တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်ရန် အောက်တိုဘာ ၄ ရက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ ဆွေးနွေး ညှိနှိုင်း သတ်မှတ်ထားရာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်မည့် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ဖိတ်ကြားရေးကိစ္စ ညှိနှိုင်းမှုကို အောက်တိုဘာ ၈ ရက် (ယနေ့) တွင် ရန်ကုန် မြို့ရှိ Myanmar Peace Center ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) အဖွဲ့ဝင်များအပြင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်မည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ လက်မှတ် ရေးထိုးမည့် အဖွဲ့အစည်း ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း Myanmar Peace Centerမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
Myanmar Peace Center ၌ အောက်တိုဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် အစိုးရ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ သံတမန်များ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၏ လစဉ် ကျင်းပလေ့ ရှိသည့် တွေ့ဆုံပွဲတွင် လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အစိုးရ ကိုယ်စားလှယ်များက ရှင်းပြခဲ့ပြီး သံရုံး အချို့ကို အောက်တိုဘာ ၁၅ ရက် နေပြည်တော် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် နှုတ်ဖြင့် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက”လာမယ့် ၁၅ ရက် လက်မှတ်ရေးထိုးပွဲ အစီအစဉ်အတွက် ညှိနှိုင်းတာပါ။ ဖိတ်မယ့် ပုဂ္ဂိုလ်တွေကိုတော့ ပူးတွဲကျင်းပရေး ကော်မတီကနေ ညှိနှိုင်းပြီးတော့ မနက်ဖြန်တော့ ထုတ်မှာပေါ့။ ပြင်တော့ ပြင်ဆင်ထားပြီးကုန်ပြီ”ဟု ပြောကြားသည်။
နေပြည်တော် လက်မှတ် ရေးထိုးပွဲသို့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် လတ်တလော လက်မှတ်မထိုးသေးသည့် အစိုးရ အသိအမှတ်ပြု အဖွဲ့များကိုလည်း ဖိတ်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးရာတွင် အစိုးရဘက်မှ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စသူတို့ ပါဝင် လက်မှတ်ရေးထိုး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
တစ်နိုင်ငံလုံး အပစ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်မည့် နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ဖိတ်ကြားရေးကိစ္စ ယနေ့ ညှိနှိုင်းမည်















