နိုင်မယ်လို့ အပိုင်တွက်နေပြီလား (၁)

နိုင်မယ်လို့ အပိုင်တွက်နေပြီလား (၁)
Published 10 October 2015
မင်းလွင် (ဆေး-၂)

အောက်တိုဘာ ၆ ရက်မှာ ပြောကြားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယို မိန့်ခွန်းမှာ စကားတစ်ခွန်းကို သတိထားမိပါတယ်။ အဲဒီ စကားကတော့ “လာမယ့် ငါးနှစ်အတွင်းမှာ မြို့နယ်၊ မြို့ပြ အုပ်ချုပ်ရေးများကို အစိုးရအုပ်ချုပ်ရေးကနေ ပြည်သူများက ရွေးချယ်ပေးတဲ့ ပြည်သူူ ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းတဲ့ Township Council ၊ City Council များအဖြစ် ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှုအစား ပြည်သူ့ အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖြည့်စွက် ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဆိုတာပါပဲ။ဒီစကားကို ကြည့်ပြီး သမ္မတ ဦးသိန်းစိန် အနေနဲ့ နောက်ထပ် ငါးနှစ် ထပ်ပြီး အုပ်ချုပ်ဖို့ ရည်မှန်းထားတာ တွေ့ရှိရပါတယ်။ ဒါဆိုရင် ဦးသိန်းစိန်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီ အနိုင်ရမယ်လို့ အပိုင်တွက်ထား သလားလို့ ထင်စရာ ရှိပါတယ်။ ဘယ်သူမဆို ပြိုင်ပွဲဝင်ရင် အနိုင်ရမယ်လို့ မျှော်လင့်တတ်ကြတာချည်းမို့ အနိုင်ရမယ် ထင်တာတော့ မဆန်းပါဘူး။ အနည်းဆုံး မျှော်လင့်ချက် ရေးရေးလေးတောင် မရှိဘဲနဲ့ ဘယ်သူမှ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်မယ်လို့ အပိုင် တွက်ထားတယ်ဆိုရင် တစ်ခုခုတော့ တစ်ခုခုပဲလို့ ထင်စရာ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာက ရွေးကောက်ပွဲအကြို စစ်တမ်းတွေ ကောက်ယူလေ့ မရှိတာမို့ ဘယ်ပါတီ အလေးသာသလဲဆိုတာ စာရင်းဇယားတွေနဲ့ မပြောနိုင်သေးပါဘူး။ မဲဆန္ဒ နယ်မြေအလိုက် ခန့်မှန်းတွက်ချက်မှု တချို့တော့ လုပ်နိုင်ပါလိမ့်မယ်။ဥပမာ အနေနဲ့ ပြောရရင် ဘောလုံးပွဲ တစ်ပွဲကို ကြိုတင် ခန့်မှန်းတဲ့အခါမှာ အသင်းတွေရဲ့ အစဉ်အလာ၊ အိမ်ကွင်း အဝေးကွင်း၊ ကစားသမား စုဖွဲ့မှု၊ နည်းပြရဲ့ ကြံရည်ဖန်ရည်နဲ့ ခံစစ် တိုက်စစ် ကစားကွက် စသဖြင့်ရနိုင်သမျှ အချက်အလက်တွေကို နှိုင်းယှဉ် စဉ်းစားပြီး ဘယ်အသင်းက နိုင်ဖို့ ပိုပြီး အလေးသာသလဲ ဆုံးဖြတ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ပွဲတချို့ရဲ့ ရလဒ်ဟာ အများစု ကြိုတင် တွေးထင်ထားတဲ့အတိုင်း ဖြစ်မလာတာ တွေ့ရမှာပါ။ခြေစွမ်းနိမ့်လွန်းတဲ့ အသင်းက ခြေစွမ်း မြင့်မားတဲ့ အသင်းကို အနိုင်ရသွားတာမျိုး ဖြစ်တတ်ပါတယ်။ နိမ့်တဲ့ အသင်းက ကြိုးစားလွန်းပြီး မြင့်တဲ့အသင်းက ပြိုင်ဘက်ကို အထင် သေးလွန်းတာမို့ မထင်မှတ်တဲ့ ရလဒ် ထွက်ပေါ်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကြို တင် ခန့်မှန်းသူတွေ ထည့်မတွက်တတ်ကြပေမယ့် အရေးအကြီးဆုံး ဖြစ်နေတဲ့ အချက်ကတော့ ဒိုင်လူကြီးပါပဲ။ ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဒါမှမဟုတ် ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် မနိုင်သင့်တဲ့ အသင်း နိုင်ပြီး မရှုံးသင့်တဲ့ အသင်း ရှုံးသွားတာမျိုးတွေ ရှိပါတယ်။ကြိုတင် ခန့်မှန်းချက်တွေနဲ့ အမှန်တကယ် တွက်ပေါ်လာတဲ့ ရလဒ် လွဲမှားသွားရတဲ့ အထဲမှာ ခန့်မှန်းသူတွေ အနေနဲ့ ဒိုင်လူကြီးကို သင်္ချာစကားနဲ့ပြောရင် ကိန်းသေအဖြစ် သတ်မှတ်ပြီး ဒိုင်လူကြီးဟာ ဒိုင်လူကြီး အလုပ်ကို လုပ်လိမ့်မယ်လို့ ထင်မိခဲ့တာက အဓိက ကျပါလိမ့်မယ်။ရွေးကောက်ပွဲမှာ ဒိုင်လူကြီးအကြောင်း ပြောရရင် တရားမျှတတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါ့မလား ဆိုတာ စဉ်းစားမိကြမှာပါ။ ဒီလိုဆိုရင် ရွေးကောက်ပွဲ မသမာမှုတွေအကြောင်း ပြောကြရမှာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ပွဲတစ်ပွဲ ဖြစ်လာဖို့ မသမာမှုတွေ ကင်းစင်မှ ဖြစ်မှာပါ။ရွေးကောက်ပွဲမသမာမှုဆိုတာရွေးကောက်ပွဲ မသမာမှု ဒါမှမဟုတ် မဲလိမ်မှုဆိုတာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ဥပဒေနဲ့ မလျော်ညီဘဲ ဝင်ရောက် စွက်ဖက်တာကို ပြောတာပါ။ မိမိတို့ လိုလားတဲ့ ကိုယ်စားလှယ်လောင်းရဲ့ မဲအရေအတွက် များအောင် ပြုလုပ်ခြင်း ဒါမှမဟုတ် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းရဲ့ မဲအရေအတွက် လျော့နည်းအောင် ပြုလုပ်ခြင်း ဒါမှမဟုတ် အဲဒီနှစ်မျိုးစလုံးကို ပြုလုပ်ခြင်းတို့နဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။ရွေးကောက်ပွဲ မသမာမှုမှာ ပါဝင်တဲ့ အချက်တွေကတော့ ဥပဒေအရ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ မသမာမှု အမျိုးမျိုးဟာ ဥပဒေနဲ့ မညီပါဘူး။ တချို့ အမျိုးအစားတွေကတော့ အထွေထွေ ဥပဒေတွေကိုပါ ချိုးဖောက်ရာ ကျပါတယ်။အထွေထွေ ဥပဒေတွေကို ချိုးဖောက်ရာကျတဲ့ ရွေးကောက်ပွဲ မသမာမှုတွေထဲမှာ စော်ကားခြင်း၊ နှောင့်ယှက် တားဆီးခြင်းနဲ့ အသရေဖျက်ခြင်းတွေ ပါဝင်ပါတယ်။ တချို့ ရွေးကောက်ပွဲ မသမာမှုတွေကတော့ တရားဥပဒေဘောင် အတွင်းမှာ ရှိပေမယ့် ကျင့်ဝတ်အရ လက်ခံနိုင်ဖွယ် မရှိခြင်း၊ ရွေးကောက်ပွဲ ဥပဒေရဲ့ သဘောတရား အပြင်ဘက်မှာ ရှိခြင်း၊ ဒီမိုကရေစီရဲ့ အခြေခံ စည်းမျဉ်းတွေကို ချိုးဖောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲ မသမာမှုတွေကို