တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးမည့် တိုင်းရင်းသား အဖွဲ့များအား မတရားအသင်း အဖြစ်မှ အောက်တိုဘာ ၁၂ ရက်တွင် ပယ်ဖျက်မည်

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးမည့် တိုင်းရင်းသား အဖွဲ့များအား မတရားအသင်း အဖြစ်မှ အောက်တိုဘာ ၁၂ ရက်တွင် ပယ်ဖျက်မည်
Published 9 October 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား မတရားအသင်း အဖြစ်မှ အောက်တိုဘာ ၁၂ ရက်တွင် ပယ်ဖျက်ပေးရန် အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပခဲ့သော အစိုးရနှင့် NCA တွင် ပါဝင်လက်မှတ်ထိုးမည်ဟု အကြောင်းပြန်ကြားထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၏ NCA လက်မှတ်ရေးထိုးပွဲ ကြိုတင်ပြင်ဆင်မှု အခမ်းအနားတွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။NCA တွင် လတ်တလော ပါဝင် လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသား အဖွဲ့အစည်းများကိုမူ မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးမည် မဟုတ်သေးကြောင်း၊ သို့ရာတွင် ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး အရေးယူရန် မရှိကြောင်း အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် ရှင်းပြခဲ့သည်ဟု UPWC ၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှ ဦးလှမောင်ရွှေက ရှင်းပြသည်။ဦးလှမောင်ရွှေက “လက်မှတ်ထိုးတဲ့ အဖွဲ့ပဲ မတရားအသင်းကနေ ပယ်ဖျက်ဖို့ရှိရင် ပယ်ဖျက်ပေးမှာ။ ပယ်ဖျက်ဖို့ မလိုဘူး ဆိုရင်လည်း သတင်းထုတ်ပြန်ပေးဆို ထုတ်ပြန်ပေးဖို့ ဒီနေ့ ညှိနှိုင်းတဲ့ အထဲမှာ ပါတယ်။ ကျန်တဲ့အဖွဲ့ကိုတော့ လက်မှတ်မထိုးသေးတဲ့အတွက် ပယ်ဖျက်ပေးဖို့ မရှိသေးဘူး။ ဒါပေမဲ့ ဝန်ကြီးဦးအောင်မင်း ရှင်းပြတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်လျှောက်လုံးမှာ လက်မှတ်ထိုးတာ မထိုးတာထက် ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ ကာလတစ်လျှောက်လုံးမှာတော့ အပြုသဘောနဲ့ ရှေ့မှာလည်း ဆောင်ရွက်ခဲ့တယ် အခုလည်း ဆောင်ရွက်နေတဲ့ ဟာကိုတော့ အရေးယူဖို့ ဆိုတာလည်း မရှိဘူး။ အရင်ကတည်းကလည်း မူဝါဒ ရှိပြီးသား ဖြစ်တဲ့အတွက် ဒီအတိုင်း ဆက်သွားမယ်” ဟု ပြောကြားသည်။အစိုးရ ကိုယ်စားလှယ်များနှင့် NCA တွင် ပါဝင်လက်မှတ်ထိုးမည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့မှ ကိုယ်စားလှယ်များသည် အောက်တိုဘာ ၁၂ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ပြင်ဆင်နေသည့် အချိန်တွင် မတရားအသင်း ဥပဒေပုဒ်မဖြင့် ဖမ်းဆီးထားသော တိုင်းရင်းသားများ ရှိနေသေးသည့်အတွက် ၎င်းတို့အား လွှတ်ပေးရန် တောင်းဆိုဆန္ဒပြမှုကို အောက်တိုဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ ဟစ်တိုင်နေရာတွင် ပြုလုပ်ခဲ့သည်။

Most Read

Most Recent