ဒုက္ခသည်ပြဿနာနှင့် မာကယ်

ဒုက္ခသည်ပြဿနာနှင့် မာကယ်
Published 10 October 2015
မြတ်သစ်

ဆယ်စုနှစ် တစ်ခုနီးပါး ဝန်ကြီးချုပ် ရာထူး ရယူထားသော မာကယ်သည် ဒုက္ခသည် များအတွက် တံခါးဖွင့်ဝါဒ ကျင့်သုံးမှုကို ပြည်တွင်းက ဆန့်ကျင်မှုနှင့် ရင်ဆိုင် နေကြရသည်။ သို့သော် မာကယ်က မိမိအနေဖြင့် ဒုက္ခသည် အရေးကို ကိုင်တွယ်နိုင်သည်ဟု ဒုက္ခသည်ဆိုင်ရာ တံခါးဖွင့် မူဝါဒဘက်မှ ကာကွယ်ပြောကြားခဲ့သည်။
မာကယ်သည် ဗုဒ္ဓဟူးနေ့က ရုပ်သံ အင်တာဗျူးတွင် တည်တည်ငြိမ်ငြိမ်ဖြင့် မိမိရပ်တည်ချက်ကို ကာကွယ်ခဲ့သည်။ ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ရုပ်သံမှနေ၍ အချေအတင် ငြင်းခုံမှုသည် ပြည်သူ စိတ်ဝင်စားသည့် အကြောင်းအရာတစ်ရပ် ဖြစ်သည်။
ဥရောပတိုက်သို့ ဒုက္ခသည်များ အလုံးအရင်းနှင့် ဝင်ရောက် လာမှုသည် သမိုင်းတွင် စံချိန်တင်သည့် ဖြစ်ရပ်တစ်ခု ဖြစ်နေသည်။ လွန်ခဲ့သော ၂၅ နှစ်က ဂျာမန်နှစ်နိုင်ငံ ပေါင်းစည်းရေးကို လုပ်ဆောင်နိုင်သည့် စိတ်ဓာတ်မျိုးကို နမူနာယူပြီး ဒုက္ခသည်များကို ဘေးကင်း လုံခြုံရာ အရပ်ဒေသ တစ်ခုအဖြစ် ထားရှိရေးသည် ဥရောပတိုက်၏ စံပြ လုပ်ဆောင်ချက် တစ်ခုဖြစ်သည်။
‘ကျွန်မတို့ ထိန်းသိမ်း နိုင်စွမ်းရှိပါတယ်။ ကျွန်မ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်’ဟု မာကယ်က မန္တန် ရွတ်သလို ရွတ်ဆိုခဲ့သည်။ မာကယ်အနေဖြင့် ဒုက္ခသည်များအတွက် တံခါးဖွင့်ဝါဒ ကျင့်သုံးခြင်းသည် နိုင်ငံရေး လောင်းကစားပွဲတစ်ခု ပြုလုပ်နေခြင်းလား သို့မဟုတ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို မျှော်မှန်းနေခြင်းလား သို့မဟုတ် သူ၏ ဝန်ကြီးချုပ် ရာထူး တည်မြဲရေးအတွက် လုပ်ဆောင်နေခြင်းလား ဟူသော မေးခွန်းများနှင့် ရင်ဆိုင်နေရသည်။
ဒုက္ခသည်များ အကျပ်အတည်းက ဂျာမနီနိုင်ငံကိုလည်း များစွာ ရိုက်ခတ်လျက်ရှိသည်။ ‘နွေဦးနတ်သမီး ပုံပြင်’ ဟု အမည်ပေးထားသော လှုပ်ရှားမှုတွင် လုပ်အားပေးများသည် ကြွေးကြော်သံများ ကြွေးကြော်ကာ ဒုက္ခသည်များကို ရထားဘူတာရုံများသို့ ခေါ်ဆောင် သွားကြသည်။ သို့သော် လုပ်အားပေးများ၏ ပျော်ရွှင်မှုများသည် ရုတ်ခြည်းဆိုသလို ပျက်သုဉ်း သွားခဲ့သည်။ အကြောင်းကတော့ ဒုက္ခသည်များ ပြည့်ကျပ်နေသည့် တဲများပေါ်ရှိ ကောင်းကင်ပြင်တွင် ရာသီဥတု အပြောင်းအလဲကြောင့် မိုင်းညို့မည်းမှောင် လာခြင်းကြောင့်ဖြစ်၏။
ယခုနှစ်တွင် ဂျာမနီနိုင်ငံသို့ ဝင်ရောက်လာသည့် ဒုက္ခသည်များမှာ ရှစ်သိန်းရှိခဲ့သည်။ ဤအရေအတွက်မှာ နိုင်ငံရှိ လူဦးရေ၏ တစ်ရာခိုင်နှုန်း ရှိနေခြင်းကြောင့် ဖြစ်သည်။ ဤအတိုင်းက ဒုက္ခသည်များ ဝင်ရောက်လာမှုသည် တစ်သန်းဖိုးအထိ ရှိလာဖွယ်ဖြစ်၏။ ဒုက္ခသည်ဦးရေ လျော့နည်းဖွယ် မရှိသေး။
ဂျာမနီနိုင်ငံ၏ ရောင်းအကောင်းဆုံး သတင်းစာဖြစ်သော Build သတင်းစာ ခေါင်းကြီးတွင် ‘မာကယ်၏ အပြင်းထန်ဆုံး တိုက်ပွဲ’ ခေါင်းစဉ်ဖြင့် ‘ဒုက္ခသည် အကျပ်အတည်းသည် မာကယ်အတွက် နိုင်ငံရေး အနာဂတ် အတွက် အရေးပါသော အချက်ပင် ဖြစ်ကြောင်း’ ရေးထားသည်။ ဂျာမန်ဝန်ကြီးချုပ် မာကယ်သည် ‘တိုက်ပွဲဝင် ပုံစံဖြစ်နေသည်။ နောင် နှစ်နှစ်ဆိုလျှင် ဖက်ဒရယ် ရွေးကောက်ပွဲ ကျင်းပတော့မည်။ သူ့အနေဖြင့် ဝန်ကြီးချုပ် ရာထူး ပြန်လည် ရရှိမည်လော’ ဟူသော မေးခွန်းထုတ်ခဲ့သည်။
လက်ရှိအခြေအနေတွင် မာကယ်သည် လူကြိုက်မှုနှုန်းမှာ စတုတ္ထအဆင့်သို့ လျော့ကျသွားခဲ့သည်။ ဂျာမနီဝန်ကြီးချုပ်ဟု တင်စားခံရသော မာကယ်ကို ယူရိုဇုန် အကျပ်အတည်းနှင့် ရင်ဆိုင်စဉ်ကာလက ဂျာမနီနိုင်ငံ စီးပွားရေးကို ကောင်းမွန်စေရန် မောင်းနှင်ပေးနိုင်ခဲ့သူ ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေတွင် မာကယ်အပေါ် လူထုထောက်ခံမှု ကျဆင်းနေရသည်။
မာကယ်၏ ခရီးသည် ဒီမိုကရက်တစ် ပါတီဝင်အချို့က ဝန်ကြီးချုပ်ထံသို့ အိတ်ဖွင့် ပေးစာတစ်စောင် ရေးသား ပေးပို့ခဲ့သည်။ ယင်းအိတ်ဖွင့်ပေးစာထဲမှာ ‘လက်ရှိနယ်စပ် တံခါးဖွင့်ဝါဒသည် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့်သော်လည်းကောင်း၊ ဂျာမနီနိုင်ငံနှင့် သော်လည်းကောင်း သို့မဟုတ် ခရိယန် ဒီမိုကရက်တစ် လုပ်ငန်းများနှင့်သော် လည်းကောင်း ညီညွတ်မှု မရှိကြောင်း’ ဖော်ပြထားသည်။
ခရိယန် ဒီမိုကရက်တစ် ပါတီနှင့် ညီနောင်ပါတီဖြစ်သည့် တောင်ပိုင်း ဘာဗေးရီးယားပြည်နယ် CSU ပါတီသည် ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍ ကန့်ကွက်မှုအသံ အကျယ်ဆုံးဖြစ်သည်။ ဘာဗေးရီးယား ပြည်နယ်မှာ ဒုက္ခသည်များ အများဆုံး ဝင်ရောက်ရာ ဒေသ ဖြစ်နေသည်။
ယခင် အရှေ့ဂျာမနီဘက်ခြမ်း ဒေသတွင်လည်း ယခု ကမ္ဘာ့ဆန့်ကျင်ရေးနှင့် လူ မျိုးခြား မုန်းတီးရေး အယူအဆရှိသူများက ဒုက္ခသည်များ ဝင်ရောက်လာမှုကို ဆန့်ကျင်နေကြသည်။ ဤလှုပ်ရှားမှုကို ဂျာမနီနိုင်ငံ အတွက် အမျိုးသားရေးပါတီက ဦးဆောင် လှုပ်ရှားနေကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တနင်္လာနေ့က မာကယ်သည် ဒုက္ခသည် အရေးကို ဆောင်ရွက်ရေးအတွက် ပြည်ထဲရေးဝန်ကြီး သောမတ်ဒီမိုင်ယာအစား သူ၏ ဝန်ကြီးရုံးဌာန အကြီးအကဲဖြစ်သော မေတာအယ်မိုယာကို ခန့်အပ်ခဲ့သည်။ နောက်ပိုင်းတွင် မာကယ်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်နှင့်အတူ ဥရောပသမဂ္ဂ ပါလီမန်တွင် မိန့်ခွန်းအတူ ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဥရောပတိုက်တွင် အကြီးမားဆုံး ဒုက္ခသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရပုံများကို ပြောကြားခဲ့သည်။
ဂျာမနီ နယ်စပ်များကို ပိတ်ပင်ရန် တောင်းဆိုနေကြသူများကို ဒုက္ခသည်များ မည်မျှ ရောက်ရှိနေသနည်းဟု အတိအကျပြောရန် မာကယ်က ပြောကြားခဲ့သည်။
‘နယ်စပ်တွေ မပိတ်နိုင်ဘူး။ အကယ်၍ သံဆူးကြိုးတွေ ကာရံထားတယ်ဆိုရင် ဒုက္ခသည်တွေက တခြားနည်းလမ်း ရွေးမှာပဲ။ ဝင်မလာအောင် ဘယ်လိုမှ မတားဆီးနိုင်ပါဘူး’ဟု မာကယ်က ပြောကြားခဲ့သည်။
ကွန်ဆာဗေးတစ် Frankfurter Allgemeine Zeitung နေ့စဉ်သတင်းစာက မာကယ်၏ ရုပ်သံ ထုတ်လွှင့်မှု အစီအစဉ်ကို ‘တက်ကြွ ဖျတ်လတ်နေပေမယ့် သို့သော် သူသည် နံရံကို ကျောမှီ နေကြောင်း’ရေးသား ထားသည်။
မာကယ်သည် ရေတံခွန် တစ်ခုနှင့် တူသည်။ ယခုလောက် တက်ကြွမှုမျိုး မမြင်ရ။ အခြေအနေ မည်မျှ အခက်အခဲ ဖြစ်နေကြောင်း မာကယ် သဘောပေါက် ထားကြောင်း သတင်းစာထဲမှာ ရေးထားသည်။
ပြည်တွင်းနှင့် ပြည်ပမှ မာကယ်၏ ဒုက္ခသည်များဆိုင်ရာ မူဝါဒကို ဆန့်ကျင်နေသူ များကတော့ ဂျာမန်ကျေးရွာများအနေဖြင့် ဝင်လာမဆဲ တသဲသဲ ဖြစ်နေသူများကို မည်မျှ လက်မခံနိုင်မည်နည်း။ ဥရောပသမဂ္ဂ နိုင်ငံများ၏ နယ်စပ်များကို မည်မျှ အာမခံချက် ပေးနိုင်မည်နည်း။ ဆီးရီးယား ငြိမ်းချမ်းရေးကို မည်သို့ ဖော်ဆောင်နိုင်မည်နည်းဟူသော မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။

Most Read

Most Recent