ပြုလုပ်အောင်မြင်ခဲ့ခြင်းက အာဏာသိမ်းမှု ဒါမှမဟုတ် ဒီမိုကရေစီ ခြစားမှုကို ဖြစ်စေနိုင်ပါတယ်။ မတိမ်းမယိမ်း အနေအထားနဲ့ ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲ တစ်ရပ်မှာ မသမာမှု အနည်းငယ်ကတောင် ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ရွေးကောက်ပွဲ မသမာမှုက ရလဒ်အပေါ် သက်ရောက်မှု မရှိရင်တောင်မှပဲ အရေးယူမှု မရှိရင် ဒီမိုကရေစီ စနစ်မှာ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုကို ပျက်ပြားသွားစေနိုင်ပါတယ်။ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မသမာမှု ရှိခဲ့တယ်လို့ လူအများရဲ့ သင်္ကာမကင်း ဖြစ်ခံရရင်တောင် ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်စရာ ဖြစ်စေပါတယ်။ မသမာတဲ့ ရွေးကောက်ပွဲတွေက ဒီမိုကရေစီစနစ် ယိုယွင်း ပျက်စီးခြင်းဆီ ဦးတည်သွားစေပြီး အာဏာရှင် စနစ်တစ်ရပ် ဖြစ်ပေါ်လာမယ် ဒါမှမဟုတ်ရင်လည်း အာဏာရှင်စနစ်ပဲ ဖြစ်တယ်လို့ အတည်ပြုလိုက်သလို ဖြစ်သွားမှာပါ။ရွေးကောက်ပွဲ မသမာမှုက ဒီမိုကရေစီ လုပ်ငန်းစဉ်ရဲ့ ဘယ်အဆင့်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေ ပြုလုပ်နေတုန်း၊ မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်နေတုန်းနဲ့ မဲရေတွက်နေတုန်း အချိန်တွေမှာ အဖြစ် အများဆုံးပါပဲ။ ရွေးကောက်ပွဲ မသမာမှုတွေအနက် အဓိက အမျိုးအစား နှစ်ရပ်ကတော့ (၁) မဲပေးခွင့် ရှိသူတွေကို သူတို့ရဲ့ ဆန္ဒမဲတွေ လွတ်လွတ်လပ်လပ် မပေးနိုင်အောင် ကာကွယ်ထားမှု (ဒါမှမဟုတ် လုံးလုံးမဲပေးခွင့် မရအောင် ပြုလုပ်မှု) နဲ့ (၂) ရွေးကောက်ပွဲ ရလဒ်တွေကို ပြောင်းလဲမှုတို့ ဖြစ်ပါတယ်။ရွေးကောက်ပွဲ မသမာမှု အများစုဟာ ရွေးကောက်ပွဲ မဲဆွယ် ကာလအတွင်း ဒါမှမဟုတ် ရွေးကောက်ပွဲ မဲဆွယ်ကာလ ပြီးပြီးချင်း ဖြစ်ပွားတတ်တယ်။ အဲဒီမှာ မဲပေးခြင်း လုပ်ငန်းစဉ်နဲ့ မဲရေတွက်ခြင်း လုပ်ငန်းစဉ်တွေကို စွက်ဖက် နှောင့်ယှက်ခြင်းက အဓိကအဖြစ် ပါဝင်ပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်မီ အချိန်အများကြီး ကြိုယူပြီး မဲပေးမယ့် သူတွေနဲ့ဆိုင်တဲ့ အခင်းအကျင်းတွေကို ပြောင်းလဲပစ်တာမျိုး ပြုလုပ်နိုင်ပါတယ်။ အဲဒီလို ကိစ္စတွေကို တရားမဝင်လို့ မဆိုသာ၊ ဥပဒေအရ ရွေးကောက်ပွဲ မသမာမှုလို့ မသတ်မှတ် နိုင်ပေမယ့် ဒီမိုကရေစီရဲ့ အခြေခံ စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။လူမှုပထဝီဆိုင်ရာ အချက်တွေကို ကစားမယ်မဲမသမာမှု တော်တော်များများမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဟာ သူတို့လိုချင်တဲ့ အပိုင်ရလဒ်ရအောင် မဲဆန္ဒနယ်မြေ တစ်ခုရဲ့ ဖွဲ့စည်းမှုကို တမင်တကာ ထိန်းချုပ် ကစားမှု ပြုလုပ်ပါတယ်။ ထင်ရှားတဲ့ ဥပမာ တစ်ခုကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေ အတွင်းက ကူဝိတ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီထဲက တစ်နည်းကတော့ ရွေးကောက်ပွဲ မတိုင်ခင် မဲဆန္ဒရှင်တွေ အများကြီးကို မဲဆန္ဒနယ်မြေ တစ်ခုထဲကို ထည့်ခဲ့တာပါ။ ဥပမာ တစ်ခုကတော့ လူတွေ အများကြီးကို သူတို့ တကယ် နေထိုင်တာ မဟုတ်တဲ့ နယ်မြေမှာ ကြိုပြီး ယာယီ နေရာချထားလိုက်တာပါ။နိုင်ငံ တော်တော်များများမှာတော့ ဒါမျိုးလုပ်တာကို ကာကွယ်ဖို့ မဲဆန္ဒရှင် တစ်ဦးဟာ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေမှာ အနည်းဆုံး ဘယ်လောက် (ဥပမာ-ခြောက်လ) နေထိုင်ခဲ့သူ ဖြစ်ရမယ် ဆိုတာမျိုး စည်းကမ်း ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ အဲ့ဒီလို စည်းကမ်း ပြဋ္ဌာန်းတာမျိုးကို မဲပေးနိုင်သူ အရေအတွက် လျှော့ချဖို့ တမင် အသုံးပြုတာမျိုးတွေလည်း ရှိတတ်ပါတယ်။အိမ်ခြေရာခြေမဲ့တွေ၊ ခရီးသွားတွေ၊ လှည့်လည် နေထိုင်နေသူတွေ၊ နေရပ်ကနေ အဝေးမှာ ပညာသင်နေတဲ့ ကျောင်းသားတွေနဲ့ ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေသူတွေလိုမျိုး လိပ်စာ အတည်မဖြစ်တဲ့ သူတွေကို မဲဆန္ဒရှင် စာရင်းကနေ ထုတ်ပယ်ပြီး မဲဆန္ဒရှင် အရေအတွက်ကို တမင် လျှော့ချတာမျိုး ကစားလာနိုင်ပါတယ်။နောက်နည်းဗျူဟာ တစ်ခုကတော့ ပြည်သူ့အိမ်ရာလိုမျိုး ကနေတစ်ဆင့် လူတွေအများကြီးကို မဲဆန္ဒနယ်မြေ တစ်ခုထဲကို အမြဲတမ်း နေထိုင်သူတွေအဖြစ် ထည့်သွင်းလိုက်ခြင်းပါပဲ။ ပြည်သူ့အိမ်ရာ တစ်ခုမှာ စုပေါင်းနေထိုင်သူတွေဟာ သက်ဆိုင်ရာ ပါတီတစ်ခုခုကိုပဲ ဝိုင်းပြီး မဲပေးကြလိမ့်မယ်လို့ ယူဆတဲ့အခါ သူတို့ထည့်မယ့် ပါတီကို အလိုမရှိဘူးဆိုရင် တခြားလူဦးရေ ထူထပ်တဲ့ မဲဆန္ဒနယ်မြေ တစ်ခုထဲကို ပြောင်းပေးလိုက်တဲ့အခါ သူတို့မဲတွေ အရာမရောက် ဖြစ်သွားပါလိမ့်မယ်။တကယ်လို့ သူတို့ဟာ လိုလားတဲ့ ပါတီကို မဲထည့်မယ်ဆိုရင်တော့ နိုင်ခြေ မတိမ်းမယိမ်း ရှိနေတဲ့ မဲဆန္ဒနယ်မြေ တစ်ခုကို ပြောင်းပေးလိုက်တဲ့အခါ အဲ့ဒီမှာ လိုလားတဲ့ ပါတီက အနိုင်ရသွားပါလိမ့်မယ်။ရွေးကောက်ပွဲမှာ လူမှု ပထဝီဆိုင်ရာ အချက်ကို ကိုင်တွယ်ဖို့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကိုလည်း အသုံးချ နိုင်ပါတယ်။ ဥပမာ တစ်ခုကတော့ မလေးရှားမှာ ဖြစ်ခဲ့တာပါ။ နိုင်ငံရေး ပါတီတစ်ခု လွှမ်းမိုးမှု ရရှိဖို့ ဆာဘားပြည်နယ်မှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက