ထောက်ကြန့်မြို့ အမှတ် (၃) လမ်းမပေါ်တွင် လိုက်ထရပ်ယာဉ် ဘီးပွင့်ထွက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦး မီးလောင် ဒဏ်ရာများ ရရှိ

ထောက်ကြန့်မြို့ အမှတ် (၃) လမ်းမပေါ်တွင် လိုက်ထရပ်ယာဉ် ဘီးပွင့်ထွက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦး မီးလောင် ဒဏ်ရာများ ရရှိ
Published 7 October 2015
ကြည်နိုင်

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရွာမရပ်ကွက်ရှိ အမှတ် (၃) လမ်းမ ပေါ်တွင် လိုက်ထရပ်ယာဉ် တစ်စီး ဘီးပွင့်ထွက်ရာမှ မီးလောင်မှုတစ်ခု အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း တိုင်း မီးသတ် ဦးစီးဌာနမှ သိရသည်။
အဆိုပါ ယာဉ်မီးလောင်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦးတို့၏ ခါးနှင့် ခြေ၊ လက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း တိုင်းမီးသတ် ဦးစီးဌာနမှ သိရသည်။
စူပါ လီမွန်တီး ပါကင် အထုပ်များ တင်ဆောင်လာပြီး  ယာဉ်မောင်း ဦးသီဟအောင် မောင်းနှင်လာသော အဆိုပါ လိုက်ထရပ်ယာဉ်သည် မြောက်ဥက္ကလာပမြို့နယ်မှ မောင်းနှင်လာစဉ် ထောက်ကြန့်မြို့ အရောက်တွင် ရှေ့ ဝဲဘက်ဘီး ပွင့်ထွက်၍ ယာဉ်တိမ်းမှောက်ကာ ကားဘီးနှင့် ကတ္တရာလမ်း ပွတ်တိုက်မိပြီး မီးပွားများ ထွက်ကာ ကားဆီပိုက်လိုင်းမှ ကျသော ဓာတ်ဆီနှင့် ထိတွေ့ရာမှ တစ်ဆင့် စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရ သည်။
မီးလောင်မှုကြောင့် ဆိုဖာထိုင်ခုံ (တစ်ယောက်ထိုင်) တစ်လုံး၊ ဆိုဖာထိုင်ခုံ (နှစ်ယောက်ထိုင်)တစ်လုံး၊ ကားအတွင်းပိုင်း ပစ္စည်းများ၊ လီမွန်တီး ပါကင်ထုတ်များ၊ ယာဉ်အပြင်ပိုင်း တို့ပါ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်သို့ ထောက်ကြန့်မြို့မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ အမှတ်(၁) အမြန်လမ်း နယ်မြေ မီးသတ်စခန်းမှ တစ်စီး လာရောက် ငြှိမ်းသတ်ခဲ့ပြီး မီးလောင်ဒဏ်ရာ ရရှိသူ သုံးဦးကို လူမှုကူညီရေး အသင်း၏ လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ကာ မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent