဇာတ်ကား ကြည့်ပြီး သဘောပေါက်လိုက်ရပါတယ်။

Most Read

Most Recent