၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ပါတီဥက္ကဋ္ဌ တာဝန်ယူထားသူ သမ္မတ ဖြစ်လာမည်ဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး ပြောကြား

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ပါတီဥက္ကဋ္ဌ တာဝန်ယူထားသူ သမ္မတ ဖြစ်လာမည်ဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး ပြောကြား
Published 7 October 2015
ဇော်မိုးဦး(မြိတ်)

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာတွင် အောက်တိုဘာ ၅ ရက်က ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ပွဲ၌ လာမည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ပါတီဥက္ကဋ္ဌ တာဝန်ယူထားသူ သမ္မတ ဖြစ်လာမည်ဟု တနင်္သာရီ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦးက ပြောကြားသည်။တနင်္သာရီမြို့နယ် ပဝကျေးရွာ မဲဆွယ်ပွဲတွင် သာယာကုန်းရွာမှ ကိုစိုင်းဆိုသူက ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရပါက မည်သူ သမ္မတဖြစ်လာနိုင်မလဲဟု မေးမြန်းခဲ့မှုအပေါ် ဦးခင်ဇော်ဦးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ဦးခင်ဇော်ဦးက “သမ္မတ လုပ်မယ့်သူကတော့ ပါတီဥက္ကဋ္ဌပေါ့ဗျာ။ တခြားပါတီကို မေးကြည့်ပါလား သမ္မတလုပ်မယ့်လူကို ပြောနိုင်မယ့် ပါတီရှိရင် ပြပါ။ ဖြစ်နိုင်သလားလို့ မေးကြည့်။ ဖြစ်ရဲသလားလို့ မေးကြည့်။ ဘယ်သူ့မှ မရှိပါဘူး ခင်ဗျာ။ ကျွန်တော်ကတော့ ပြောပိုင်ခွင့် ရှိချင်ရှိမယ်၊ ရှိချင်မရှိဘူး။ ဒါပေမဲ့ ကျွန်တော်ပြောရဲတယ်။ ကျွန်တော်တို့ပါတီ အနိုင်ရရင် ဖြစ်လာမယ့် သမ္မတက ပါတီဥက္ကဋ္ဌပေါ့ဗျာ။ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရင်တော့ ဒီသမ္မတက ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဆိုတာ မြေကြီးလက်ခတ် မလွဲဘဲ ရှင်းရှင်းလေးပဲ” ဟု ပြောကြားသည်။လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌမှာ သမ္မတဦးသိန်းစိန် ဖြစ်သည့်အတွက် ၎င်းသည် လာမည့် ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ဦးသိန်းစိန်ကိုသာ သမ္မတအဖြစ် ရွေးချယ်သွားမည်ဟု ရည်ရွယ်ပြောကြားခြင်း ဖြစ်သည်။ဆက်လက်ပြီး ဦးခင်ဇော်ဦးက ရွေးကောက်ပွဲတွင် အခြားပါတီတစ်ခု အနိုင်ရခဲ့ပါက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တပ်မတော် စသဖြင့် သုံးဦးရှိကြောင်း၊ ဘယ်သူက ဘယ်သူ့ကို တင်မြှောက်မည်ကို မသိနိုင်ကြောင်း၊ သေချာသည်မှာ တပ်မတော်နှင့် အဆင်မပြေသည့်သူကတော့ သမ္မတဖြစ်ရန် လုံးဝမရှိကြောင်း ပြောကြားသည်။“တကယ်လို့ တခြားပါတီက အနိုင်ရလာလို့ရှိရင် ဘယ်လို ပြောနိုင်မလဲ။ ဒါကတော့ အတိအကျ မဟုတ်ဘူး။ ဖြစ်နိုင်ခြေကို ပြောတာ။ အမျိုးသားလွှတ်တော်က တစ်ယောက်၊ ပြည်သူ့လွှတ်တော်က တစ်ယောက်၊ တပ်မတော်က တစ်ယောက် ဒီသုံးယောက်ထဲမှာ တစ်ယောက်ကို ရွေးရမယ်ဆိုတော့ ပြည်သူ့လွှတ်တော်မှာ ဘယ်သူရမလဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီက အနိုင်မရဘူးလို့ ထားလိုက်ပါတော့။ နောက်တစ်ခု အမျိုးသားလွှတ်တော် အမျိုးသားလွှတ်တော်မှာကတော့ ကျွန်တော့်အထင် တိုင်းရင်းသားဖြစ်ဖို့ များတယ်။ ပြီးတော့ တပ်မတော်က တင်တဲ့တစ်ယောက် အဲဒီသုံးယောက်က ပြန်ပြီးရွေးကြမယ်။ ရွေးကြမယ်ဆိုရင် ပြည်သူ့လွှတ်တော်က ၅၁ ရာခိုင်နှုန်းရတယ် ၄၉ ကို မရဘူးလေ။ အလားတူ အမျိုးသားလွှတ်တော်တင်တဲ့ တစ်ယောက်ကလည်း ၅၁ ကိုရတယ် ၄၉ ကို သူမရဘူး။ အဲဒီတော့ ၄၉ တွေက ဘယ်သူ့ကို ပြန်ပေးကြမလဲဆိုတာ ပြောလို့မရဘူး နောက် တပ်မတော်ကတစ်ယောက် အဲဒီတော့ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ တပ်မတော်နှင့် In Line မရှိတဲ့ ပါတီကတော့ သမ္မတ မဖြစ်နိုင်ဘူး” ဟု ဦးခင်ဇော်ဦးက ပြောကြားသည်။ပဝကျေးရွာတွင် ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ပဝကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံများကိုလည်း ဖိတ်ကြားခဲ့ပြီး ပဝရွာမကျေးရွာ ဘုန်းကြီးကျောင်းတွင် ထမင်းကျွေးခြင်း၊ ဝေးလံသည့်နေရာမှ လာရောက်သူများကို ဆိုင်ကယ်ဆီဖိုး ထုတ်ပေး၍ လာရောက်သူ များပြားအောင် ဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။   

Most Read

Most Recent