ရွှေ့ပြောင်း အခြေချသူတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့အတူ မဲပေးပိုင်ခွင့်ကိုပါ ပေးခဲ့တဲ့ ကိစ္စပါ။ အဲ့ဒီ အငြင်းပွားဖွယ် လုပ်ရပ်ကို Project IC လို့ ခေါ်ပါတယ်။မဲပေးခွင့် ရှိသူတွေကို ထုတ်ပယ်မယ်မဲဆန္ဒနယ်မြေ တစ်ခုရဲ့ အခင်းအကျင်းကို တချို့လူအုပ်စုတွေ မဲမပေးနိုင်အောင် ပြုလုပ်ပြီးလည်း ပြောင်းလဲနိုင်ပါတယ်။ တချို့ ဖြစ်ရပ်တွေမှာ အဲဒီနည်းကို ဥပဒေပြုတဲ့ အဆင့်မှာပဲ ပြုလုပ်ထားပါတယ်။ ဥပမာ ပြောရရင် ထောင်ထဲက အကျဉ်းသားတွေ (ဒါ့အပြင် ထောင်ကျဖူးသူတွေကိုတောင်မှ) မဲပေးခွင့် မရအောင် ပိတ်ပင်ထားတာမျိုး လုပ်နိုင်ပါတယ်။မကြာသေးမီကမှ ရွှေ့ပြောင်းလာသူတွေ၊ တချို့ လူမျိုးစုတွေနဲ့ တချို့ဘာသာဝင်တွေကို မဲပေးခွင့် မရအောင် ကန့်သတ်ထားနိုင်ပါတယ်။ ဒါ့အပြင် တချို့လူအုပ်စုတွေ လုပ်နိုင်ဖွယ် မရှိတဲ့ စာတတ်မြောက်မှုဆိုင်ရာနဲ့ တခြားကိစ္စတွေနဲ့ဆိုင်တဲ့ စမ်းသပ်မှုတွေကို မဲပေးတဲ့ လုပ်ငန်းစဉ်မှာ တမင် ထည့်သွင်းထားခြင်းတွေလည်း လုပ်တတ်ပါသေးတယ်။ဒါတွေကို ဥပဒေပြု အမတ်တွေက ပြဋ္ဌာန်းလိုက်တဲ့အခါ ရွေးကောက်ပွဲ မသမာမှုလို့ ခေါ်ဆိုလို့ မရတော့ပါဘူး။ ဒါပေမဲ့ ဒါမျိုးက ဒီမိုကရေစီစနစ်ရဲ့ ရည်ရွယ်ချက်တွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် လူအုပ်စု တစ်စုဟာ မလိုလားတဲ့ ပါတီကို မဲပေးမယ်လို့ ယူဆရင် ဒီလို ထုတ်ပယ်ခြင်းတွေ လုပ်တတ်ပါတယ်။တချို့ ဖြစ်ရပ်တွေမှာတော့ မဲပေးခွင့် ရှိသူတွေဟာ ဥပဒေနဲ့ မညီဘဲ မဲဆန္ဒရှင် စာရင်းကနေ ချန်လှပ်ထားခြင်း ခံရပါတယ်။ ဒါမျိုးကတော့ တရားဝင် ရွေးကောက်ပွဲ မသမာမှုပါပဲ။ ဥပမာအနေနဲ့ မဲပေးခွင့်ရှိသူ တစ်ဦးဟာ မတော်တဆ မဲဆန္ဒရှင် စာရင်းကနေ ကျန်ခဲ့တာမျိုး၊ မဲပေးခွင့်ရှိသူ တစ်ယောက်ကို မဲမပေးနိုင်အောင် ဒါမှမဟုတ် မဲပေးဖို့ ခက်ခဲသွားအောင် ပြုလုပ်တာမျိုးတွေပါ။ခြစားတဲ့ ရွေးကောက်ပွဲ ကော်မရှင် အာဏာပိုင်တစ်ဦးဟာ မဲပေးမှုနဲ့ဆိုင်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို တလွဲအသုံးပြုပြီး မဲပေးခွင့်ရှိသူ တစ်ဦးကို မဲပေးဖို့ မဖြစ်နိုင်အောင် ဒါမှမဟုတ် ခက်ခဲသွားအောင် ပြုလုပ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် စာတတ်မြောက်မှဖြစ်မယ့် ကိစ္စမျိုးကို မဲပေးရေး လုပ်ငန်းစဉ်မှာ ထည့်သွင်းထားတာမျိုး၊ မိမိကိုယ်မိမိ သက်သေခံဖို့ လိုအပ်ချက် ဒါမှမဟုတ် မိမိလိပ်စာကို သက်သေခံဖို့ လိုအပ်ချက်ကို ခက်ခဲအောင် ပြုလုပ်တာမျိုးတွေပါ။               ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent