ကမ္ဘာတစ်ဝန်း နှစ်စဉ် လူပေါင်း ၂ ဒသမ ၅ ဘီလီယံခန့်သည် ဝမ်းလျှောဝမ်းပျက်ရောဂါ ခံစားလျက်ရှိရာ၊ အဓိက အကြောင်းအရင်းများက မသန့်ရှင်းသော သောက်ရေ၊ မပီပြင်သော ပတ်ဝန်းကျင်သန့်ရှင်းမှု စနစ်နှင့် မမှန်ကန်သော တစ်ကိုယ်ရေကျန်းမာရေး အမူအကျင့် ဓလေ့စရိုက်များပင် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၅ မှ ၂၇ ရက်အထိ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံတို့သည် ‘၂၀၁၅ ခုနစ်အလွန် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်’ (Post 2015 Development Agenda) ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ ကမ္ဘာကြီးကို ဖွံ့ဖြိုးတိုးတက်စေမည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ ခု ပါဝင်သည် (Sustainable Development Goals) တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် ကုန်ဆုံးတော့မည့် ထောင်စုနှစ် ရည်မှန်းချက် ပန်းတိုင်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မပြီးပြတ်ခဲ့သည့် အချက်အလက်များကို ၂၀၃၀ ပြည့်နှစ်အပြီး လာမည့် ၁၅ နှစ်အတွင်း ဆက်လက်ကြိုးပမ်း ဆောက်ရွက်ရာတွင် ကြုံတွေ့နိုင်ဖွယ်ရာ အခက်အခဲများ စိန်ခေါ်မှုများကို ကျော်လွှားဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့ကြသည်။သဘာဝပတ်ဝန်းကျင် တည်တံ့မှု၊ ကျားမရေးရာ သာတူညီမျှ အခွင့်အရေး ရရှိမှု၊ ဆင်းရဲမွဲတေမှု လျော့ပါးပပျောက်မှု အပါအဝင် ကုလသမဂ္ဂ ၂၀၁၅ ခုနှစ်လွန် ထောင်စုနှစ် ပန်းတိုင်များအရောက် အောင်မြင်စွာ ချီတက်ရာတွင် ကျန်မာရေးနှင့် ညီညွတ်သည့် သန့်ရှင်းလုံခြုံ စိတ်ချရသည့် သောက်ရေသုံးရေ လူသားတိုင်း လက်လှမ်းမီနိုင်မှုသည်လည်း အရေးပါ အရာရောက်ပေသည်။၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် (လက်ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်) ၌ ကျင်းပခဲ့သည့် “ရေနှင့် ဝမ်းပျက်ရောဂါ” (Water and diarrhoea) ပညာပေး အခမ်းအနား အစီအစဉ်တွင် အိုင်ယာလန်နိုင်ငံ Medentech Ltd. မှ Mr. Micheal Gately ၏ ပြောကြားချက်အရ ရေကောင်းရေသန့် ရရှိသုံးစွဲရေးသည် ဖွံ့ဖြိုးဆဲ နိုင်ငံများသာမက၊ ဖွံ့ဖြိုးပြီး နိုင်ငံများ အတွက်ပါ အခက်အခဲ ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံတွင် နေထိုင်သူများ၏ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်သာ အိမ်တွင်း ရေသန့်စင်စနစ် (Home Water Treatment System) ကို သုံးစွဲကြောင်း၊ အမေရိကန်နိုင်ငံ သမ္မတ နေထိုင်သည့် ဝါရှင်တန်မြို့တော်တွင်ပင် အိမ်တိုင်းစေ့ သောက်သုံးရေအား ပိုးမွှားကင်းစင်အောင် မလုပ်နိုင်သေးကြောင်း အိုင်ယာလန်နိုင်ငံ၏ စတုတ္ထအကြီးဆုံး မြို့တော်တွင်ပင် မကြာသေးမီက မသန့်သောရေကြောင့် ရောဂါကူးစက် ပျံ့နှံ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ကမ္ဘာကြီး ပူနွေးလာမှု အပါအဝင် အကြောင်းကြောင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရာမှ မြို့ပြနေ လူထုရော၊ ကျေးလက်နေ လူထုပါ ရောဂါဘယ ပေါင်းစုံနှင့် ရင်ဆိုင်လာရပေသည်။ သာဓကအားဖြင့် မြို့ကြီးပြကြီးများနှင့် ကျေးလက်တောရွာများတွင် ယခင်က ရာသီဥတု မှန်ကန်၍၊ ရေစီးရေလာ အလုံအလောက် ရှိခဲ့စဉ်က မြစ်ကြီးချောင်းကြီးများသည် အညစ်အကြေး သန့်စင် ဖယ်ရှားပေးနိုင်သည့် အကောင်းဆုံး သဘာဝသန့်စင် စက်ကြီးများသဖွယ် ရှိခဲ့သည်ဟု ပညာရှင်များက ဆိုထားသည်။ သို့ရာတွင် ရေမြောင်းများ ချို့ယွင်းလာခြင်း၊ ရာသီဥတု ပြောင်းလဲလာကာ မြစ်ကြီးချောင်းကြီးများ တိမ်ကောခန်းခြောက် သေးငယ်လာခြင်းတို့ကြောင့် လူများ၏ အညစ်အကြေးများကို သန့်စင်ပေးနိုင်စွမ်းအား နည်းလာရာ ရေမှတစ်ဆင့် ပျံ့နှံ့တတ်သည့် ကူးစက်ရောဂါများ၏ဒဏ်ကို မလွဲမသွေ ပိုခံစားလာကြရသည်ဟု Global Water Issue 2014 စာအုပ်တွင် ဖော်ပြပါရှိကြောင်း မှတ်သားခဲ့ရသည်။ အကျိုးဆက်အဖြစ် လူသန်းပေါင်းများစွာ သေကျေပျက်စီးရုံမက၊ ကျန်းမာရေးနှင့် ညီညွတ်သော ရေကောင်းရေသန့် ရရှိရန် ဆေးဝါးကုသရန် ရောဂါကာကွယ်ရန်နှင့် အညစ်အကြေးများကို သန့်စင်ဖယ်ရှားရန် ငွေကုန်ကြေးကျများသည်မှာ မျက်ဝါးထင်ထင်ပင်၊ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ကမ္ဘာတွင် ငါးနှစ်အောက် ကလေးသူငယ် ၁ ဒသမ ၅ သန်းခန့်သည် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးလျက်ရှိကြောင်း သိရသည်။ကမ္ဘာ့လူဦးရေ၏ ၁၈ ရာခိုင်နှုန်းနှင့် ညီမျှသည့် လူသန်းပေါင်း ၁၁၀၀ ခန့် သန့်ရှင်းသောရေ မရရှိကြပေ။ ဝမ်းလျှောဝမ်းပျက် ဖြစ်ရခြင်း၏ အကြောင်းရင်း အများအပြား ရှိကြရာမှာ ရေကောင်းရေသန့် မရရှိခြင်းသည်လည်း အရေးပါသည့် အကြောင်းတစ်ရပ် ဖြစ်နေပေသည်။ ကမ္ဘာအနှံ့ နှစ်စဉ် လူသန်းပေါင်း လေးထောင်ခန့်သည် ဝမ်းလျှောဝမ်းပျက် ဝေဒနာကို မိမိသက်တမ်း၌ တစ်ကြိမ်မဟုတ်တစ်ကြိမ် ခံစားရပြီး ယင်းတို့အနက် ၁ ဒသမ ၂ သန်းကျော်မှာ ရေကောင်းရေသန့် မရရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ထို ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားသူ သန်းလေးထောင်ခန့် အနက်မှ ၃ ဒသမ ၅ သန်းခန့်သည် သေကျေပျက်စီးလျက်ရှိကြောင်း မှတ်သားခံရသည်မှာ စိတ်မချမ်းမြေ့စရာပင်။ မသန့်ရှင်းသော သောက်သုံးရေကြောင့် ဖြစ်ပေါ်လျက်ရှိသော လူမှုရေး၊ စီးပွားရေး ပြဿနာများသည်လည်း၊ ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ရင်ပေါင်တန်းလျက် ရှိကြပေသည်။ ဥပမာ ကမ္ဘာအနှံ့ ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူသူ လူနာဦးရေ၏ ထက်ဝက်ခန့်သည် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကြောင့် ဖြစ်ကြောင်း ဆေးရုံတက်ရခြင်းကြောင့် အလုပ်အကိုင် ပျက်ကွက်ခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ မိသားစုဝင်ငွေ လျော့ပါးခြင်း စိတ်ဓာတ်ကျဆင်းခြင်း၊ လူထုတစ်ရပ်လုံး ဝင်ငွေထိခိုက်ခြင်း ကျောင်းတက်ပျက်ကွက်ခြင်း စသည့် လူမှုစီးပွား ပြဿနာများ ဖြစ်ပေါ်နေသကဲ့သို့၊ ကလေးငယ်များတွင် အူလမ်းကြောင်းတစ်လျှောက် အာဟာရစုပ်ယူနိုင်မှု လျော့ပါး၍ ကိုယ်ခံစွမ်းအား ကျဆင်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဖွံ့ဖြိုးမှုနှေးကွေးခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အနိဋ္ဌာရုံများလည်း အထင်အရှားပင် ဖြစ်နေသည်။ဝမ်းနှင့်ပတ်သက်သော ရောဂါပိုးများ ကင်းရှင်းပြီး သန့်ရှင်းစိတ်ချရသောရေ ရရှိရေးအတွက် အမေရိကန် တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံရုံဖြင့် အမေရိကန်ဒေါ်လာ ၆၀ ဖိုးခန့် ကုန်ကျစရိတ် သက်သာစေနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ဘောဂဗေဒ ကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ သိရသည်။၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ၄၂ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ၌ တင်သွင်းဖတ်ကြားခဲ့သည့် သုတေသနစာတမ်း တစ်ခုအရ မြို့တော် ရန်ကုန်၏ ဆင်ခြေဖုံးမြို့နယ် တစ်ခုဖြစ်သည့် မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အချို့၌ ဝမ်းနှင့်ပတ်သက်သော ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသဖြင့် သုတေသီများ အိမ်တိုင်ရာရောက် ကွင်းဆင်းသုတေသန ပြုလုပ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ သုတေသီများသည် ထိုမြို့နယ် အတွင်းရှိ ရပ်ကွက်နှစ်ခုအား ရွေးချယ်လား၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၃ ခုနှစ် သြဂုတ်အတွင်း၊ သောက်ရေတွင် ရောဂါပိုး ပါရှိမှုကို ရှာဖွေ လေ့လာခဲ့သည်။ စမ်းသပ်ခံ အိမ်ထောင်စု အများစုမှာ သောက်ရေနှင့် သုံးရေကို သီးခြား မခွဲထားဘဲ ရောနှောသိုလှောင် သုံးစွဲကြသည်ကို တွေ့ရှိခဲ့သည်။ အိမ်ထောင်စု အသီးသီး၏ သောက်ရေနမူနာများကို ရယူကာ ဆေးသုတေသန ဦးစီးဌာနရှိ ပိုးမွှားဗေဒ ဓာတ်ခွဲခန်း၌ ဓာတ်ခွဲ စမ်းသပ်ခဲ့သည်။ သောက်ရေ နမူနာ ၁၃၇ ခုကို ဓာတ်ခွဲ စမ်းသပ်ကြည့်ရာ အူလမ်းကြောင်း၌ နေလေ့ရှိသော Coliform ဘက်တီးရီးယားပိုး ၁၃၀ (၉၄ ဒသမ ၉ ရာခိုင်နှုန်း ၁၃၀/၁၃၇)၊ မစင်ထဲတွင် ရှိတတ်သော Foecal Coloform ဘက်တီးရီးယား ရောဂါပိုး ၁၂၈ (၉၃ ဒသမ ၄ ရာခိုင်နှုန်း ၁၂၈/၁၃၇) ပါရှိကြောင်း တွေ့ရှိရသည်။ ထိုထဲမှ Escherica coli ပိုး ပါရှိမှု ၄၅ ဒသမ ၃ ရာခိုင်နှုန်း ၅၈/၁၂၈ ရှိကြောင်း တွေ့ရပြန်သည်။ အထက်ဖော်ပြပါ သုတေသန ရလဒ်က အိမ်ထောင်စု အများစု၏ သောက်ရေများတွင် မစင်ရောယှက် ပါဝင်နေကြောင်း ဖော်ညွှန်းလျက် ရှိသည်။ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ၏ ထိုကဲ့သို့ လက်တွေ့ကျသည့် လေ့လာမှု ရလဒ်များသည် နောင်ပြည်သူ့ကျန်းမာရေး စီမံချက်များ ဖြည့်စွက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အထောက်အကူပြုကာ သောက်ရေနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် စိန်ခေါ်မှုများကို လျော့ပါးစေမည့် ‘သောက်ရေ သန့်ရှင်းစေမှုနှင့် ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသော အိမ်သုံးသောက်ရေ သိုလှောင်မှု အစီအစဉ်” (Intervention Program for Household Drinking Water Treatment and Safe Storage.-HWTS Strategies) အောင်မြင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုမည်ဟု ယူဆရပေသည်။ကုလသမဂ္ဂ ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင် အမှတ်စဉ် (၇) အရ၊ ရေကောင်းရေသန့် ရရှိမှုနှင့် အညစ်အကြေး စနစ်တကျ စွန့်ပစ်သိမ်းဆည်းမှု လစ်ဟင်းခြင်းကို ၂၀၁၅ ခုနှစ်တွင် ၁၉၉၀ ပြည့်နှစ် ကိန်းဂဏန်း၏ ထက်ဝက်သို့ လျှော့ချရန် လျာထားခဲ့ကြောင်း၊ ပြည်သူအများစုက သိရှိပြီး ဖြစ်သည်။ တစ်နည်းဆိုသော် ၂၀၁၅ ခုနှစ်တွင် လူသန်းပေါင်း ၇၅၀၀ အား ရေကောင်းရေသန့် ရရှိစေရန် ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် (၇)က ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုရည်မှန်းချက် ပန်းတိုင်သို့ ချီတက်ရာ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အထက်တွင် ဖော်ပြခဲ့သည့် HWTS အစီအစဉ်ကို အစပျိုး ဆောင်ရွက်ခဲ့သည်။ကာလဝမ်း ရောဂါ၊ ဝမ်းလျှောဝမ်းပျက် ရောဂါ၊ ဝမ်းကိုက် ရောဂါ၊ အူရောင်ငန်းဖျား ရောဂါ၊ သန်ကောင်ကပ်စွဲခြင်း ရောဂါ၊ အသည်းရောင်အသားဝါ ရောဂါ၊ ပိုလီယို အကြောသေ ရောဂါ စသည်များ မဖြစ်ပွားအောင် ဆောင်ရွက်ရန် လိုအပ်ပေသည်။ တစ်ကိုယ်ရည် ကျန်းမာရေး၊ လက်ဆေးခြင်း အပါအဝင် သန့်လေးသန့်၊ ပတ်ဝန်းကျင် ကျန်းမာရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ပိုးမွှားကင်းစင်ပြီး သန့်ရှင်းလုံခြုံ စိတ်ချသော သောက်ရေသုံးစွဲရေးကို အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ရင်း၊ ကုလသမဂ္ဂ၏ ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် Post 2015 Development Agenda နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို ကြိုဆိုဂုဏ်ပြုကာ၊ ကမ္ဘာသူ ကမ္ဘာသားများနှင့် အတူ မြန်မာနိုင်ငံသားများသည်လည်း ၂၀၃၀ ပြည့်နှစ် မတိုင်ခင်ပင် ရေကြည်တစ်ပေါက်၏ အကျိုးသက်ရောက်မှုကို ဧကန်မုချ ခံစားလိုကြသည်ဟု ထင်မြင်ယူဆကြောင်း ရေးသားတင်ပြ လိုက်ပါတယ်။ကျမ်းကိုး■ 42nd Myanmar Health Research Congress Program and Abstract 4-10 Jan 2014.■ Water for Life. WHO/UNICEF, 2005.■ Meeting the MDG Drinking Water and Sanitation Target. WHO/UNICEF 2006.










