လူတွေက အမှားလုပ်တတ်တဲ့ သတ္တဝါ ဖြစ်တယ်။ အမှားလုပ်တယ် ဆိုရာမှာ အဲဒီအမှားတွေကို ဆန်းစစ်ကြည့်ရင်-(၁)မထင်မှတ်ဘဲ မတော်တဆ မှားယွင်းမှု ဖြစ်ပွားတဲ့ အမှား၊(၂)ပညာမဲ့တဲ့အတွက် အမှားကို မှားတယ်လို့ မမြင်တော့ဘဲ ဖြစ်ပေါ်လာတဲ့ အမှား၊(၃)မူလကတည်းက မှားစေဖို့ ရည်ရွယ်ရင်းရှိရှိနဲ့ မှားအောင် ရည်ရွယ်လုပ်ဆောင်တဲ့ အမှားတွေ ဖြစ်ပါတယ်။(၁)မထင်မှတ်ဘဲ မတော်တဆ မှားယွင်းမှုဖြစ်သွားတဲ့ အမှားဒီအမှားမျိုးကတော့ အလုပ်လုပ်ရင်း မထင်မှတ်ဘဲ မတော်တဆ မှားယွင်းတဲ့ အမှားမျိုး ဖြစ်ပါတယ်။ လူတွေက ဒီလိုအမှားမျိုးကို ခွင့်လွှတ်ကြတယ်။ မီးလုံးတီထွင်မှု ပြုလုပ်ခဲ့တဲ့ “သောမတ်အယ်ဒီဆင်” ဆိုရင် သူ့ရဲ့တီထွင်မှု လုပ်ငန်းမှာ အမှားပေါင်း ၂၉၉၉ ကြိမ် မှားခဲ့ပြီး အကြိမ် ၃၀၀၀ မြောက်မှာ မီးသီးကို တီထွင်နိုင်ခဲ့တယ်လို့ ဆိုတယ်။ ဒီလိုအမှားတွေဖြစ်ရင် စိတ်ဓာတ် မကျဘဲ ဆက်လက် ကြိုးပမ်းလုပ်ဆောင်မှုရဲ့ ရလဒ်က အောင်မြင်မှု သရဖူ ဆောင်းနိုင်စေတာ ဖြစ်တယ်။“It is ironic thar many of humananity's achievement are rooted in a history of mistakes.” ဆိုတဲ့ စာသားတစ်ခုကို Harvest Business Press ကနေ ထုတ်တဲ့ “WIRED FOR THOUGHT” ဆိုတဲ့ စာအုပ်မှာ တွေ့ရတယ်။ သဘောက “လူသား အစုအဖွဲ့တွေ များစွာရဲ့ အောင်မြင်မှုတွေက အမှားတွေရဲ့ သမိုင်းတစ်ခုအတွင်းမှာ အမြစ်တွယ်ခဲ့ကြတာ ဖြစ်တယ်” ဆိုတာ ဖြစ်ပါတယ်။ အမှားတွေ လုပ်မိရင် အဲဒီအမှားတွေကနေ သင်ခန်းစာအဖြစ် ရယူပြီး အမှန်ကန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမှာ ဖြစ်တယ်။ အမှားကို အမှားအတိုင်း ဆက်ထားမယ် ဆိုရင်တော့ အဲဒီ အမှားက အမှားအဖြစ် ဆက်လက် တည်တံ့သွားမှာ ဖြစ်တယ်။မထင်မှတ်ဘဲ မှားသွားတဲ့ အမှားမှာ မသိလို့ မှားသွားတဲ့ အမှားလည်း ပါနိုင်ပါတယ်။ မှားတာကို မှားမှန်းမသိတာက အဝိဇ္ဇာ ဖုံးလွှမ်းနေလို့ ဖြစ်တယ်။ အချို့က မှားတာကို မှားမှန်းသိတယ်။ သို့ပေမယ့် မိမိ ရရှိထားတဲ့ ရာထူးနေရာ ပျောက်သွားမှာ စိုးရိမ်တဲ့အတွက် အထက်အဆင့်ဆင့်ကို မှားနေတဲ့အကြောင်း မတင်ပြရဲတာတွေလည်း ရှိနေတယ်။ အမှားတွေမှာ ကိုယ်တိုင် မှားတဲ့အမှား၊ မိမိနဲ့ ဆက်နွှယ်တဲ့ ဒုတိယလူရဲ့ လုပ်ဆောင်ချက်ကြောင့် မှားတဲ့အမှားနဲ့ မိမိနဲ့ ဆက်နွှယ်တဲ့ တတိယလူကြောင့် မှားတဲ့အမှားတွေ ဖြစ်နိုင်တယ်။ မတော်တဆ မထင်မှတ်ဘဲ ဖြစ်ပေါ်တဲ့ အမှားတွေကို လူတွေက အလွယ်တကူ ခွင့်လွှတ်နိုင်ပါတယ်။လုပ်ဆောင်မှုတွေမှာ အမှားကင်းရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ရာထူးအဆင့် နေရာတစ်ခုရရင် မိမိအထက်လူ ယုတ်စွအဆုံး နိုင်ငံအကြီးအကဲရဲ့ အပြောအဆို အလုပ်တွေ မှားယင်၊ ဥပဒေ ထုတ်ပြန်တာတွေ မှားယွင်းနေရင်သော်မှ တင်ပြရဲ ပြောရဲဆိုရဲ ရှိကြရမယ်။ သို့ပေမယ့် ရာထူးနေရာ ပျောက်သွားမှာ စိုးတဲ့အတွက် မပြောဘဲ တေမိ လုပ်သွားကြတယ်။ ဥပမာ တစ်ခုဆိုရရင် Securities ကို ငွေချေး သက်သေခံ လက်မှတ်များလို့ ဖွင့်ဆိုထားတာက ဥပဒေကြမ်းမှာကတည်းက မှားနေတယ်။ ဥပဒေ အချောထုတ်ရာမှာလည်း ဒီအတိုင်း ငွေချေးသက်သေခံ လက်မှတ်များလို့ သုံးထားပြန်တယ်။ မှားတာကို မှားမှန်းသိရင် ပြင်ပေး ကြစေလိုတယ်။(၂)ပညာမဲ့တဲ့အတွက် မှားတဲ့အမှားပညာမဲ့တိုင်း အမှားဖြစ်သလားလို့ မေးနိုင်တယ်။ ပညာမဲ့တိုင်းတော့ အမှားမဖြစ်နိုင်ဘူးလို့ ဆိုနိုင်တယ်။ လူတွေမှာ ပညာမဲ့ပေမယ့် အသိရှိရင် အမှားကို ကျော်လွှားနိုင်စေတာ ဖြစ်တယ်။ ပညာရှိသူတွေမှာလည်းအမှားတွေ ဖြစ်နိုင်တယ်။ ပညာလည်းရှိ အသိလည်း ရှိရင်တော့ ရလဒ်ကောင်းတွေ ထွက်လာစေပြီး အမှားမဖြစ်နိုင်ပါ။ပညာလည်းမဲ့ အသိလည်း မဲ့ပြီဆိုရင်တော့ ရာနှုန်းပြည့် အဝိဇ္ဇာ ဖုံးလွှမ်းသွားစေတာကြောင့် အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်သွားတတ်ကြတာ ဖြစ်တယ်။ မိမိကိုယ်တိုင် ဒါလုပ်ရင် အမှားဖြစ်မယ်ဆိုတာ မသိသူက အဝိဇ္ဇာ ဖုံးနေလို့ ဖြစ်တယ်။စာရေးသူတို့နိုင်ငံမှာ အတိတ်ကာလက အဝိဇ္ဇာ ဖုံးနေသူ တစ်ဦးကနေ အခြား အဝိဇ္ဇာ ဖုံးနေသူတစ်ဦးကို မသင်ပေးသင့်တာတွေကို သင်ပေးခဲ့တယ်။ နိုင်ငံကို ကြာရှည်အုပ်ချုပ်နိုင်စေဖို့ လူတွေက မင်းကိုကြောက်အောင်လုပ်၊ လူတွေ ဆင်းရဲအောင်လုပ်၊ လူတွေ ပညာမတတ်အောင် လုပ်ဆိုတဲ့ မလုပ်သင့် မလုပ်အပ်တာတွေ သင်ကြားပေးခဲ့ရာမှာ အဲဒီ နည်းလမ်းတွေရဲ့ အကျိုးဆက်ကို ဒီကနေ့ ခံစားနေကြရတာ ဖြစ်တယ်။ လူတွေမှာ ဆင်းလည်းဆင်းရဲ၊ ပညာလည်း မတတ်တော့ အာဏာရှိသူ ငွေရှိသူရဲ့ ခိုင်းတာ မှန်သမျှ လုပ်ပေးကြတယ်။မကြာမီ တစ်နိုင်ငံလုံး မိမိနိုင်ငံရဲ့ အနာဂတ်အတွက် နိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးကို အဝိဇ္ဇာမဖုံး အတ္တမများ ကိုယ်ကျိုးမရှာဘဲ ပရစိတ်ကို ရှေ့တန်းတင် ဆောင်ရွက်နိုင်ကြမယ့် ကိုယ်စားလှယ်တွေကို မဲပေးကြရတော့မှာ ဖြစ်တယ်။ ကာတွန်းတစ်ကွက်ကို တွေ့တော့ ပြုံးမိတယ်။“၂၀၁၀ တုန်းက ကြိုတင်မဲနဲ့ လုပ်ခဲ့တယ်။ အခုတစ်ခါ ဘာနဲ့ လုပ်ကြဦးမလဲဟင်” လို့ မေးတာကို “ပယ်မဲ” လို့ ပြလိုက်တဲ့ ကာတွန်းကို သဘောကျမိတယ်။ မိမိနိုင်ငံ တိုးတက်ဖို့ မိမိနိုင်ငံသားတွေ ဘဝအရည်အသွေး တိုးတက်လာဖို့သာ ရှေ့တန်းတင်ပေးကြပါဗျာ။ အတ္တကို ရှေ့တန်းတင်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး Protectionism ကို ရှေ့တန်းမတင်ကြပါနဲ့ဗျာ။ မိမိသေရင် မိမိနဲ့အတူ ဘာတွေ သယ်ယူသွားနိုင်ကြလို့လဲ၊ မိမိရဲ့ နာမည်ကောင်းတစ်လုံး ကျန်ရှိစေဖို့သာ လုပ်ဆောင်ပေးကြ စေလိုတယ်။မပြောခင်၊ မလုပ်ခင်မှာ မိမိပြောတာ၊ လုပ်တာ မှားသွားမလားဆိုတာ ကြိုတင်တွေးပြီးမှ လုပ်စေချင်တယ်။(၃)မူလကတည်းက မှားပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုတင်ကြံရွယ် လုပ်ဆောင်တဲ့ အမှားအဲဒီအမှားက အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ မလုပ်သင့်တာတွေကို ကြိုတင်ကြံရွယ် လုပ်ဆောင်ကြတာမျိုး ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် နိုင်ငံရေး ခေါင်းဆောင် နေရာတွေကို ရလာကြရင် မိမိနိုင်ငံ မိမိလူမျိုး အကျိုးကို ရှေ့တန်းတင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ရင်းရှိရင် ကြိုတင်ကြံရွယ်ထားတဲ့ အမှားတွေကို မလုပ်ကြတော့ပါ။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရာမှာ နိုင်ငံခေါင်းဆောင်ပိုင်း ရောက်သူတွေက လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် မိမိပိုင်ဆိုင်မှုကို မြွက်ဟ ကြေညာပေးကြရမှာ ဖြစ်တယ်။နိုင်ငံဝန်ထမ်းတွေက နိုင်ငံရေးနဲ့ ကင်းပကြရမယ်ဆိုတာ စည်းကမ်းချက် ထုတ်ထားတယ်။ နိုင်ငံဝန်ထမ်းတွေက ပါတီနိုင်ငံရေး လုပ်မယ်ဆိုရင် နိုင်ငံဝန်ထမ်း ဘဝကနေ ထွက်ပြီးမှ လုပ်ကြရမှာ ဖြစ်တယ်။ နိုင်ငံတော်က ချမှတ်ပေးတဲ့ ဘတ်ဂျက်ငွေကို ကိုယ်ကျိုးစီးပွားအတွက် အသုံးမပြုကြရဘဲ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် မိမိနိုင်ငံနဲ့ မိမိနိုင်ငံသားတွေ အကျိုးအတွက်သာ အသုံးပြု ကြရမှာ ဖြစ်တယ်။ နိုင်ငံတကာကပေးတဲ့အလှူငွေတွေကိုလည်း အလားတူ သုံးစွဲကြရမှာ ဖြစ်တယ်။မျက်မှောက်ကာလမှာ ဘယ်သူတွေက ဘယ်လို ကြိုတင်ကြံရွယ်ထားတဲ့ အမှားတွေ လုပ်မယ်ဆိုတာ လူတွေအများကြီးက သိနေကြတယ်။ မိမိနိုင်ငံသားတွေကို ငတုံးတွေလို့ မမှတ်ယူကြပါနဲ့လို့သာ ဆိုချင်တယ်။ အပြောဆင်ခြင် အလုပ်ဆင်ခြင်ကြပြီး အမှားတွေကို ရှောင်ပယ် အမှန်တွေကို ဆောင်နိုင်ကြပါစေလို့သာ ဆိုချင်ကြောင်းပါ။










