ရဲတပ်သားတစ်ဦးနှင့် တည်းခိုခန်း၌ အတူတည်းခိုစဉ် မိန်းကလေး သေဆုံးသွားသည့် ဖြစ်စဉ်အား စုံ/ခုံဖွဲ့ စစ်ဆေးရန် စီစဉ်

ရဲတပ်သားတစ်ဦးနှင့် တည်းခိုခန်း၌ အတူတည်းခိုစဉ် မိန်းကလေး သေဆုံးသွားသည့် ဖြစ်စဉ်အား စုံ/ခုံဖွဲ့ စစ်ဆေးရန် စီစဉ်
Published 7 October 2015

ရဲတပ်သားတစ်ဦးနှင့် တည်းခိုခန်း တစ်ခု၌ အတူတည်းခို နေထိုင်စဉ် သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး၏ ဖြစ်စဉ်အား စုံ/ခုံဖွဲ့ စစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ လိန်ကုန်းကျေးရွာ၊ ပုလဲမြို့ နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် နေထိုင်သည့် မ..... (၂၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရည်းစားဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ခွဲမှူးရုံးတွင် တာဝန် ထမ်းဆောင်နေသည့်  ရဲတပ်သားနှင့် မင်္ဂလာဒုံမြို့နယ်ရှိ မြနဒီ တည်းခိုခန်းတွင် စက်တင်ဘာ ၄ ရက်က အတူတည်းခို နေထိုင်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ထိုသို့ တည်းခို နေထိုင်ပြီးနောက် စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် မ... (၂၀)နှစ်မှာ ဗိုက်အောင့်လာသဖြင့် ရဲတပ်သားမှ ကားငှားပြီး မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။“ဖြစ်စဉ်မှာ ပါဝင်တဲ့ ရဲတပ်သားက ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန် ထမ်းဆောင်တဲ့သူ ဖြစ်တယ်။ ကနဦး စစ်ဆေး ယူဆချက်အရတော့ ကောင်မလေးက abortion ဖြစ်ပြီး သေဆုံးသွားတယ်လို့ ယူဆရတယ်။ ဒါပေမဲ့ အလောင်းကို ဆေးရုံမှာ ရင်ခွဲစစ်ဆေး ပါလိမ့်မယ်။ ဆေးစစ်ချက် ထွက်လာရင်တော့ အဖြေကို တိတိကျကျ သိရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကိုလည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက စုံ/ခုံဖွဲ့ စစ်ဆေးဖို့ စီစဉ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါ ဖြစ်စဉ်အား မမစ (မင်္ဂလာဒုံ) သေမှုသေခင်း အမှတ်စဉ် (၃၃/၁၅) ဖြင့် အမှုဖွင့်ထားပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရန်အတွက် စုံ/ခုံဖွဲ့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent